လမ်းစားရိတ်တက်ပြီး ဧရာဝတီထွက် အုန်းသီးဈေးကွက် တွက်ချေမကိုက် ဖြစ်နေ

“စျေးကျတာတော့ ဟုတ်ပါတယ်၊ ပို့ခတွေ ဘာတွေ စျေးကြီးသွားတာပါ၊ အဝယ်လည်း ပါးတယ်။ ရန်ကုန်အရောက် အကြီးတွေကို ၂၂၀၀ နဲ့ ရောင်းပေးပါတယ်၊ အငယ်တွေဆို နှစ်ထောင်လောက်ပေ့ါ။

၄၊ ဒီဇင်ဘာ။

လမ်းခရီးတလျှောက် အစစ်အဆေးများတာ၊ ကားခတွေ စျေးတက်တာ၊ အဝယ်ပါးတာတို့တွေကြောင့် ဧရာ၀တီတိုင်းအတွင်းမှာ အုန်းသီးစျေးတွေ ထိုးကျနေပြီး အုန်းခြံပိုင်ရှင်တွေ တွက်ချေ မကိုက်ဖြစ်နေကြပါတယ်။

“အုန်းသီးတွေ စျေးကျသွားပြီ၊ ပီနံတလုံးကို ငါးရာ၊ အချောက တထောင်ပဲ ရှိတော့တယ်။ ပီနံဆိုတာ အပေါ်က အခွံ့ကို ခွာပြီးတော့ အထဲက တထပ်နဲ့ ထားတဲ့ဟာ။ မြို့ကို တင်တဲ့ အချောက တထောင်ပေ့ါ။ ၁၁ လပိုင်း လောက် ကတည်းက စျေးကျနေတာ။ အထက်မှာ လမ်းပန်းဆက်သွယ်ရေးတွေ မကောင်းလို့ကျတာ ပြောတယ်” လို့ ဖျာပုံမြို့နယ်၊ အမာမြို့မှ အုန်းသီးခင်းပိုင်ရှင် အမျိုးသမီးတဦးက ပြောပါတယ်။

အုန်းသီးအဓိကထွက်တဲ့ ဖျာပုံ၊ ပုသိမ်၊ ငရုတ်ကောင်းမြို့နယ်တွေ အတွင်းမှာ အရင်က အုန်းသီးတလုံးကို ကျပ် ၂၃၀၀ ကနေ ကျပ် ၃၀၀၀ လောက်ထိ ရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ နိုဝင်ဘာလလယ်ပိုင်းလောက်ကတည်းက စျေးတွေ ပြန်ကျသွားခဲ့တာ ဖြစ်တယ်လို့ အုန်းခင်ပိုင်ရှင်တွေနဲ့ ဝယ်ရောင်းလုပ်နေသူတွေက ပြောကြပါတယ်။

ဧရာ၀တီတိုင်းအတွင်းက အုန်းသီးတွေကို ရန်ကုန်၊ မန္တလေးစတဲ့မြို့ကြီးတွေဆီ တင်ပို့ရောင်းချကြတာဖြစ်ပြီး အခုအခါ လမ်းခရီးတလျှောက် ကားတန်ဆာ စရိတ်ကြီးတာအပြင် စစ်ဆေးရေးဂိတ်တွေမှာလည်း ဂိတ်ကြေးပိုပေး နေကြရတာ၊ အဝယ်ပါးတာတွေ စတဲ့အခက်အခဲတွေ ရင်ဆိုင်နေကြရတာပါ။

“ပွဲစားတွေမှာ စရိတ်ပိုပေါက်တော့ အခင်းပိုင်ရှင်တွေ ခံရတာ၊ လုပ်အားခတွေနဲ့ မကိုက်ဘူး။ အရင်တုန်းကတော့ အုန်းသီးတရာဆိုရင်ပဲ မနည်းရတယ်လေ။ အခု ဘယ်ရတော့မလဲ၊ အခင်းရှင်တွေပဲ နစ်နာတာ၊ အခင်းငယ်သမား တွေ ပိုထိတာပေ့ါ” လို့ ဖျာပုံမြို့နယ်မှ နောက်ထပ်အုန်းသီးခင်းရှင်ပိုင်ရှင်တဦးက ပြောပါတယ်။

အုန်းခင်းပိုင်ရှင်တွေမှာ အုန်းသီးတလုံးအတွက် ခူးဆွတ်ခ ကျပ်တရာ၊ အခွံခွာခ ကျပ်ငါးဆယ်ကနေ ကျပ်တရာထိ ပေးကြရတယ်လို့ သိရပါတယ်။

အုန်းခင်းပိုင်ရှင်တွေမှာ အုန်းသီးတွေကို လျော့စျေးနဲ့ ရောင်းနေကြရပေမယ့် ဝယ်၊ရောင်း လုပ်နေသူတွေ ကတော့ အုန်းသီးအကြီးတလုံးကို ရန်ကုန်အရောက် ကျပ်နှစ်ထောင်၊ နှစ်ထောင်ကျော် လောက်ထိ စျေးတင် ရောင်းနေကြတယ်လို့ ဆိုပါတယ်။

“စျေးကျတာတော့ ဟုတ်ပါတယ်၊ ပို့ခတွေ ဘာတွေ စျေးကြီးသွားတာပါ၊ အဝယ်လည်း ပါးတယ်။ ရန်ကုန်အရောက် အကြီးတွေကို ၂၂၀၀ နဲ့ ရောင်းပေးပါတယ်၊ အငယ်တွေဆို နှစ်ထောင်လောက်ပေ့ါ။ ကျနော်တို့ဆီမှာတော့ သိပ်ကျ မသွားဘူး” လို့ ပုသိမ်မြို့နယ်မှ အုန်းသီး ဝယ်ရောင်းလုပ်နေသူတဦးက ပြောပါတယ်။

ကွမ်းသီး၊ အုန်းသီးတွေ ထွက်တဲ့ ဧရာ၀တီတိုင်းအတွင်းမှာ အုန်းသီးတွေ စျေးကျပေမယ့် ကွမ်းသီးကတော့ စျေး တက်နေပြီး တပိဿာကို နှစ်သောင်းကျော်ရှိနေတယ်လို့ ဒေသခံက ပြောပါတယ်။ ဆန်၊ ဆီ၊ ဆား၊ ငရုတ်သီးစတဲ့ အခြေခံစားသောက်ကုန်တွေကတော့ အခုလပိုင်းအတွင်းမှာ စျေးတွေ ထိုးတက်နေတယ်လို့ ဆိုပါတယ်။

“ငရုတ်သီး တပိဿာကို နှစ်သောင်းခွဲဖြစ်သွားပြီ၊ အရင်က တသောင်းရှစ်ထောင်ပဲ၊ ဆန်စျေးလည်း ချက်ချင်းတက် လာတယ်။ စိုက်ခင်းလုပ်စားသူတွေမှာ မလွယ်ပါဘူး။ မနေ့ကပဲ ဆန်ကုန်သွားလို့ တပိုင်းဝယ်လာတာ ငါးသောင်း ကျော်ဖြစ်နေပြီ” လို့ ဖျာပုံမြို့နယ်မှ စိုက်ခင်း လုပ်ကိုင်၊အသက်မွေးနေသူအမျိုးသမီးတဦးက ပြောပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ဧရာ၀တီတိုင်းအတွင်းက မြို့နယ်တွေမှာ လမ်းမကြီးတွေ၊ မြို့ အဝင်တွေမှာ စစ်ဆေးရေးဂိတ်တွေ အများအပြားဖွင့်ပြီး ခရီးသွားတွေ၊ ကုန်တင်ကားတွေကို တင်းကြပ်တဲ့ စစ် ဆေးမှုတွေလုပ်နေပြီး ပိုက်ဆံတောင်းတာ၊ ဖမ်းဆီးတာတွေလည်း ရှိနေပါတယ်။