AI နည်းပညာ တရှိန်ထိုး တိုးတက်လာမှုကြောင့် ကမ္ဘာတဝှမ်း မညီမျှမှုတွေ ပိုကျယ်ပြန့်လာနိုင်

အဆိုပါ ကွာဟချက်ကို အာရှဒေသမှာ အထင်ရှားဆုံး တွေ့မြင်ရနိုင်ပြီး အာရှနိုင်ငံတွေဟာ ဝင်ငွေအဆင့်အတန်း၊ ဒစ်ဂျစ်တယ် နည်းပညာစွမ်းရည်နဲ့ စီမံအုပ်ချုပ်မှုပုံစံတွေမှာ အလွန်ကွာခြားမှု ရှိနေတယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က မှတ်ချက်ပြုထားပါတယ်။

၃၊ ဒီဇင်ဘာ။

ကမ္ဘာပေါ်မှာ ဉာဏ်ရည်တုနည်းပညာ (AI) အရှိန်အဟုန်နဲ့ တိုးတက်လာတာနဲ့အမျှ အဆိုပါနည်းပညာကို စနစ်တကျ မစီမံနိုင်ဘူးဆိုရင် နိုင်ငံတွေအကြား မညီမျှမှုတွေကို ပိုမို ကျယ်ပြန့်လာစေနိုင်တယ်လို့  ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က ဒီဇင်ဘာ ၂ရက်နေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံမှာ ဖော်ပြထားပါတယ်။

UNDP ရဲ့ အဆိုအရ အမျိုးသမီးတွေ လုပ်ကိုင်နေတဲ့ အလုပ်အကိုင်တွေဟာ စက်ယန္တရားတွေနဲ့ အစားထိုးခံရမယ့် အခြေအနေနဲ့ ရင်ဆိုင်ရနိုင်ခြေ နှစ်ဆနီးပါး ပိုများနေပြီး AI နည်းပညာ သက်ရောက်မှု မြင့်မားတဲ့ ကဏ္ဍတွေမှာ လူငယ်တွေအနေနဲ့ အလုပ်အကိုင် ရရှိမှုနှုန်းတွေ ကျဆင်းနေပါတယ်။

အဆိုပါ ကွာဟချက်ကို အာရှဒေသမှာ အထင်ရှားဆုံး တွေ့မြင်ရနိုင်ပြီး အာရှနိုင်ငံတွေဟာ ဝင်ငွေအဆင့်အတန်း၊ ဒစ်ဂျစ်တယ် နည်းပညာစွမ်းရည်နဲ့ စီမံအုပ်ချုပ်မှုပုံစံတွေမှာ အလွန်ကွာခြားမှု ရှိနေတယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က မှတ်ချက်ပြုထားပါတယ်။

အစီရင်ခံစာအတွင်း ကမ္ဘာ့ AI အသုံးပြုသူ ထက်ဝက်ကျော်ဟာ အာရှဒေသမှာရှိနေပြီး အာရှဟာ တီထွင်ဆန်းသစ်မှု ကဏ္ဍကိုလည်း လျင်မြန်စွာ ချဲ့ထွင်နေတယ်လို့ ဖော်ပြထားပါတယ်။

ဥပမာအနေနဲ့ တရုတ်နိုင်ငံဟာ လက်ရှိ ကမ္ဘာတစ်ဝှမ်းရှိ AI နည်းပညာဆိုင်ရာ မူပိုင်ခွင့်တွေရဲ့ ၇၀ ရာခိုင်နှုန်းနီးပါးကို ပိုင်ဆိုင်ထားပြီး အာရှတိုက်ရဲ့ စီးပွားရေး အင်အားကြီး နိုင်ငံခြောက်ခုမှာ ရန်ပုံငွေအသစ် ရရှိထားတဲ့ AI ကုမ္ပဏီပေါင်း ၃,၁၀၀ ကျော် အခြေစိုက် လုပ်ကိုင်နေပါတယ်။

ဒါပေမဲ့ အာရှမှာ AI တိုးတက်လာတယ်ဆိုပေမဲ့ နိုင်ငံတိုင်း တိုးတက်နေတာမျိုးမဟုတ်ဘဲ တချို့နိုင်ငံတွေက အရှေ့ရောက်နေပြီး တချို့နိုင်ငံတွေကတော့ အခြေခံအဆင့်တောင် မပိုင်နိုင်သေးဘဲ ကွာဟချက်က မိုးနဲ့မြေလို ဖြစ်ပေါ်နေတယ်လို့ UNDP က ထောက်ပြထားပါတယ်။

စင်ကာပူ၊ တရုတ်နဲ့ တောင်ကိုရီးယားလို နိုင်ငံတွေဟာ AI ဆိုင်ရာ အခြေခံအဆောက်အအုံတွေနဲ့ ကျွမ်းကျင်မှုပညာရပ်မှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံနေကြပြီး တခြား နိုင်ငံတွေမှာ အခြေခံ ဒစ်ဂျစ်တယ် နည်းပညာ လက်လှမ်းမီရေးနဲ့ တတ်မြောက်နားလည်ရေးတို့ကို ခိုင်မာအားကောင်းအောင် ကြိုးပမ်းနေရဆဲ အဆင့်မှာ ရှိနေသေးတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ဝင်ငွေနိမ့်ပါးတဲ့ နိုင်ငံတွေဟာ ဝင်ငွေမြင့်မားတဲ့ နိုင်ငံတွေနဲ့ ကွာဟချက်ကို တဖြည်းဖြည်း လျှော့ချလာနိုင်ချိန် အဆိုပါ အခြေအနေကြောင့် AI နည်းပညာကြောင့် ရရှိထားပြီးသား တိုးတက်မှု ရလဒ်တွေဟာ ပြန်လည် ဆုတ်ယုတ်သွားနိုင်ကြောင်း UNDP က သတိပေးထားပါတယ်။

Ref – CNA