
အီးယူအဖွဲ့ရဲ့ DSA လို့ လူသိများတဲ့ ဒီဂျစ်တယ် ဝန်ဆောင်မှုများဆိုင်ရာ ဥပဒေအရ X ကို လွန်ခဲ့တဲ့ ၂ နှစ်က စုံစမ်းစစ်ဆေးမှု စတင်ပြုလုပ်ခဲ့ပြီးနောက် အခုလို ဆုံးဖြတ်ချက် ချမှတ်လိုက်တာပါ။
၆၊ ဒီဇင်ဘာ။
ဥရောပသမဂ္ဂ (EU) စည်းမျဉ်းထိန်းသိမ်းရေး အဖွဲ့တွေက အီလွန်မတ်စ်ရဲ့ လူမှုကွန်ရက် ပလက်ဖောင်း X ကို ဒီဂျစ်တယ်စည်းမျဉ်း ချိုးဖောက်မှုနဲ့ သောကြာနေ့က ဒဏ်ငွေ ယူရို သန်း ၁၂၀ (ဒေါ်လာ သန်း ၁၄၀) ချမှတ်လိုက်ပါတယ်။
ဥရောပကော်မရှင်ဟာ နိုင်ငံပေါင်း ၂၇ နိုင်ငံပါဝင်တဲ့ အီးယူအဖွဲ့ရဲ့ DSA လို့ လူသိများတဲ့ ဒီဂျစ်တယ် ဝန်ဆောင်မှုများဆိုင်ရာ ဥပဒေအရ X ကို လွန်ခဲ့တဲ့ ၂ နှစ်က စုံစမ်းစစ်ဆေးမှု စတင်ပြုလုပ်ခဲ့ပြီးနောက် အခုလို ဆုံးဖြတ်ချက် ချမှတ်လိုက်တာပါ။
DSA ဥပဒေကို စတင်ကျင့်သုံးပြီးနောက်ပိုင်း ဥရောပသမဂ္ဂက စည်းမျဉ်းတွေကို မလိုက်နာလို့ ဆုံးဖြတ်ချက်အမိန့်ကို ပထမဆုံးအကြိမ် ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ဥပဒေအတွင်း အွန်လိုင်းပလက်ဖောင်းတွေဟာ ဥရောပက သုံးစွဲသူတွေကို ကာကွယ်ပေးဖို့ တာဝန်ယူရမယ်လို့ ဆိုထားပြီး ကိုယ့်ဝက်ဘ်ဆိုက်ပေါ်မှာ အန္တရာယ်ရှိတာတွေ၊ တရားမဝင်တဲ့ အကြောင်းအရာတွေနဲ့ ကုန်ပစ္စည်းတွေ ရှိနေရင် ရှင်းထုတ်ပေးရမယ့် တာဝန်ရှိပါတယ်။
တကယ်လို့ မလိုက်နာခဲ့ဘူးဆိုရင် ဒဏ်ငွေ အကြီးအကျယ် အရိုက်ခံရလိမ့်မယ်လို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။
X ဟာ DSA ရဲ့ ပွင့်လင်းမြင်သာမှုဆိုင်ရာ သတ်မှတ်ချက်တွေကို သုံးကြိမ်တိုင်တိုင် ချိုးဖောက်ခဲ့လို့ အခုလို အပြစ်ပေး အရေးယူရတာဖြစ်တယ်လို့ အသိပေးထားပါတယ်။
အဆိုပါ ဆုံးဖြတ်ချက်ဟာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကို ဒေါသထွက်စေနိုင်ဖွယ်ရှိပြီး ထရမ့်အစိုးရအဖွဲ့ဟာ အီးယူရဲ့ ဒီဂျစ်တယ်စည်းမျဉ်းတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ဖူးပါတယ်။
ဘရပ်ဆဲလ် (အီးယူဌာနချုပ်) ဟာ အမေရိကန် နည်းပညာကုမ္ပဏီတွေကို ပစ်မှတ်ထားနေကြောင်း စွပ်စွဲထားသလို လက်တုံ့ပြန်သွားမယ်လို့ အသိပေးဖူးပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ကော်မရှင်ရဲ့ ဒဏ်ငွေချမှတ်မှုဟာ အမေရိကန်ပြည်သူတွေကို တိုက်ခိုက်နေတာနဲ့ ဆင်တူတယ်လို့ သူ့ရဲ့ X အကောင့်မှာ ရေးသားထားပါတယ်။
အီလွန်မတ်စ်ကလည်း ရူဘီယိုရဲ့ သဘောထားမှတ်ချက်ကို ထောက်ခံခဲ့ပါတယ်။
“ဥရောပကော်မရှင်ရဲ့ ဒေါ်လာ သန်း ၁၄၀ ဒဏ်ငွေဟာ X ကို တိုက်ခိုက်တာ သက်သက်မဟုတ်ပါဘူး။ ဒါဟာ ပြည်ပအစိုးရတွေက အမေရိကန် နည်းပညာ ပလက်ဖောင်းတွေအားလုံးနဲ့ အမေရိကန်ပြည်သူတွေကို တိုက်ခိုက်လိုက်တာပါပဲ”လို့ ရူဘီယိုက ရေးသားထားပါတယ်။
ကော်မရှင်ရဲ့ တာဝန်ရှိသူတွေကတော့ အဆိုပါ စည်းမျဉ်းတွေဟာ နည်းပညာကုမ္ပဏီကြီးတွေကို ပစ်မှတ်ထားတဲ့ ရည်ရွယ်မရှိဘူးလို့ ဆိုပါတယ်။
X ရဲ့ အမှန်ခြစ်နဲ့ အမှတ်သားတွေဟာ အီလွန်မတ်စ် မဝယ်ခင် Twitter လို့ လူသိများခဲ့တဲ့ ကာလတွေက တရားဝင်အကောင့်ဖြစ်ကြောင်း အတည်ပြုပေးတဲ့ အမှတ်တံဆိပ်အဖြစ် ရှိခဲ့တာပါ။
ဘီယွန်ဆေး၊ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၊ စာရေးဆရာ နေးလ်ဂေမန်းနဲ့ ရက်ပ်အဆိုတော် လေးလ် နက်စ် အိတ်စ်တို့လို ကျော်ကြားသူတွေ၊ နိုင်ငံရေးသမားတွေနဲ့ တခြား ဩဇာလွှမ်းမိုးမှုရှိတဲ့ အကောင့်ပိုင်ရှင်တွေအတွက်သာ အဓိကထားပြီး သီးသန့် သတ်မှတ်ပေးခဲ့တာပါ။
၂၀၂၂ ခုနှစ်မှာ မတ်စ်က ကုမ္ပဏီကို ဝယ်ယူပြီးနောက်ပိုင်း တစ်လကို ရှစ်ဒေါ်လာ ပေးရုံနဲ့ မည်သူမဆို အမှန်ခြစ် အမှတ်အသားကို ရရှိနိုင်တာဖြစ်ပါတယ်။
Ref – AP