ဧရာဝတီတိုင်းက မတ်ပဲခင်းတွေမှာ ဖားဥမှိုတက်တာ ဂရုစိုက်ဖို့လို

“ သူက ပဲခင်းတွေ အကုန်ပျက်ဆီးသွားတာမျိုးတော့ မဟုတ်ဘူး။ ဒါပေမယ့် ဖားဥမှို ကျပြီဆိုရင်တော့ သေချာတယ် အဲ့အခင်းက အထွက်လျော့ပြီ။ တသီးလောက်ပဲ တင်တော့တာမျိုးပေါ့ ”

၅၊ ဒီဇင်ဘာလ။

ပြီးခဲ့တဲ့ ရက်တွေက ဧရာဝတီတိုင်းမှာ အပူချိန်ကျဆင်းခဲ့ပြီး နှင်းမှုန်တွေဖြစ်ပေါ်ခဲ့တာကြောင့် ပဲစိုက်ခင်းတွေမှာ ဖားဥမှိုတက်ခြင်းကို ဂရုစိုက်ကြဖို့လိုတယ်လို့ စိုက်ပျိုးရေး ကျွမ်းကျင်သူတွေနဲ့ ပညာရှင်တွေက သတိပေးကြပါတယ်။

“ သူက နှင်းကျတာ မိုးဖွဲလေးတွေမိသွားတာမျိုးဆိုရင် ဖားဥမှိုတက်တတ်တယ်။ အများအားဖြင့် ဒီအချိန်က ပိုးသတ်ဆေး ဖြန်းတဲ့အချိန်ဆိုတော့ ပိုးသတ်ဆေးကွက်လား ဖားဥမှိုကွက်လား ဆိုတာကို မကွဲကြဘူး။ သတိမထားမိရင် ဆုံးရှုံးမှု များသွားနိုင်ပါတယ် ” လို့ ဇလွန်မြို့နယ်မှာ နေထိုင်တဲ့ ဦးဖိုးမြိုင်က ပြောပါတယ်။

သူဟာ ဇလွန်မြို့နယ်ထဲမှာ မတ်ပဲနဲ့ ပဲတီစိမ်းစိုက်ပျိုးခဲ့တာ ၁၀ နှစ်ကျော်ရှိခဲ့ပြီဖြစ်ပြီး ၂၀၁၇ ခုနှစ်က ဖားဥမှိုကြောင့် ဆုံးရှုံးမှု အနည်းငယ် ရှိခဲ့ဖူးသူဖြစ်ပါတယ်။

မတ်ပဲနဲ့ ပဲတီစိမ်း တို့မှာ ယင်ဖြူ၊ လှေးပိုး၊ ပဲပင်စည်ထိုးယင်၊ ငမြှောင်တောင်၊ ခူမွှေးရှည်၊ ပဲတောင့်ထိုးပိုး ၊အစက်အပြောက်ပါ ပဲတောင့်ထိုးပိုး ၊ပဲဖျက်ပိုးလိပ်ပြာ၊ ပဲစေ့ထိုးပိုး စတဲ့ ပိုးတွေကျရောက်တတ်လေ့ ရှိတာကြောင့် တောင်သူလယ်သမားတွေက ဒါတွေကိုသာ အဓိက အာရုံစိုက်တတ်ကြပြီး ဖားဥမှိုကျခြင်းကိုတော့ ပေါ့လျော့တတ်ကြတယ်လို့ ဦးဖိုးမြိုင်က ဆိုပါတယ်။

ဒါနဲ့ ပတ်သက်လို့ စိုက်ပျိုးရေး သုတေသန ဌာနကနေ CDM ပြုလုပ်လာသူ မစိုး (အမည်လွှဲ)က “ မတ်ပဲခင်းအများစုက ကြဲခင်းများတယ် ဒီတော့အပင်တွေထူတယ်။ ဖားဥမှိုက ပြန့်တာပွားတာမြန်တယ်။ သူက လေနဲ့အတူ ပြန့်တာကိုး။ မှိုသတ်ဆေးကို ဖြစ်တော့မှ ဖြန်းရင် မမီတော့တာများတယ်။ ဖားဥမှိုက ထွက်နူန်းလျော့တာကနေ အပင်တွေသေတာအထိ ဖြစ်စေတယ်။ ခုလိုရာသီဥတုမျိုးမှာ သတိထားရမယ့် ရောဂါတွေထဲ ပါပါတယ် ” လို့ ရှင်းပြပါတယ်။

ဖားဥမှိုရောဂါနဲ့အတူ သံချေးရောဂါကိုပါ ဂရုစိုက်သင့်ပြီး ဒီရောဂါတွေဟာ မှိုကြောင့်ဖြစ်လာရတာဖြစ်သလို ပြန့်ပွားနူန်းမြန်ဆန်တယ်လို့ ဆိုပါတယ်။

“ သူက ပဲခင်းတွေ အကုန်ပျက်ဆီးသွားတာမျိုးတော့ မဟုတ်ဘူး။ ဒါပေမယ့် ဖားဥမှို ကျပြီဆိုရင်တော့ သေချာတယ် အဲ့အခင်းက အထွက်လျော့ပြီ။ တသီးလောက်ပဲ တင်တော့တာမျိုးပေါ့ ” လို့ ဦးဖိုးမြိုင်က ပြောပါတယ်။

ဒါအပြင် ပိုးသတ်ဆေး၊ မှိုသတ်ဆေးတွေ သုံးစွဲလာတဲ့ နှစ်တွေကြာလာတဲ့အခါမှာ အရင်က အသုံးပြုတဲ့ မှိုသတ်ဆေးတွေဟာ လက်ရှိအချိန်မှာ ထိရောက်မှု ကျဆင်းလာတာကြောင့် ပဲခင်းထူထူတွေမှာ ပဲ မဟုန်(အပင်သန်ပြီး အသီးအပွင့်နည်းခြင်း)အောင်နဲ့ မှိုပိုးကျခြင်းကို အထူးဂရုစိုက်သင့်တယ်လို့ မစိုးက အကြံပြုထားပါတယ်။

ဧရာဝတီတိုင်းက တောင်သူလယ်သမားတွေဟာ ပြီးခဲ့တဲ့ မိုးစပါး အပါအဝင် ၃ နှစ်ဝန်းကျင် ဆက်တိုက် အရှုံးပေါ်နေခဲ့တာကြောင့် ယခုဆောင်းသီးနှံနဲ့ ပတ်သက်လို့လည်း စိုးရိမ်စိတ် တချို့ရှိနေကြပါတယ်။