
လူတွေမှာ ကူးစက်နိုင်တဲ့ H1 နဲ့ H3 လို ရာသီပေါ် တုပ်ကွေးရောဂါတွေအတွက် ပဋိပစ္စည်း (Antibodies) တွေ ရှိထားပြီးဖြစ်ပေမဲ့ ငှက်တွေနဲ့ နို့တိုက်သတ္တဝါများကို ကူးစက်နေတဲ့ H5 ကြက်ငှက် တုပ်ကွေးအတွက်တော့ ပဋိပစ္စည်း မရှိသေးပါဘူး။
၂၈၊ နိုဝင်ဘာ။
တောရိုင်းငှက်တွေ၊ အိမ်မွေး ကြက်၊ ငှက်တွေနဲ့ နို့တိုက်သတ္တဝါတွေအကြား ပျံ့နှံ့နေတဲ့ ကြက်ငှက် တုပ်ကွေး ဗိုင်းရပ်စ်ဟာ လူသားအချင်းချင်းပါ ကူးစက်နိုင်တဲ့အထိ ဗီဇပြောင်းလဲသွားခဲ့ရင် ကိုဗစ်-၁၉ ထက် ပိုမိုဆိုးရွားတဲ့ ကပ်ရောဂါတစ်ခု ဖြစ်လာနိုင်တယ်လို့ ပြင်သစ်အခြေစိုက် Institut Pasteur အဖွဲ့ရဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါဌာန အကြီးအကဲက ပြောလိုက်ပါတယ်။
အထူးသဖြင့် ပြင်းထန်ပြီး ကူးစက်မြန် ကြက်ငှက်တုပ်ကွေးရောဂါကြောင့် လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ကြက်၊ ငှက်အကောင်ရေ သန်းပေါင်းရာနဲ့ချီကို သုတ်သင်ရှင်းလင်းခဲ့ရပြီး စားနပ်ရိက္ခာ ထောက်ပံ့မှုအတွက် သက်ရောက်မှုရှိခဲ့ကာ ဈေးနှုန်းမြင့်တက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် လူတွေဆီ ကူးစက်မှုကတော့ မရှိသလောက်နည်းပါးခဲ့ပါတယ်။
“စိုးရိမ်တာက ဒီဗိုင်းရပ်စ်က နို့တိုက်သတ္တဝါတွေ၊ အထူးသဖြင့် လူတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲလာပြီး လူအချင်းချင်း ကူးစက်နိုင်စွမ်း ရှိလာမှာကိုပါ။ အဲဒီလိုဖြစ်လာတဲ့ ဗိုင်းရပ်စ်ဟာ ကပ်ရောဂါဗိုင်းရပ်စ်တခု ဖြစ်လာပါလိမ့်မယ်”လို့ Institut Pasteur ရဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါဌာန ဆေးဘက်ဆိုင်ရာ ညွှန်ကြားရေးမှူး Marie-Anne Rameix-Welti က ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
Institut Pasteur ဟာ ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ စစ်ဆေးတဲ့ ကိရိယာတွေကို အဦးဆုံးတီထွင်ဖြန့်ဝေခဲ့တဲ့ ဥရောပ ဓာတ်ခွဲခန်းတွေထဲက တခုဖြစ်ပြီး အဆိုပါနည်းပညာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နဲ့ ကမ္ဘာတဝန်းရှိ ဓာတ်ခွဲခန်းတွေထံ မျှဝေပေးခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။
လူတွေမှာ ကူးစက်နိုင်တဲ့ H1 နဲ့ H3 လို ရာသီပေါ် တုပ်ကွေးရောဂါတွေအတွက် ပဋိပစ္စည်း (Antibodies) တွေ ရှိထားပြီးဖြစ်ပေမဲ့ ငှက်တွေနဲ့ နို့တိုက်သတ္တဝါများကို ကူးစက်နေတဲ့ H5 ကြက်ငှက် တုပ်ကွေးအတွက်တော့ ပဋိပစ္စည်း မရှိသေးပါဘူး။
ဒါ့အပြင် ထိခိုက်လွယ်သူတွေ (သက်ကြီးရွယ်အိုနဲ့ ရောဂါအခံရှိသူတွေ) ကို အဓိက တိုက်ခိုက်လေ့ရှိတဲ့ ကိုဗစ်-၁၉ နဲ့မတူဘဲ တုပ်ကွေးဗိုင်းရပ်စ်ဟာ ကလေးငယ်တွေအပါအဝင် ကျန်းမာသန်စွမ်းသူတွေကိုပါ သေဆုံးစေနိုင်ကြောင်း Rameix-Welti က အသိပေးထားပါတယ်။
ကြက်ငှက်တုပ်ကွေးနဲ့ ပတ်သက်တဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ ၂၀၀၃ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ အီဂျစ်၊ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်နိုင်ငံတို့မှာ အဓိကအားဖြင့် လူကိုကူးစက်မှုဖြစ်စဉ် ၁,၀၀၀ နီးပါး ရှိခဲ့ပြီး အဲဒီထဲ ၄၈ ရာခိုင်နှုန်း သေဆုံးခဲ့ကြောင်း WHO က ဖော်ပြထားပါတယ်။
ကြက်ငှက်တုပ်ကွေးဟာ လူအချင်းချင်း ကူးစက်နိုင်တဲ့အဆင့်အထိ ဗီဇပြောင်းလဲသွားရင်တောင်မှ ကမ္ဘာကြီးအနေနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ မဖြစ်ပွားမီ အချိန်ကထက် ပိုမိုကောင်းမွန်စွာ ပြင်ဆင်ထားပြီးဖြစ်ကြောင်း Rameix-Welti က အသိပေးထားပါတယ်။
“ကိုဗစ်နဲ့ ယှဉ်လိုက်ရင် တုပ်ကွေးရောဂါမှာ အားသာချက်က ကျွန်မတို့မှာ တိကျတဲ့ ကာကွယ်ရေး အစီအမံတွေ ရှိထားပြီး ဖြစ်ပါတယ်။ ကာကွယ်ဆေး ထုတ်လုပ်ဖို့ အသင့်ရှိနေသလို ကာကွယ်ဆေးကို ဘယ်လို မြန်မြန်ဆန်ဆန် ထုတ်လုပ်ရမလဲ ဆိုတာကိုလည်း သိထားပါတယ်”လို့ သူက ဆိုပါတယ်။
Ref – Reuters