ရုရှားသမ္မတ ပူတင် အိန္ဒိယကို နှစ်ရက်ကြာခရီးစဉ် ရောက်ရှိလာ

အိန္ဒိယအနေနဲ့ မော်စကိုဆီက ရေနံဝယ်တာ ရပ်ဖို့ အမေရိကန်ရဲ့ ဖိအားပေးမှုကို အကြီးအကျယ် ရင်ဆိုင်နေရချိန် သမ္မတပူတင် ခရီးစဉ်ထွက်ပေါ်လာခဲ့တာပါ။

၅၊ ဒီဇင်ဘာ။

ယူကရိန်းစစ်ပွဲ စတင်ပြီးနောက်ပိုင်း ရုရှားသမ္မတ ပူတင်ဟာ ပထမဆုံးအကြိမ်အဖြစ် အိန္ဒိယနိုင်ငံကို ရောက်ရှိနေပြီး ခရီးစဉ်အတွင်း တိုက်လေယာဉ်နဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်ဆိုင်ရာ သဘောတူညီချက်တွေ ရရှိဖို့ ဆွေးနွေးဖွယ်ရှိနေပါတယ်။

အိန္ဒိယအနေနဲ့ မော်စကိုဆီက ရေနံဝယ်တာ ရပ်ဖို့ အမေရိကန်ရဲ့ ဖိအားပေးမှုကို အကြီးအကျယ် ရင်ဆိုင်နေရချိန် သမ္မတပူတင် ခရီးစဉ်ထွက်ပေါ်လာခဲ့တာပါ။

ကာကွယ်ရေးနဲ့ ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေဖို့ ရည်ရွယ်တဲ့ နှစ်ရက်ကြာ အဆိုပါ ခရီးစဉ်အတွက် ရုရှားသမ္မတ ပူတင်ဟာ ကြာသပတေးနေ့ (ဒီဇင်ဘာ ၄ ရက်) က အိန္ဒိယကို ရောက်ရှိလာခဲ့ပါတယ်။

အိန္ဒိယ ဝန်ကြီးချုပ် မိုဒီဟာ ရုရှားသမ္မတ ပူတင်ကို လေဆိပ်မှာ ကောဇော်နီခင်း ကြိုဆိုပြီး‌နောက် နှစ်ဦးသား ပွေ့ဖက်နှုတ်ဆက်ကာ ကားတစီးတည်း အတူတကွ စီးနင်းလိုက်ပါသွားခဲ့ကြတာကို တွေ့ရပါတယ်။

ခရီးစဉ်မှာ ပူတင်နဲ့အတူ ကာကွယ်ရေးဝန်ကြီး အန်ဒရေ ဘယ်လော့ဆော့ဗ်လည်း လိုက်ပါလာပါတယ်။

India Today သတင်းဌာနနဲ့ အင်တာဗျူးတခုမှာ ပူတင်က သူရဲ့ မိတ်ဆွေ မိုဒီနဲ့ တွေ့ဆုံခွင့်ရတဲ့အတွက် အလွန်ဝမ်းမြောက်မိကြောင်း ပြောကြားထားပါတယ်။ “အိန္ဒိယနဲ့ ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု အတိုင်းအတာက အင်မတန်ကြီးမားပါတယ်”လို့ ဆိုထားပြီး သင်္ဘောနဲ့ လေယာဉ်ထုတ်လုပ်ရေး၊ နျူကလီးယားစွမ်းအင်နဲ့ အာကာသစူးစမ်းလေ့လာရေး လုပ်ငန်းတွေကိုလည်း ထည့်သွင်းပြောခဲ့ပါတယ်။

အိန္ဒိယဟာ မဟာဗျူဟာမြောက် ရုရှားရေနံတင်သွင်းမှုကို မှီခိုအားထားနေရသလို တဘက်မှာလည်း ကုန်သွယ်ခွန်ညှိနှိုင်းမှုတွေ ပြုလုပ်နေစဉ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ဒေါသထွက်စေမယ့် အပြုအမူမျိုး မလုပ်မိစေဖို့လည်း သတိထားနေရပါတယ်။

အိန္ဒိယဟာ သံတမန်ရေးရာ တင်းမာမှုတွေကို သတိကြီးစွာထားပြီး ကိုင်တွယ်နေရတာကြောင့် ကာကွယ်ရေးအပြင် ကုန်သွယ်ရေးကိစ္စကလည်း အဓိကဆွေးနွေးရမယ့် အကြောင်းအရာတွေ ဖြစ်လာဖွယ်ရှိနေပါတယ်။

ရုရှားရဲ့ ခေတ်မီ S-400 လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ ပိုမိုထောက်ပံ့ပေးနိုင်ရေး ဆွေးနွေးမှုတွေဟာ အစီအစဉ်ရဲ့ အရေးပါတဲ့ ကဏ္ဍမှာ ပါဝင်နေတယ်လို့ ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမီသရီ ပက်စကော့ဗ်က ဆိုပါတယ်။ ဒါ့အပြင် ရုရှားရဲ့ Su-57 တိုက်လေယာဉ်တွေကို ပူးတွဲထုတ်လုပ်ဖို့ မော်စကိုဘက်က ကမ်းလှမ်းလာနိုင်ကြောင်းလည်း အိန္ဒိယမီဒီယာတွေက ဖော်ပြထားပါတယ်။

အိန္ဒိယဟာ ကမ္ဘာ့ထိပ်တန်း လက်နက်တင်သွင်းတဲ့ နိုင်ငံတွေထဲ ပါဝင်ပြီး ရုရှားဟာ သူရဲ့ ကာလရှည်ကြာ အဓိကထောက်ပံ့သူအဖြစ် ရှိနေခဲ့တာပါ။

ဒါပေမဲ့ စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနအင်စတီကျု (SIPRI) ရဲ့ အဆိုအရ အိန္ဒိယရဲ့ လက်နက်တင်သွင်းမှုမှာ ရုရှားရဲ့ ဝေစုက ၂၀၀၉-၂၀၁၃ ကာလမှာ ၇၆ ရာခိုင်နှုန်း ရှိရာကနေ ၂၀၁၉-၂၀၂၃ ကာလမှာတော့ ၃၆ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ နယူးဒေလီဟာ ပြည်တွင်းထုတ်လုပ်မှုကို မြှင့်တင်နေပြီး တခြားရွေးချယ်စရာအဖြစ် လက်နက်တင်သွင်းသူတွေကို ရှာဖွေနေတယ်လို့ သိရပါတယ်။

Ref – AFP