
“ခြုံစရာစောင်လည်း မရှိ၊ ဆောင်းဝတ်လည်းမရှိ၊ ကိုယ့်မှာလည်းမရှိ၊ ကလေးတွေမှာလည်း မရှိ၊ ရှိတာလေးနဲ့ မျှပြီးတော့ နေရတယ် ။ ချမ်းတာနဲ့ ညကလည်း အဘွားကြီးဆီက စောင်တထည်ကို ဆွဲခြုံပြီး အိပ်လိုက်ရတယ်။ ထောက် ပံ့ကြေးတွေလည်း မရပါဘူး၊ အလှူခံပြီး စားနေရတယ်”
၃၊ ဒီဇင်ဘာ။
ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်ဒုက္ခသည်တွေမှာ ဆောင်းတွင်း အအေးဆုံး ကာလရောက်လာပြီ ဖြစ်ပေမယ့် အနွေးထည်၊ စောင်တွေ လုံလောက်မှု မရှိသေးပဲ အရေးပေါ်အကူအညီတွေ လိုအပ်နေပါတယ်။
“ဒီအချိန်က ရခိုင်မှာ အအေးဆုံးအချိန်ပဲ၊ အနွေးထည်တွေ မရှိသေးဘူး။ စစ်ရှောင်စခန်းရောက်သွားရင် တော်တော် သနားစရာကောင်းပါတယ်။ ကလေးတွေ၊ အဘွားကြီးတွေကအစ အနွေးထည်မပါဘဲ နေကြရတယ်။ ရှိတဲ့သူတွေမှာ လည်း အနွေးထည်အဟောင်း ပါးပါးလေးတွေလောက်ပဲ ရှိကြတော့တယ်” လို့ ကျောက်တော်မြို့နယ်မှ လူမှုကူညီ ရေးလုပ်နေတဲ့ လူငယ်အမျိုးသမီးတဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့ တိုက်ပွဲအစောပိုင်းကာလကတည်းက စစ်ရှောင်တွေ၊ အခုလက်ရှိတိုက်ပွဲတွေ ကြောင့် ထပ်မံတိမ်းရှောင်နေကြရသူတွေ အပါအဝင် စစ်ဘေးရှောင်ဒုက္ခသည်ပေါင်း ခုနှစ်သိန်းဝန်းကျင်ရှိနေပြီး အဲဒီအ ထဲက အများစုမှာ အနွေးထည်၊ စောင်တို့ မရှိကြဘူးလို့ ကူညီရေးအဖွဲ့တွေက ဆိုပါတယ်။
“စစ်ဘေးရှောင်တွေမှာက အရင်နှစ်ကတည်းက စောင်တွေ လုံလုံလောက်လောက် မရှိလိုက်ဘူး။ အခု ရခိုင်ဒေသ မှာက ထပ်တိုးလာတဲ့ စစ်ရှောင်တွေလည်း ရှိတော့ အများကြီး လိုအပ်ပါတယ်။ ကျောက်ဖြူဘက်မှာဆိုရင် တအားကို လိုအပ်ချက်ရှိနေပါတယ်” လို့ ပုဏ္ဏားကျွန်းမြို့နယ်မှ လူမှုကူညီရေးလုပ်နေတဲ့လူငယ်တဦးက ပြောပါတယ်။

လက်ရှိ တိုက်ပွဲအပြင်းအထန်ဖြစ်နေတဲ့ ကျောက်ဖြူမြို့နယ်မှာဆိုရင် စစ်ဘေးရှာင်ဒုက္ခသည် သုံးထောင်ဝန်းကျင် ထပ်တိုးလာပြီး အဲဒီစစ်ရှောင်တွေမှာ အနွေးထည်၊ စောင်အပြင် အဝတ်အစားတွေပင် အလုံအလောက် ပါမလာကြတာကြောင့် အခက်အခဲ ပိုရှိနေတယ်လို့ စစ်ရှောင်တွေနဲ့ ကူညီရေးလုပ်နေသူတွေက ပြောကြပါတယ်။
ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်တွေဟာ စားနပ်ရိက္ခာအခက်အခဲ ကြုံနေကြရတဲ့အပြင် အအေးဒဏ်ကို ခုခံ ဖို့ အနွေးထည်၊ စောင်တွေပါ အရေးပေါ်လိုအပ်လာတာဖြစ်ပါတယ်။

“ခြုံစရာစောင်လည်း မရှိ၊ ဆောင်းဝတ်လည်းမရှိ၊ ကိုယ့်မှာလည်းမရှိ၊ ကလေးတွေမှာလည်း မရှိ၊ ရှိတာလေးနဲ့ မျှပြီးတော့ နေရတယ် ။ ချမ်းတာနဲ့ ညကလည်း အဘွားကြီးဆီက စောင်တထည်ကို ဆွဲခြုံပြီး အိပ်လိုက်ရတယ်။ ထောက် ပံ့ကြေးတွေလည်း မရပါဘူး၊ အလှူခံပြီး စားနေရတယ်” လို့ ပုဏ္ဏားကျွန်းမြို့နယ်မှ သက်ကြီးပိုင်း အမျိုးသမီးတဦးက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်တွေထဲမှာ အများစုဟာ အနွေးထည်၊ စောင်တို့မရှိဘဲ ဆောင်းတွင်းကာလကို ဖြတ်သန်းနေကြရတာဖြစ်ပြီး အချို့စစ်ရှောင်ကလေးတွေနဲ့ သက်ကြီးပိုင်းတွေဟာ အအေးဒဏ်ကြောင့် အအေးမိ၊ ဖျားနာတာတွေ ဖြစ်နေကြတယ်လို့ မြေပြင်မှာ ကွင်းဆင်းကူညီနေသူတွေက ပြောကြပါတယ်။
“လူတရာမှာ ရှစ်ဆယ်လောက်က အနွေးထည်မရှိဘူး၊ ဖျားနေတဲ့ သူတွေတောင် ရှိတယ် ဒီမှာ” လို့ ကျောက်ဖြူမြို့ နယ်မှ စစ်ဘေးရှောင်အမျိုးသားတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်နေ့က စခဲ့တဲ့ရခိုင်တိုက်ပွဲတွေအတွင်း စစ်တပ်ရဲ့ လေကြောင်း၊ လက် နက်ကြီးအန္တရာယ်စိုးရိမ်ရတာ၊ နေအိမ်တွေ ပျက်စီးသွားတာတို့ကြောင့် သိန်းနဲ့ချီတဲ့ ပြည်သူတွေ နေရပ်စွန့်ခွာစစ် ဘေးရှောင်နေခဲ့ကြရတာဖြစ်ပါတယ်။လက်ရှိအချိန်ထိလည်း စစ်တပ်ရဲ့ လေကြောင်းရန်၊ မြေမြှပ်မိုင်းအန္တရာယ် စိုးရိမ်တဲ့အတွက် နေရပ်မပြန်နိုင်သေးကြပါဘူး။
အလားတူပဲ ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဧရာ၀တီတိုင်း လေးမျက်နှာ၊ ရေကြည်၊ ငသိုင်းချောင်းမြို့နယ်တွေ အတွင်း မှာလည်း စစ်ဘေးရှောင် သောင်းဂဏန်းရှိနေပြီး စောင်၊ အနွေးထည်နဲ့ စားနပ်ရိက္ခာလိုအပ်ချက်တွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောထားကြပါတယ်။