ဧရာ၀တီမှာ မဲစာရင်းလာကြည့်သူမရှိလို့ တအိမ်တက်ဆင်း လိုက်စစ်နေရ

“တိုင်းမင်းကြီးကတော့ သိပ်မပြောပါဘူး။ အုပ်ကြီးတွေက အာဏာပြတယ်။ မဲလာမထည့်ရင် ဘာဖြစ်သွားမယ်၊ ညာဖြစ်သွားမယ်ဆိုပြီး ပြောနေတာတဲ့ အိမ်တွေပတ်ပြီးတော့”

၁၊ ဒီဇင်ဘာ။

ရွေးကောက်ပွဲကျင်းပဖို့ တလနီးပါးသာလိုတော့ပေမယ့် မဲစာရင်းလာကြည့်၊ စစ်ဆေးသူ အလွန်နည်းပါးတာကြောင့် ဧရာ၀တီတိုင်း လ၀ကဦးစီးမှူးကိုယ်တိုင် တအိမ်တက် တအိမ်ဆင်း စနစ်နဲ့ မဲစာရင်းမှန်၊ မမှန် လိုက်လံစစ်ဆေး နေပြီး မှားရင်လာပြင်ဖို့၊ မဲစာရင်းလာကြည့်၊ မဲပေးဖို့ တိုက်တွန်း နေရပါတယ်။

“လ၀က တိုင်းမင်းကြီးကိုယ်တိုင် အုပ်ကြီးတွေနဲ့ ဆင်းနေတာ။ ငပုတောလည်း ရောက်တယ်ပြောတယ်။ မဲစာရင်း ကြည့်ကြ၊ မဲထည့်ကြ ပြောတာပေ့ါဗျာ။ တိုင်းမင်းကြီးကတော့ သိပ်မပြောပါဘူး။ အုပ်ကြီးတွေက အာဏာပြတယ်။ မဲလာမထည့်ရင် ဘာဖြစ်သွားမယ်၊ ညာဖြစ်သွားမယ်ဆိုပြီး ပြောနေတာတဲ့ အိမ်တွေပတ်ပြီးတော့” လို့ သက်လတ်ပိုင်းအရွယ် ပုသိမ်မြို့ခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်နေ့မှာ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဦးစီးမှူး ဦးအောင်ဝင်း သိန်း၊ ခရိုင်ဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ဟာ ငပုတောမြို့ပေါ် ရပ်ကွက် တွေအတွင်းရှိ နေအိမ်တွေကို တအိမ်တက် တအိမ်ဆင်း စစ်ဆေးကာ မဲစာရင်းမှားရင် လာပြင်ကြဖို့၊ မဲစာရင်းထဲ မ ပါရင် လာရောက်ဖြည့်စွက်ကြဖို့ ပုံစံစာရွက်တွေ လိုက်ပေးနေခဲ့တာဖြစ်ပါတယ်။

လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ ကြေငြာထားတဲ့ ရွေးကောက်ပွဲကော်မရှင်ဟာ ဒုတိယအကြိမ် မဲစာရင်းကို နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ကြေညာခဲ့ပေမယ့် မဲစာရင်းလာကြည့်သူ အလွန်နည်းပါး ခဲ့ပြီး ရွေးကောက်ပွဲအပေါ်  စိတ်ပါဝင်စားမှု မရှိကြတာ တွေ့ရပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၂၉ ရက်နေ့မှာပဲ ပုသိမ်နဲ့ မြောင်းမြမြို့တို့မှာ အဲဒီလိုပဲ အိမ်တက်အိမ်ဆင်းစနစ်နဲ့ မဲစာရင်း ကြည့်ဖို့၊ မှားရင် လာပြင်ကြဖို့ စစ်ကော်မရှင်လက်အောက်ခံဝန်ထမ်းတွေ လာပြောခဲ့တယ်လို့ သိရပါတယ်။

 

“ပြည်သူတွေက တရာမှာ ရှစ်ဆယ်လောက်က စိတ်မဝင်စားကြဘူး။ ပါတီဝင်တွေနဲ့ ဝန်ထမ်းတွေလောက်ပဲ မဖြစ်မနေ ကြည့်နေကြတာ၊ အခုအိမ်တွေကို လာပြောတော့လည်း ကြောက်ရင် သွားကြည့်ရတာပေ့ါ၊ တကယ့်တကယ် ရွေး ကောက်ပွဲကျရင် မဲထည့်ကြမယ်လို့တော့ မထင်ဘူး” လို့ ပုသိမ်မြို့ပေါ်မှာ နေထိုင်တဲ့ လူငယ်အမျိုးသမီးတဦးက ပြောပါတယ်။

စစ်ကော်မရှင်ဟာ ဧရာ၀တီတိုင်းအတွင်းမှာ အဲဒီလို မဲစာရင်းလာကြည့်ဖို့၊ မဲပေးဖို့ ပြည်သူတွေကို အိမ်တက်အိမ်တ ဆင်းစနစ်နဲ့ လာပြောနေသလို စစ်ဘေးရှောင်ဒုက္ခသည်တွေကိုလည်း စားနပ်ရိက္ခာအနည်းငယ်ထောက်ပံ့၊ မက်လုံး ပေးကာ မဲထည့်ကြဖို့၊ မဲမထည့်ရင် ရိက္ခာမပေးတော့ဘူးဆိုကာ ဖိအားပေးခြိမ်းခြောက်တာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။

ဒါ့အပြင် ပုသိမ်မြို့ကနေ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ဝင်ပြိုင်မယ့် စစ်ကော်မရှင် လ၀က ဝန်ကြီး ဦးမြင့်ကြိုင်ဟာလည်း ပုသိမ်အပါအဝင် ဧရာ၀တီတိုင်း မြို့နယ်အချို့သို့ ကွင်းဆင်းကာ မဲဆွယ်စည်းရုံးတာ၊ ရွေးကောက်ပွဲမှာ မဲထည့်ကြဖို့၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိရင် လာလုပ်ကြဖို့ စည်းရုံးနေပါတယ်။

ရွေးကောက်ပွဲကော်မရှင်ဟာ ပထမအကြိမ်မဲစာရင်းကို စက်တင်ဘာလ ၃၀ ရက်နေ့မှာ စတင်ကြေ ငြာခဲ့ပြီး အဲဒီတုန်းကလည်း မဲစာရင်းလာကြည့်သူ အလွန်နည်းခဲ့ပြီး သေဆုံးပြီးသားသူတွေ၊ ပြောင်းရွေ့သွားသူတွေ၊ အပြင်မှာ တကယ်မရှိသူတွေ စတဲ့ အမှားအယွင်းများစွာလည်း ပါနေခဲ့တယ်လို့ ဝေဖန်မှုများစွာ ရှိခဲ့ပါတယ်။

ရွေးကောက်ပွဲကော်မရှင်ဟာ ရွေးကောက်ပွဲအတွက် မဲစာရင်းကို ဖြစ် သလို လုပ်ထားကြတာဖြစ်ပြီး စနစ်တကျမရှိတာကြောင့် အခုလို မဲစာရင်းအမှားတွေ များနေရတာဖြစ်တယ်လို့ ရွေးကောက်ပွဲအပေါ် စောင့်ကြည့်နေတဲ့ ရေကြည်ဒေသခံတဦးက သုံးသပ်ပါတယ်။

ဧရာ၀တီတိုင်းအတွင်း မဲဆွယ်စည်းရုံးကြတဲ့အခါမှာလည်း စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စု ဖွံ့ဖြိုးရေး နဲ့ ကြံ့ခိုင်ရေးပါတီ(USDP)ပါတီက အခွင့်အရေးတွေ ပိုရနေပြီး ကျန်ပါတီတွေကတော့ လွတ်လပ်စွာ စည်းရုံးခွင့်မရ ကြဘဲ ပါတီဝင်အချို့ဆိုရင် ရပ်၊ ကျေးအုပ်ချုပ်ရေးမှူးတွေ၊ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ကိုယ်ရေးကိုယ်တာအ ချက်အလက် တွေ စစ်ဆေးခံရမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

ရွေးကောက်ခံ အရပ်သားအစိုးရလက်ထဲကနေ တိုင်းပြည်အာဏာကို လုယူသိမ်းထားတဲ့ စစ်ခေါင်းဆောင်ဟာ ရွေးကောက်ပွဲ ပထမအသုတ်ကို လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ မြို့နယ်ပေါင်း ၁၀၂ မြို့နယ်အတွင်း ကျင်းပမှာ ဖြစ်ပြီး ဧရာ၀တီတိုင်းအတွင်းက ကျုံပျော်၊ ပုသိမ်၊ မအူပင်၊ မြောင်းမြ၊ ကြံခင်း၊ မြန်အောင်၊ လပွတ္တာနဲ့ ဟင်္သာတမြို့ နယ်တို့ ပါဝင်ပါတယ်။

ဒုတိယ အသုတ်ကိုတော့ ၂၀၂၆ ဇန်နဝါရီ ၁၁ ရက်နေ့ မြို့နယ်ပေါင်း ၁၀၀ မှာ ကျင်းပမှာဖြစ်ပြီး ဧရာ၀တီတိုင်းအ တွင်းက ကျောင်းကုန်း၊ ကန်ကြီးထောင့်၊ သာပေါင်း၊ ကျိုက်လတ်၊ ဖျာပုံ၊ ဘိုကလေး၊ ပန်းတနော်၊ ဝါးခယ်မ၊ အိမ်မဲ မြို့နယ်တို့ပါဝင်တာ တွေ့ရပါတယ်။

တတိယအသုတ်ကို မြို့နယ်ပေါင်း ၇၂ မြို့နယ်အတွင်း ကျင်းပမယ်လို့ ဆိုထားကာ ဧရာ၀တီတိုင်းအတွင်းမှ ငပု တော၊ ဇလွန်၊ မော်လမြိုင်ကျွန်း၊ ညောင်တုန်း၊ ဓနုဖြူ၊ ဒေးဒရဲ၊ အင်္ဂပူတို့နဲ့ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ လေး မျက်နှာ၊ ရေကြည်မြို့နယ်တို့ပါဝင်ပြီး ကျင်းပမယ့်အချိန်ကိုတော့ တိတိကျကျ မကြေငြာသေးပါဘူး။

ဒါ့အပြင် ရွေးကောက်ပွဲတတိယအသုတ်ထဲ အာရက္ခတပ်တော်(AA)အပါအဝင် တော်လှန်ရေးတပ်ဖွဲ့ တွေသိမ်းပိုက် ထိန်းချုပ်ထားတဲ့မြို့နယ်အချို့လည်း ပါဝင်တာတွေ့ရပါတယ်။

ကုလသမဂ္ဂ၊ ဥရောဂါသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ တော်လှန်ရေးအင်အားစုတွေကတော့ စစ်ကော်မရှင်က လုပ် မယ့် ရွေးကောက်ပွဲဟာ အတုအယောင်ရွေးကောက်ပွဲဖြစ်တာမို့ ဆန့်ကျင်ကြဖို့ တိုက်တွန်းထားပါတယ်။

စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ လုံးပန်းထုတ်နေချိန် ဧရာ၀တီတိုင်းအတွင်း သာပေါင်း၊ ရွှေသောင်ယံ၊ ငသိုင်ချောင်း၊ လေးမျက်နှာမြို့နယ်တို့အတွင်းမှာ တိုက်ပွဲတွေ ပိုမိုကျယ်ပြန့်ပြင်းထန်လာပြီး နေ့စဉ်နီးပါး ပစ်ခတ်သံ တွေ ကြားနေရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။