
အဆိုပါ ဥပဒေကြမ်းဟာ World Bank ကမ္ဘာ့ဘဏ် ကနေ မြန်မာနိုင်ငံကို ပေးအပ်မယ့် ဘဏ္ဍာရေးထောက်ပံ့မှုအားလုံးကို ဆိုင်းငံ့ထားဖို့ ရည်ရွယ်ပါတယ်။
၂၊ ဒီဇင်ဘာ။
မြန်မာနိုင်ငံအတွက် ရန်ပုံငွေအသစ်ချမပေးရေးအတွက် H.R. 4423 လို့ အမည်ပေးထားတဲ့ ဥပဒေ ကြမ်းကို အမေရိကန်အောက်လွှတ်တော်မှာ ဒီဇင်ဘာလ ၂ရက်နေ့က တင်ပြဆွေးနွေးခဲ့ကြပါတယ်။
မြန်မာစစ်ကော်မရှင်ဆီကို စီးဝင်နေတဲ့ နိုင်ငံတကာ ဘဏ္ဍာရေး အသက်သွေးကြောတွေကို ဖြတ်တောက်ဖို့ ဒီကနေ့ လွှတ်တော်အစည်းအဝေးမှာ ပြင်းပြင်းထန်ထန် တိုက်တွန်း တောင်းဆိုလိုက်တာပါ။
အဆိုပါ ဥပဒေကြမ်းဟာ World Bank ကမ္ဘာ့ဘဏ် ကနေ မြန်မာနိုင်ငံကို ပေးအပ်မယ့် ဘဏ္ဍာရေးထောက်ပံ့မှုအားလုံးကို ဆိုင်းငံ့ထားဖို့ ရည်ရွယ်ပါတယ်။
ဥပဒေကြမ်းပါ ပြဋ္ဌာန်းချက်တွေအရ စစ်ကော်မရှင်ဘက်က စစ်မှန်တဲ့ အပြောင်းအလဲတွေနဲ့ ဒီမိုကရေစီ တန်ဖိုးတွေ ပြန်လည်ဖော်ဆောင်မှု ရှိလာပြီလို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက အတည် မပြု၊ မချင်း ကန့်သတ်ပိတ်ပင်ထားမှာပါ။
ဒီကနေ့မှာ တင်ပြဆွေးနွေးတဲ့ လွှတ်တော်အမတ် မစ္စ ယန်းကင်မ်ရဲ့ တင်ပြချက်တွေအတွင်း ဥပဒေ ကြမ်းကို ထောက်ခံဆွေးနွေးရာမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရကို ဖြုတ်ချခဲ့လို့ စစ်အာဏာသိမ်းမှုရဲ့ ဆိုးရွားလှတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို မီးမောင်းထိုးပြခဲ့ပါတယ်။
မတရား အာဏာသိမ်းယူမှု ငါးနှစ်ပြည့်မြောက်ဖို့ နီးကပ်လာချိန်မှာမြန်မာနိုင်ငံဟာဖရိုဖရဲအခြေအနေ တွေနဲ့ ဆက်လက် ရှိနေသေးကြောင်း သုံးသပ်ထားပါတယ်။
ဒါ့အပြင် တုန်လှုပ်ဖွယ်ရာကိန်းဂဏန်း အချက်အလ က်တွေကို ကိုးကားပြီး အာဏာသိမ်းပြီးချိန်ကနေ လက်ရှိအချိန်ထိလူပေါင်း ၆,၀၀၀ ကျော် သတ်ဖြတ် ခံခဲ့ရပြီး ၂၀,၀၀၀ ကျော် ဖမ်းဆီးထိန်းသိမ်း ခံထားရကာ ၃.၅ သန်းကျော်မှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ထောက်ပြပါတယ်။
“မြန်မာစစ်တပ်ကြောင့် တိုက်ရိုက်ဖြစ်ပေါ်လာရတဲ့ ဒီလူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကြီးက အချက်တစ်ချက်ကိုရှင်းရှင်းလင်းလင်း ပေါ်လွင် စေပါတယ်။ အဲဒါကတော့ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေကပေးတဲ့ ရန်ပုံငွေတွေကို တာဝန် ယူ စီမံခန့်ခွဲဖို့အတွက်ပဲဖြစ်ဖြစ်၊အကူအညီတကယ် လိုအပ်နေတဲ့ ပြည်သူလူထုဆီ ရောက်ရှိအောင် ပို့ဆောင်ပေးဖို့အတွက်ပဲဖြစ်ဖြစ် ဒီစစ်အစိုးရကို လုံးဝ ယုံကြည်စိတ်ချလို့ မရဘူးဆိုတာပါပဲ”လို့ အသိပေးထားပါတယ်။
အဲဒီနောက် ဥပဒေကြမ်း ဖြစ်မြောက်ရေးအတွက် ဦးဆောင်ကြိုးပမ်းပေးခဲ့တဲ့ ဂျော်ဂျီယာပြည်နယ် လွှတ်တော်ကိုယ်စားလှယ် နီကီမာ ဝီလီယံကို လွှတ်တော်အမတ် မစ္စ ယန်းကင်မ်က ကျေးဇူးတင် ရှိကြောင်း ပြောကြားခဲ့ပြီး ဖြစ်ပွားနေဆဲဖြစ်တဲ့ အကြမ်းဖက်မှုတွေကို ဝိုင်းဝန်း ကန့်ကွက်ရှုတ်ချကြဖို့လည်း တခြားလွှတ်တော်အမတ်တွေကို တိုက်တွန်းခဲ့ပါတယ်။
မစ္စ ယန်းကင်မ်က “လုပ်ဖော်ကိုင်ဖက်တွေကို ဒီဥပဒေကြမ်းကို ဝိုင်းဝန်းထောက်ခံပေးကြဖို့ တိုက်တွန်းလိုပါတယ်”လို့ ပြောကြားပြီး ပိုမိုဆိုးရွားလာနေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးကြီးအတွက် တာဝန်ရှိတဲ့ စစ်အစိုးရတစ်ရပ်ကို နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်းတွေ အနေနဲ့ ထောက်ပံ့ကူညီမှု မပြုလုပ်သင့်ဘူးလို့ ပြောခဲ့ပါတယ်။