ကာကွယ်ရေးအသုံးစရိတ် ထပ်တိုးသုံးစွဲဖို့ ထိုင်ဝမ်သမ္မတ အဆိုပြုမယ်

ပြီးခဲ့တဲ့ ၅နှစ်အတွင်းမှာ တရုတ်ဘက်က ထိုင်ဝမ်အပေါ် စစ်ရေးနဲ့ နိုင်ငံရေးဖိအားတွေ ပိုမို ပြင်းထန်လာပါတယ်။

၂၆၊ နိုဝင်ဘာ

တရုတ်ရဲ့ ကျူးကျော်လာနိုင်ခြေကို ဟန့်တားဖို့ ထိုင်ဝမ်အနေနဲ့ ကာကွယ်ရေးအသုံးစရိတ် အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံ ထပ်တိုးသုံးစွဲသွားဖို့ အဆိုပြုသွားမယ်လို့ ထိုင်ဝမ်သမ္မတ လိုင်ချင်းထီက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

ဘေဂျင်းအစိုးရဟာ တရုတ်တပြည်ထောင်တည်း မူဝါဒအရ ထိုင်ဝမ်းကျွန်းကို သူတို့ရဲ့ပိုင်နက်အဖြစ် သတ်မှတ်ထားပေမယ့် ထိုင်ဝမ်ကတော့ ဒါကို ငြင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ ၅နှစ်အတွင်းမှာ တရုတ်ဘက်က ထိုင်ဝမ်အပေါ် စစ်ရေးနဲ့ နိုင်ငံရေးဖိအားတွေ ပိုမို ပြင်းထန်လာပါတယ်။

လက်ရှိမှာ အမေရိကန်ကလည်း ထိုင်ဝမ်အနေနဲ့ ကာကွယ်ရေးအသုံးစရိတ်မြင့်တင်ဖို့ တိုက်တွန်းထားပါတယ်။

ပဋိပက္ခတွေနဲ့ ရင်ဆိုင်ရချိန်မှာ ဆွေးနွေးအလျော့ပေးတာက ကျေးကျွန်ဘဝကလွှဲပြီး ဘာမှမဖြစ်ဘူးဆိတာ သမိုင်းက သက်သေပြခဲ့ပြီလို့ သမ္မတ လိုင်က ပြောပါတယ်။

“အမျိုးသားလုံခြုံရေးအတွက် ညှိနှိုင်း အလျော့ပေးစရာမရှိဘူး” လို့  သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

တရုတ်က ထိုင်ဝမ်ဟာ သူတို့ရဲ့ ပိုင်နက်နယ်မြေ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း အခိုင်အမာဆိုထားပြီး ထိုင်ဝမ်ကို သိမ်းပိုက်ဖို့ အင်အားသုံးမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

သမ္မတ ထရမ့် အိမ်ဖြူတော်ကို ဒုတိယအကြိမ် ပြန်ရောက်လာပြီးနောက်ပိုင်း ထိုင်ဝမ်ကို ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ဒေါ်လာ သန်း ၃၃၀ တန်ဖိုးရှိ စစ်လက်နက်တွေရောင်းချဖို့

အခုလအစောပိုင်းမှာ အမေရိကန်ဘက်က အတည်ပြုထားပါတယ်။

တရုတ်ရဲ့ တိုက်ခိုက်လာနိုင်ခြေကို ကာကွယ်ဖို့ ထိုင်ဝမ်အနေနဲ့ ငွေကြေး ပိုမိုသုံးစွဲရမယ်ဆိုတဲ့ အမေရိကန်ရဲ့ ဖိအားပေးမှုတွေကြားမှာ ဒီမိုကရက်တစ် တိုးတက်ရေးပါတီ (DPP) ကို ဦးဆောင်သူ လိုင် အနေနဲ့ နှစ်စဉ် ကာကွယ်ရေးအသုံးစရိတ်ကို လာမယ့်နှစ်မှာ GDP ရဲ့ သုံးရာခိုင်နှုန်းကျော်နဲ့ ၂၀၃၀ ပြည့်နှစ်မှာ ငါးရာခိုင်နှုန်းအထိ တိုးမြှင့်ဖို့ အစီအစဉ်တွေကို အရင်ကတည်းက ချမှတ်ထားပါတယ်။

ဒါပေမဲ့ အစိုးရအနေနဲ့ အဆိုပြုထားတဲ့ အသုံးစရိတ်ကို လွှတ်တော်ရဲ့ အတည်ပြုချက်ရယူဖို့ ရုန်းကန်ရဖွယ်ရှိနေပြီး အကြောင်းကတော့ တရုတ်နဲ့ ပိုမိုနီးကပ်တဲ့ ဆက်ဆံရေးကို လိုလားနေတဲ့ အဓိက အတိုက်အခံ ကူမင်တန်ပါတီဟာ ထိုင်ဝမ်ပြည်သူ့ပါတီရဲ့ အကူအညီနဲ့ လွှတ်တော်တွင်း ဘဏ္ဍာရေးဆိုင်ရာ ဆုံးဖြတ်ခွင့်ကို ထိန်းချုပ်ထားတာကြောင့် ဖြစ်ပါတယ်။

မကြာသေးမီက ရွေးကောက်ခံခဲ့ရတဲ့ ကူမင်တန်ဥက္ကဋ္ဌ ချန်းလီဝမ်က ထိုင်ဝမ်မှာ “အဲဒီလောက် ငွေအများကြီး မရှိဘူး”လို့ ဆိုထားပြီး လိုင်ရဲ့ ကာကွယ်ရေး အသုံးစရိတ် စီမံကိန်းတွေကို အစောပိုင်းကတည်းက ကန့်ကွက်ခဲ့ဖူးပါတယ်။

Ref – CNA