ဒစ်ဝါ ဆိုင်ကလုန်းမုန်တိုင်း ဒဏ်သင့် သီရိလင်္ကာနိုင်ငံမှာ သေဆုံးသူ ၂၀၀ ကျော် ရှိလာ

လူပေါင်း ၁၇,၀၀၀ ကျော်ဟာ ရေပြန်ကျမယ့်အချိန်ကို စောင့်ဆိုင်းရင်း ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေကြရပါတယ်။

၁၊ ဒီဇင်ဘာ

ဒစ်ဝါ (Ditwah) ဆိုင်ကလုန်းမုန်တိုင်းကြောင့် သီရိလင်္ကာနိုင်ငံမှာ သေဆုံးသူအရေအတွက် ၂၁၂ ဦးအထိ မြင့်တက်လာပြီး ၂၁၈ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း တာဝန်ရှိသူတွေက တနင်္ဂနွေနေ့မှာ ပြောပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေ လေးရက်မြောက်အထိ ဆက်လက်လုပ်ဆောင်နေရသလို ရေကြီးမှုကြောင့် ဆည်တခုလည်း ကျိုးပေါက်ခဲ့တယ်လို့ သိရပါတယ်။

မိုးသည်းပြီး ရေကြီးရေလျှံတာ တွေကြောင့် အဆိုပါ ကျွန်းနိုင်ငံက လူဦးရေ တသန်းနီးပါး ဘေးဒဏ်သင့်ခဲ့ပြီး လူဦးရေ ၂၀၀,၀၀၀ နီးပါးမှာ ယာယီခိုလှုံရေးစခန်း ၁,၂၇၅ ခုဆီမှာ  ပြောင်းရွှေ့ ခိုလှုံနေရတယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုစင်တာရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့ကတည်းက စံချိန်တင် မိုးရွာသွန်းခဲ့တာကြောင့် နိုင်ငံအလယ်ပိုင်း တောင်ပေါ်ဒေသမှာ မြေပြိုတာတွေလည်း ဖြစ်ခဲ့ပါတယ်။

ဒါ့အပြငါ တနိုင်ငံလုံးအတိုင်းအတာနဲ့ မြစ်ရေလျှံလို့ မြို့တွေ ရေလွှမ်းမိုး ခံခဲ့ရပါတယ်။

ရေဘေးကြောင့် ပိတ်မိနေတဲ့ မိသားစုတွေဆီ သွားရောက်ကူညီနိုင်ဖို့အတွက် ရဲတပ်ဖွဲ့၊ ကြည်းတပ်နဲ့ လေတပ်တို့က တပ်ဖွဲ့ဝင်အင်အား ၂၄,၀၀၀ ကျော်နဲ့ လုပ်ဆောင်နေတယ်လို့  အာဏာပိုင်တွေက ပြောပါတယ်။

နိုင်ငံရဲ့ အရှေ့ပိုင်းဒေသရှိ မာဗီလ်အရူလို့ခေါ်တဲ့ ရေလှောင်တမံ ကျိုးပေါက်ခဲ့ပြီးနောက် လေတပ်ကနေ ရဟတ်ယာဉ်တွေနဲ့ လူပေါင်း ၁၂၀ ကျော်ကို ဘေးလွတ်ရာ ကယ်ထုတ်နိုင်ခဲ့ပါတယ်။

ဒ့ါအပြင် နောက်ထပ် လူဦးရေ ၂,၀၀၀ ခန့်ကိုလည်း ဘေးကင်းရာ ကုန်းမြင့်ဒေသတွေဆီ ပြောင်းရွှေ့ပေးခဲ့တယ်လို့ စစ်တပ်က ထုတ်ပြန်ထားပါတယ်။

ရေဘေးဒဏ်ကို အဆိုးရွားဆုံး ခံစားခဲ့ရတဲ့ ဒေသတွေထဲ တခုဖြစ်တဲ့ စီးပွားရေးမြို့တော် ကိုလံဘိုမှာတော့ မိသားစုအများအပြားဟာ ရေကြီးမှုကြောင့် သူတို့တွေရဲ့ နေအိမ်တွေအတွင်း ပိတ်မိနေကြဆဲဖြစ်ပါတယ်။

ကိုလံဘိုမြို့ ဆင်ခြေဖုံးဒေသ ကီလာနီယာအပါအဝင် နိုင်ငံရဲ့ နောက်ထပ်ဒေသတွေဆီ အစိုးရ အေဂျင်စီတွေနဲ့ အလှူရှင်တွေက အစားအသောက်တွေကို ထောက်ပံ့ပေးနေပေမဲ့  လုံလောက်တဲ့ အကူအညီတွေ မရရှိသေးဘူးလို့ ဒေသခံတွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

လူပေါင်း ၁၇,၀၀၀ ကျော်ဟာ ရေပြန်ကျမယ့်အချိန်ကို စောင့်ဆိုင်းရင်း ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေကြရပါတယ်။

“ကျွန်မနဲ့ ကျွန်မညီမရယ်၊ ကလေး ၄ ယောက်ရယ် အိမ်အပေါ်ထပ်မှာ ပိတ်မိနေတာ နှစ်ရက်ရှိပါပြီ။ အစားအသောက်တွေလည်း တဖြည်းဖြည်း ပြတ်လပ်လာတယ်။ မနေ့ညကဆို ကလေးတွေကို ကျွေးဖို့ ဘီစကွတ်နဲ့ ရေပဲ ကျန်ပါတော့တယ်”လို့ အသက် ၃၇ နှစ်အရွယ် Sunethra Priyadarshani က ရိုက်တာကို ပြောပါတယ်။

သူတို့မိသားစုကိုတော့ နေ့လယ်စာ လာရောက်ဝေငှတဲ့ လှေတစင်းက ကယ်ဆယ်နိုင်ခဲ့ပါတယ်။

“ကျွန်မတို့မှာ ကိုယ်ပေါ်က ဝတ်ထားတဲ့ အဝတ်အစားပဲ ရှိပါတော့တယ်။ လောလောဆယ်တော့ အဒေါ်ဖြစ်သူရဲ့ အိမ်မှာ သွားနေပါမယ်။ ဒါပေမဲ့ ကျွန်မတို့ တကယ်ကို အကူအညီ လိုအပ်နေပါတယ်”လို့ သူက ဆက်ပြောပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းဟာ အိန္ဒိယနိုင်ငံတောင်ပိုင်းကို ဆက်လက် ရွေ့လျားသွားပြီဖြစ်လို့ လာမယ့်သုံးရက်အတွင်း ရေကြီးမှုဟာ တဖြည်းဖြည်း ပြန်လည်ကျဆင်းသွားမယ်လို့ ခန့်မန်းထားပါတယ်။

အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတို့မှာလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ ရေကြီးမှုတွေနဲ့ မြေပြိုမှုတွေကြောင့် သေဆုံးသူဦးရေမှာ ၆၀၀ ကျော်အထိ မြင့်တက်လာခဲ့ပြီး သောင်းနှင့်ချီ နေရပ်စွန့်ခွာရသူတွေအတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေကို သီတင်းပတ်ကုန် ရက်တွေအတွင်း ဆက်လက်လုပ်ဆောင်နေကြောင်း တာဝန်ရှိသူတွေက အသိပေးထားပါတယ်။

Ref – Reuters