လေးမျက်နှာ၊ လဲခုံကြီး ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းဗုံးကြဲ

ဧရာ၀တီတိုင်းအတွင်းမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခု ဇူလိုင်လ ၁၅ ရက်ကနေ အောက်တိုဘာ ၃၀ ရက်နေ့ထိ စစ်တပ်ရဲ့ လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးသူ ၃၃ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၅၅ ဦးရှိခဲ့တယ်လို့ ဒေသခံ တော်လှန်ရေးတပ်တွေရဲ့ အချက်အလက်အရ သိရပါတယ်။

၆ ၊ ဒီဇင်ဘာ။

ဧရာ၀တီတိုင်း လေးမျက်နှာမြို့နယ်အတွင်းက တိုက်ပွဲဧရိယာနဲ့အလှမ်းဝေးတဲ့ လဲခုံကြီးကျေးရွာကို စစ်တပ်က မနေ့က  ဒီဇင်ဘာ ၅ ရက် နေ့လယ်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

“ဘုန်းကြီးကျောင်းမှာ ကျတယ်၊ ကျောင်းဆောင်တခုလုံးက ရစရာမရှိတော့ဘူး၊ အကုန်ပျက်သွားတယ်။ နေ့တိုင်းလို ဗုံးလာကြဲနေတော့ လူတွေတောင် သိပ်မနေရဲတော့ဘူး။ လေယာဉ်က နေ့တိုင်းလိုလို လာနေတာပါ၊ ဒီရက်ပိုင်းမှာ နေ့တိုင်းလာတယ်၊ ဂျက်တိုက်၊ ရဟတ်ယာဉ်၊ Y 12 စုံတယ်” လို့ လေးမျက်နှာမြို့နယ်မှ ဒေသခံသတင်းရင်းမြစ်တဦးက ပြောပါတယ်။

စစ်ဘေးရှောင် ဒုက္ခသည်တွေ ခိုလှုံနေထိုင်ခဲ့ကြတဲ့ လဲခုံကြီးရွာ ဘုန်းတော်ကြီးကျောင်းဆောင်ကို ဂျက်ဖိုက်တာနဲ့ ပေါင်ငါးရာ ဗုံးသုံးလုံး ကြဲချခဲ့တာဖြစ်ပြီး ငသိုင်းချောင်းအမြောက်တပ် အမတ (၃၄၄)ကနေလည်း လက်နက်ကြီးနဲ့ လှမ်းပစ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်ဟာ လေးမျက်နှာမြို့နယ်အတွင်းက အရပ်သားလူနေကျေးရွာတွေကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေတာ ဖြစ်ပါတယ်။ အခုတပတ်ကျော်အတွင်းမှာပဲ သုံးကြိမ်ရှိခဲ့ကာ အရပ်သား နှစ်ဦး သေဆုံး၊ လေးဦးဒဏ်ရာ ရခဲ့ပါတယ်။ ဒါ့အပြင် ဘာသာရေး အဆောက်အဦးအပါအဝင် အဆောက်အဦး သုံးဆယ်ဝန်းကျင် ပျက်စီးခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောထားကြပါတယ်။

လက်ရှိမှာ လေးမျက်နှာမြို့နယ် သဲနုကုန်းကျေးရွာ အနီးဝန်းကျင်မှာ စစ်တပ်နဲ့  အာရက္ခတပ်တော်(AA)ပူး ပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲတွေဖြစ်ပွားနေပြီး အမတ (၃၄၄) ဝန်းကျင်ကနေလည်း ပစ်သတ်ခံတွေ ကြားနေရတယ်လို့ နောက်ထပ်ဒေသခံသတင်းရင်းမြစ်တဦးက ပြောပါတယ်။

“အမတ ဘက်မှာရော၊ တခြားဘက်တွေမှာရော တိုက်ပွဲ ကြိုကြားကြိုကြား ရှိတယ်။ ကိုယ့်ဘက်က အားသာနေတာ တော့ ရှိတယ်၊ အသေးစိတ်တော့ ပြောလို့မရသေးဘူး” လို့ AA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တဦးက ပြောပါတယ်။

AA ပူးပေါင်းတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ နောက်ဆုံးပတ်ထဲမှာ သဲနုကုန်းကျေးရွာအနီးရှိ စစ်တပ်စခန်း နှစ်ခုကို သိမ်းပိုက်ခဲ့ပြီး အဲဒီအနီးဝန်းကျင်ရှိ နောက်ထပ် တပ်စခန်းတွေကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

အဲဒီလို တပ်စခန်းတွေ လက်လွှတ်နေရတဲ့ စစ်တပ်ဟာ တိုက်ပွဲဧရိယာနဲ့ အလှမ်းဝေးတဲ့ လူနေကျေးရွာ တွေကိုပါ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတာဖြစ်ပြီး နိုဝင်ဘာ ၃၀ ရက်နေ့ကလည်း လေးမျက်နှာ မြို့နယ် ကွင်းကြီးကျေးရွာကို လေကြောင်းကနေ ပေါင်ငါးရာ ဗုံးနှစ်လုံးကြဲချခဲ့တာကြောင့် စာသင်ကျောင်း၊ တံတား နဲ့ လူနေအိမ် ၁၂ လုံး မီးလောင်ပျက်စီးခဲ့ရပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၂၅ ရက်နေ့ကလည်း လေးမျက်နှာမြို့နယ် ဝက်ကုန်းကျေးရွာကို လေကြောင်းဗုံးကြဲခဲ့ပြီး ကိုယ် ဝန်ဆောင်အမျိုးသမီးအပါအဝင် အရပ်သားနှစ်ဦး သေဆုံးကာ လေးဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ဧရာ၀တီတိုင်းအတွင်းမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခု ဇူလိုင်လ ၁၅ ရက်ကနေ အောက်တိုဘာ ၃၀ ရက်နေ့ထိ စစ်တပ်ရဲ့ လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးသူ ၃၃ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၅၅ ဦးရှိခဲ့တယ်လို့ ဒေသခံ တော်လှန်ရေးတပ်တွေရဲ့ အချက်အလက်အရ သိရပါတယ်။

AA နဲ့ ပူးပေါင်းတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခု ဒီဇင်ဘာလအတွင်းမှာ ရိုးမအနောက်ဘက်ခြမ်း ရခိုင်ပြည်နယ် ဂွမြို့နယ်ကို အလုံးစုံ သိမ်းပိုက်ခဲ့ပြီးနောက် ရိုးမအရှေ့ဘက်ခြမ်း ဧရာ၀တီတိုင်းအတွင်းက စစ်တပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့တာပါ။

ဂွကမ်းခြေအတိုင်း ရွှေသောင်ယံကမ်းခြေထိ၊ ရိုးမအရှေ့ဘက်ခြမ်းတလျှောက်နဲ့ ပုသိမ် – မုံရွာ လမ်းဘေးတလျှောက် ရှိ စစ်တပ်စခန်းတွေကို  သိမ်းပိုက်နေခဲ့တာဖြစ်ပြီး ဂွကမ်းခြေတလျှောက်မှာတော့ ရွှေသောင်ယံအနီးက ဘောမိ၊ မကျီးဇင်ကျေးရွာတို့နဲ့ မကျီးဇင် – သာပေါင်းကြား ကျေးရွာတချို့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် ငသိုင်းချောင်း၊ မြောက်စမ်းအမြောက်တပ် အမတ(၃၄၄)အနီးဝန်းကျင်နဲ့ လေးမျက်နှာမြို့နယ် စက်စက်ယို၊ သဲနုကုန်း အနီးတ၀ိုက်တပ်ရှိ တပ်စခန်းတွေကိုလည်း AA ပူးပေါင်းတပ်က သိမ်းပိုက်ထားပါတယ်။

ရိုးမအနောက်ဘက်ခြမ်း ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၄ ခုကို အလုံးစုံသိမ်းပိုက်ထိန်းချုပ်ထားတဲ့ AA ဟာ ရိုးမ အရှေ့ဘက်ခြမ်း ဧရာ၀တီတိုင်း ၊ မကွေးတိုင်း၊ ပဲခူးတိုင်းတို့အတွင်းရှိ စစ်ကော်မရှင်တပ်စခန်းတွေကို ဒေသခံတော် လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာ ဆက်လက်တိုက်ခိုက်နေတာဖြစ်ပါတယ်။