
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုဝင်ဘာ နောက်ဆုံးပတ်အတွင်း ရောက်လာခဲ့တဲ့ ဧရာဝတီတိုင်း ခရီးစဉ်မှာ ဆီထွက်သီးနှံတွေ ပိုမိုစိုက်ပျိုးဖို့ ပြောသွားခဲ့ပြီးတဲ့နောက်မှာ ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ဆီထွက်နေကြာနဲ့ ပဲပုတ်တွေကို ဧက သိန်းနဲ့ချီပြီး စိုက်ပျိုးဖို့ စီမံကိန်း ချမှတ်ပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
“နေကြာဆီ၊ပဲပုတ်ဆီ ဆိုတာက လက်ရှိမှာ ပြည်ပကနေ တင်သွင်းပြီး သုံးနေရတာပေါ့နော်။ ဒါကို အင် ပို့လျော့သွားအောင် ဒါတွေစိုက်ပါ ဆိုတာက စိုက်ခိုင်းရုံနဲ့တင် မရပါဘူး။စိုက်ပြီးရင်ဘယ်လိုထုတ် လုပ်မယ်။ စိုက်တဲ့သူတွေရဲ့ ခံစားခွင့်က ဘာတွေဖြစ်တယ် အဓိက ဈေးနူန်းပေါ့ဗျာ ” လို့ မြောင်းမြမြို့မှာ နေထိုင်တဲ့ ကုန်သည်တဦးက ပြောပါတယ်။
စပါးနဲ့ ပဲကို အဓိက အရောင်းအဝယ်လုပ်ခဲ့တာ နှစ် ပေါင်း ၂၀ ဝန်းကျင်ရှိနေပြီ ဖြစ်တဲ့သူက ဧရာဝတီ တိုင်းက ထုတ်လုပ်မှု အများစုဟာ ပြည်ပပို့ကုန်အတွက် ရည်ရွယ်ပြီး စိုက်ပျိုးထုတ်လုပ်ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“အိတ်စပို့ဈေးကွက်ရမှ သူတို့အတွက် ကိုက်တာ။ သွင်းအားစုတွေကိုကျ ဈေးကြီးပေးဝယ်ရပြီး ထွက် လာတဲ့ ထုတ်ကုန်ကိုကျ ဒေသတွင်း ဈေးကွက်အတွက်ပဲ ဆိုရင် ဖြစ်နိုင်လား မဖြစ်နိုင်လား စဉ်းစားကြည့်လို့ရပါတယ် ” လို့ သူက မှတ်ချက် ပေးပါတယ်။
ဆီထွက်နေကြာကို ၂၀၂၄ ခုနှစ်က ဆောင်းသီးနှံအစားထိုး စိုက်ပျိုးမှု ဧက ၂ သိန်းကျော် စိုက်ပျိုးခဲ့ပါတယ်။ ယခုနှစ်မှာတော့ ဧက ၁ သိန်းကျော် ထပ်မံတိုးချဲ့နိုင်ဖို့ ဝန်ကြီးချုပ်က တောင်သူလယ်သမားတွေနဲ့ တွေ့ဆုံပွဲတွေ ဆက်တိုက်လုပ်ပြီး မျိုးစေ့တွေနဲ့ စိုက်ပျိုးရေး အကူကိရိယာတွေကို ထုတ်ပေးတာတွေ ပြုလုပ်နေပါတယ်။
“မြို့နယ်က အဖွဲ့တွေက နေကြာကို ဘယ်လိုစိုက်ရမယ် ဘာတွေသုံးရမယ် အထွက်တိုးဖို့ဘယ်လိုတွေ လုပ်ရမယ် ဆိုတာတွေ လာဟောပြောကြတယ်။ တကယ်က အထွက်တိုးဖို့လိုတယ်ဆိုပေမယ့် အရေး ကြီးဆုံးက ဈေးကွက်တည်ငြိမ်ဖို့ပဲ ” လို့ မအူပင်မြို့နယ်ထဲက နေကြာစိုက်ပျိုးနေရတဲ့ လယ်သမားတဦးက DNA ကိုပြောပါတယ်။
သူက မနှစ်ကအထိ ဆောင်းသီးနှံကို မတ်ပဲနဲ့ ပဲတီစိမ်းကိုပဲ စိုက်ပျိုးခဲ့ပေမယ့် ဈေးနူန်းကျဆင်းပြီး အရောင်းအဝယ် အေးခဲ့တာကြောင့် ပဲ အထွက်တိုးခဲ့ပေမယ့် တွက်ချေမကိုက်ခဲ့ဘူးလို့ ထောက်ပြပါတယ်။
စပါးရော ပဲပါ ၃ နှစ်ဆက်တိုက် အရှုံးပေါ်လာခဲ့တာကြောင့် အစားထိုးသီးနှံ့စိုက်ပျိုးဖို့ ရှာဖွေနေစဉ်မှာ နေကြာစိုက်ပျိုးဖို့ ဖြစ်လာတာကြောင့် စမ်းစိုက်ဖို့အတွက် ဒီနှစ်အတွက် ဧက ၁ သိန်း တိုးမြှင့်တဲ့ စီမံ ကိန်းမှာ ပါဝင်လာခဲ့တာဖြစ်ပါတယ်။
“ကိုယ်က အစားထိုးစိုက်ဖို့ တွေးနေချိန်ဆိုတော့ လုပ်ကွာဆိုပြီး ပါလာတာဖြစ်ပေမယ့် ဘာစိုက်စိုက် ရှုံးနေတဲ့ ကာလကြီးဆိုတော့ ဈေးကွက်မရှိနေသေးတဲ့ဟာကို စိုက်ဖို့က ခုထိစိုးရိမ်စိတ်က ရှိနေတုန်း ” လို့ ဆိုပါတယ်။
လက်ရှိမှာ စစ်ကောင်စီက စိုက်ခိုင်းနေတဲ့ ရေဆင်းမျိုး နေကြာဟာ တတင်းကို ငွေကျပ် ၅ သောင်းဝန်းကျင် ဈေးရှိနေပြီး ဒါဟာ ပြီးခဲ့တဲ့ နှစ်ကထက် စာရင် ငွေကျပ် ၁ သောင်းဝန်းကျင် ဈေးကျသွားခဲ့တာ ဖြစ်ပါတယ်။
ဒါအပြင် ဒီနေကြာတွေကို တိုင်းအစိုးရ အစီအစဉ်နဲ့ ရောင်းချရမှာလား၊ ကိုယ့်အစီအစဉ်နဲ့ကိုယ် ရောင်းချရမှာလား ဆိုတာကိုလည်း မရှင်းလင်းနေသလို၊ ပြည်တွင်းအတွက်လား၊ပြည်ပပို့ဖို့လား ဈေးကွက်အခြေအနေက ဘယ်လိုလဲ စသဖြင့် ရှင်းရှင်းလင်းလင်း မသိရသေး တာကြောင့် စီမံကိန်းမှာပါဝင်နေတဲ့ တောင်သူလယ်သမားတွေဆီမှာ အနည်းငယ် ပူပန်မှုတွေ ရှိနေကြပါတယ်။
“ဈေးကွက်လို့ပြောရင် ဒါကို သေချာပေါက် ရောင်းဝယ်လို့ရမယ့် အခြေအနေ တခုရှိနေတာကို ဆိုလိုတာပေါ့။ နောက်တခုက တည်ငြိမ်နေတဲ့ ဈေးတန်းပေါ့။ ဆက်တိုက်ပြေးတက်သွားတာမျိုး တအိအိကျဆင်းနေတာမျိုး မဟုတ်ဘဲ ထုတ်လုပ်မှု ကုန်ကျစရိတ်နဲ့ သင့်လျော်မယ့် ဈေးတန်းတခု ရှိနေတာမျိုးပေါ့။ ဒါကို ဈေးကွက်ရှိတယ် ဈေးကွက် တည်ငြိမ်တယ်လို့ ဆိုတာပေါ့ ” လို့ ဟင်္သာတမြို့က တောင်သူလယ်သမားရေး ကူညီဆောင်ရွက်နေသူ ဦးလွင် (အမည်လွှဲ)က ရှင်းပြပါတယ်။
ဈေးကွက် မငြိမ်ဘူးဆိုတာဟာ ဆက်တိုက် အတက် ဈေးဖြစ်နေတာမျိုး၊ ဆက်တိုက် အကျဈေးဖြစ်နေတာမျိုးနဲ့ တက်လိုက် ကျလိုက် ခဏခဏ ဖြစ်နေတာမျိုးလို့ အလွယ်ကူဆုံး မှတ်ထားလို့ရတယ်လို့ ဆိုပါတယ်။
သူဟာ ကိုယ်တိုင်လည်း လယ်သမားတဦးဖြစ်သလို ရာသီပေါ် သီးနှံတွေကို ကုန်သွယ်လုပ်ငန်း အသေးလေး လုပ်ကိုင်နေသူဖြစ်ပါတယ်။ ဒေသအခေါ် ပွဲစားအဖြစ် လုပ်ကိုင်နေသူဖြစ်တာကြောင့် ဝယ်လက်ကြီးတဲ့ ကုန်သည်ကြီးတွေနဲ့ ဒေသခံ လယ်သမားတွေကြားက အခက်အခဲတွေကို သိမြင် နေရသူလည်း ဖြစ်ပါတယ်။
“ဈေးကွက် မငြိမ်ရင် လယ်သမားတွေပဲ ဒုက္ခရောက် တာ မဟုတ်ဘူး ကုန်သည်တွေလည်း ဒုက္ခရောက်တယ်။ သူတို့မဝယ်ရဲဘူး။ အဲ့တော့ ပြည်ပဝယ်လက်တွေလာရင် ရောင်းဖို့မရှိဘူး။ UMFCCI က ဈေးနူန်းသတ်မှတ်ပေးတယ်။ ဆန်စပါးအသင်းက ဈေးနူန်းသတ်မှတ်ပေးတယ်။ အဲ့ဈေးနှုန်းတွေနဲ့ ဘယ်လိုမှ ရောင်းဝယ်လို့မရဘူး။ တကယ် မြေပြင်
မှာက ငွေဈေး(ဒေါ်လာဈေး)ဘယ်လောက်ပေါက်နေ လဲနဲ့ တွက်ပြီး ရောင်းဝယ်ကြတာ ” လို့ ဦးလွင်က ရှင်းပြပါတယ်။
ဈေးကွက် တည်ငြိမ်ဖို့ဆိုရင် အရင်ဆုံး နိုင်ငံခြားငွေလဲနူန်းတွေ တည်ငြိမ်ဖို့လိုကြောင်းနဲ့ သွင်းအားစုနဲ့ ထွက်ကုန်ပေါက်ဈေးဟာ သင့်တင့်မျှတနေဖို့ လိုတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဆယ်စုနှစ် တခုအလွန်က မတ်ပဲနဲ့ ပဲတီစိမ်းတွေကို တည်ငြိမ်တဲ့ ဈေးကွက်တခု ရှိလာအောင် ဖန်တီးနိုင်ခဲ့တာကြောင့် ဒီဈေးကွက်ထဲကို ဧရာဝတီ တိုင်းက တောင်သူလယ်သမားတွေ ခြေချလာခဲ့ကြတာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
ဈေးကွက် ဖော်ဆောင်နိုင်ဖို့အတွက် ဆီနေကြာတွေသာများများစားစားထွက်လာနိုင်ပြီဆိုရင် ဈေးကွက် ဟာ အလိုလိုဖြစ်လာနိုင်မလားဆိုတဲ့ မေးမြန်းမှု အပေါ်မှာတော့ မြောင်းမြမြို့က ကုန်သည်က အခုလို ဖြေကြားပါတယ်။
“သူတို့ စီမံကိန်းနဲ့တောင် စိုက်ခိုင်းရင် ဈေးကွက်ကိုလည်း ကြိုစီစဉ်ထားသင့်တယ်။ ရင်းတာတော့ နင်တို့ရင်းလိုက်ပြီးမှငါတို့ဈေးကွက်လုပ်ပြီးကောက် စားလိုက်မယ်လို့ လုပ်လို့မရဘူး။ တကယ်တော့ အဲ့လိုလုပ်မှာကို ကျွန်တော်တို့က ကြောက်နေတာ ဒါပဲ ” လို့ ဆိုပါတယ်။
ဒီဆောင်းပါးအတွက် DNA က ဆက်သွယ်မေးမြန်းခဲ့တဲ့ မအူပင်၊ အင်္ဂပူ၊ ဇလွန်၊ ဟင်္သာတ၊ ဓနုဖြူ နဲ့ ညောင်တုန်းက လယ်သမားတွေကတော့ မတ်ပဲ ၊ နေကြာ၊ ပဲပုတ်၊ ပြောင်း၊ ကြံ စသဖြင့် ဘယ်လိုသီးနှံမျိုးကိုမဆို စိုက်ပျိုးနိုင်ပေမယ့်သေချာတဲ့ဈေးကွက် တခုတော့ ရှိစေချင်ကြတယ်လို့ ပြောကြပါတယ်။
“ တကယ်က ကျွန်တော်တို့ဘက်မှာလည်း နေကြာတို့ ပဲပုတ်တို့ကို ပဲအစားထိုးစိုက်မယ်ဆို ဈေးကွက်ရှိလို့ကတော့ စိုက်ဖို့ကို စိတ်ဝင်စားပါတယ် ” လို့ အင်္ဂပူမြို့နယ် ဒေသခံတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က ဧရာဝတီတိုင်းမှာ ဆီထွက် သီးနှံတွေဖြစ်တဲ့ နေကြာကို ဧက ၂ သိန်းဝန်းကျင်နဲ့ ပဲပုတ်၊ မြေပဲ၊ နှမ်းတို့ကိုဧကသောင်းဂဏန်းလောက် ထိ စိုက်ပျိုးခဲ့ကြပါတယ်။
ဒါပေမယ့် စိုက်ပျိုးဧက ၃၅ သိန်းဝန်းကျင်ရှိတဲ့ ဧရာက တောင်သူလယ်သမား အများစုဟာ ဈေးကွက် တည်ငြိမ်မှုရှိခဲ့တဲ့ စပါးနဲ့ မတ်ပဲ၊ ပဲတီစိမ်းတွေကိုသာ စိုက်ပျိုးမှုများခဲ့ကြပါတယ်။
လက်ရှိအချိန်မှာ ဒီသီးနှံ့တွေအားလုံးအတွက် တည်ငြိမ်တဲ့ဈေးကွက်မရှိဘဲ ဈေးကွက်ပျက်ပြီး အကျဘက်ကို သွားနေသလို သွင်းအားစုဈေးနူန်းတွေကလည်း အဆမတန်မြင့်တက်နေတာကြောင့် ဘယ်လိုသီးနှံမျိုးကို စိုက်ပျိုးသင့်လဲဆိုတာကို တောင်သူလယ်သမားတွေက ရှာဖွေစဉ်းစားနေကြချိန် ဖြစ်ပါတယ်။
ဒါကြောင့် ဆီထွက်နေကြာဟာ အစားထိုး သီးနှံဖြစ် လာနိုင်မလားဆိုတာကို မျှော်လင့်နေကြသလို ဈေး ကွက် မရှိနေသေးတဲ့ ပစ္စည်းကို ထုတ်လုပ်ဖို့ မဝင့်ရဲသေးတာကြောင့် စီမံကိန်းထဲမပါဝင်တဲ့ လယ်သမား တွေဟာ ဒီနှစ်မှာလည်း ဆောင်းစပါး၊ မတ်ပဲနဲ့ ပဲတီစိမ်းကိုသာ ဆက်လက်ရွေးချယ် စိုက်ပျိုးခဲ့ကြပါတယ်။
ဦးလွင်ကတော့ “ အခုက ရှိနေတဲ့ ဈေးကွက်ကိုတောင် ဘယ်သူမှ မထိန်းနိုင်ကြဘူး။ ရှိနေတဲ့ ဈေး ကွက်တောင် ပျက်နေချိန်ကြီးမှာ လမ်းအသစ်ဖောက်ဖို့ကို လယ်သမားတွေကိုချည်း တာဝန်ပေးလို့ မရပါဘူး။ လက်သည်ကိုချည်း အားကိုးနေရင် ကလေးရော မိခင်ပါ အသက်ဆုံးသွားနိုင်ပါတယ် ” လို့ ဥပမာ ပေးပါတယ်။
ဧရာဝတီတိုင်း ဝန်ကြီးချုပ်ကတော့စစ်ခေါင်းဆောင်
ရဲ့ ညွှန်ကြားချက်တွေကို အကောင်အထည် ဖော်နိုင်ဖို့အတွက် မျိုးစေ့ချကိရိယာ (Drum Seeder) နှင့် ဆီထွက်သီးနှံ နေကြာမျိုးစေ့ ပေးအပ်ပွဲတွေ ဆက်တိုက် ပြုလုပ်နေဆဲပါပဲ။
ဒေသတွင်း ဆီလိုအပ်ချက်ကို ဖြည့်တင်းနိုင်ဖို့အတွက် ဆီထွက်နေကြာကို စီမံကိန်းတွေနဲ့ စိုက်ပျိုးခိုင်းနေတာဟာ တောင်သူလယ်သမားတွေကို လည် ပင်းညှစ်နေတာနဲ့ တူတယ်လို့ဧရာဝတီတိုင်းကလယ် ယာစိုက် တောင်သူတွေနဲ့ ကုန်သည်တွေကထောက် ပြဝေဖန် နေကြတာ ဖြစ်ပါတယ်။
ဒီဆောင်းပါးအတွက် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်းများအသင်းချုပ် (UMFCCI)နဲ့ မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များ အသင်းကို DNA က အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့်ရုံးအဖွဲ့ကသက်ဆိုင်ရာတာဝန်ရှိသူတွေ အစည်း အဝေးပြုလုပ်နေပါတယ်လို့သာ ပြန်လည်ဖြေကြားခဲ့ကြပါတယ်။