ဂျပန်က ကမ္ဘာ့အကြီးဆုံး နျူကလီးယား ဓာတ်အားပေးစက်ရုံကြီး ပြန်လည် လည်ပတ်ဖို့ နီးစပ်လာ

စက်ရုံ ပြန်လည်လည်ပတ်ရေး အစီအစဉ်ကို လက်တွေ့အကောင်အထည်ဖော်ဖို့ အတွက်တော့ ဒေသန္တရအစိုးရလွှတ်တော်နဲ့ ဂျပန်နိုင်ငံ နျူကလီးယား ထိန်းသိမ်းကွပ်ကဲရေးအဖွဲ့တို့ရဲ့ ခွင့်ပြုချက်တွေ ထပ်မံလိုအပ်နေပါသေးတယ်။

၂၃၊ နိုဝင်ဘာ။

ဂျပန်နိုင်ငံဟာ ၂၀၁၁ ခုနှစ် ဖူကူရှီးမား နျူကလီးယား ဘေးအန္တရာယ် ဖြစ်ပွားပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့အကြီးဆုံး နျူကလီးယား ဓာတ်အားပေးစက်ရုံကြီးကို ပြန်လည် လည်ပတ်ခွင့်ပြုဖို့ ပိုမိုနီးစပ်လာပြီ ဖြစ်ပါတယ်။

ကာရှီဝါဇာကီ-ကာရီဝါ ဓာတ်အားပေးစက်ရုံ တည်ရှိရာ နီဂါတာဒေသရဲ့ အုပ်ချုပ်ရေးမှူး ဟိဒဲယို ဟာနာဇူမိက စက်ရုံကို တစ်စိတ်တစ်ပိုင်း ပြန်လည်လည်ပတ်ဖို့အတွက် သူက မီးစိမ်းပြ ခွင့်ပြုလိုက်ပြီလို့ ဆိုပါတယ်။

လက်ရှိမှာ Tepco လျှပ်စစ်ကုမ္ပဏီက ကြီးကြပ်နေတဲ့ အဆိုပါ စက်ရုံ ပြန်လည်လည်ပတ်ရေး အစီအစဉ်ကို လက်တွေ့အကောင်အထည်ဖော်ဖို့ အတွက်တော့ ဒေသန္တရအစိုးရလွှတ်တော်နဲ့ ဂျပန်နိုင်ငံ နျူကလီးယား ထိန်းသိမ်းကွပ်ကဲရေးအဖွဲ့တို့ရဲ့ ခွင့်ပြုချက်တွေ ထပ်မံလိုအပ်နေပါသေးတယ်။

တတယ်လို့ ခွင့်ပြုချက် ရခဲ့မယ်ဆိုရင် ဒါဟာ ဆူနာမီကြောင့် ဖူကူရှီးမားစက်ရုံ ပျက်စီးဆုံးရှုံးခဲ့ရပြီး နောက်ပိုင်း Tepco ကုမ္ပဏီအနေနဲ့ ဂျပန်နိုင်ငံမှာ နျူကလီးယား ဓာတ်ပေါင်းဖို လုပ်ငန်းလည်ပတ်ခွင့်ကို ပထမဆုံးအကြိမ် ပြန်လည်ရရှိလာမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ စက်ရုံကို ပြန်လည်လည်ပတ်သင့်၊ မသင့် ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး နီဂါတာဒေသခံတွေကြားမှာ သဘောထားကွဲလွဲမှုတွေ ရှိနေပါတယ်။

အုပ်ချုပ်ရေးမှူး ဟာနာဇူမိက သူ့ရဲ့ ဆုံးဖြတ်ချက်ကို လာမယ့် ဒီဇင်ဘာလမှာကျင်းပမယ့် ဒေသန္တရအစိုးရလွှတ်တော် အစည်းအဝေးမှာ ဆွေးနွေးသွားမှာဖြစ်ပြီး လွှတ်တော်ရဲ့ အတည်ပြုချက်ရယူသွားမယ်လို့ သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အဆိုပါ ခွင့်ပြုချက်ဟာ ကာရှီဝါဇာကီ-ကာရီဝါ စက်ရုံရဲ့ အမှတ် (၆) ဓာတ်ပေါင်းဖိုကို စတင်လည်ပတ်စေဖို့ဖြစ်ပြီး နောက်ပိုင်းမှာတော့ အမှတ် (၇) ဓာတ်ပေါင်းဖိုကို ဆက်လက်လည်ပတ်သွားဖို့လည်း ရှိနေပါတယ်။

၂၀၁၁ခုနှစ်က အင်အားပြင်းငလျင်နောက်ဆက်တွဲ ဆူနာမီရေလှိုင်းတွေဟာ ဓာတ်ပေါင်းဖိုတွေကို လွှမ်းမိုးသွားပြီး ရေဒီယိုသတ္တိကြွမှုတွေ ယိုစိမ့်ထွက်လာခဲ့လို့ လူပေါင်း ၁၅၀,၀၀၀ ကို ဘေးလွတ်ရာဆီ အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

အဲ့ဒီနောက် ၂၀၁၁ ခုနှစ်မှာပဲ ဂျပန်နိုင်ငံက သူတို့ရဲ့ နျူကလီးယား ဓာတ်ပေါင်းဖိုအားလုံးကို ရပ်နားထားဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ဓာတ်ပေါင်းဖို (၁၄) ခုက ပြန်လည်လည်ပတ်နေပြီ ဖြစ်ပါတယ်။ Tepco ကုမ္ပဏီဟာလည်း ဘေးဒဏ်သင့်ခဲ့သူတွေအတွက် လျော်ကြေးငွေအဖြစ် ဂျပန်ယန်းငွေ ထရီလီယံပေါင်းများစွာ ပေးလျော်ဖို့ အမိန့်ချမှတ် ခံထားရသလို စက်ရုံဖျက်သိမ်းရေး ကုန်ကျစရိတ်တွေကိုလည်း ပေးဆောင်နေရပါတယ်။

ပြီးခဲ့တဲ့လက နီဂါတာဒေသ အာဏာပိုင်တွေ ထုတ်ပြန်ခဲ့တဲ့ စစ်တမ်းတစ်ခုအရ ဒေသခံ ၅၀ ရာခိုင်နှုန်းဟာ စက်ရုံပြန်လည် လည်ပတ်မယ့်အပေါ် ထောက်ခံကြပြီး ၄၇ ရာခိုင်နှုန်းကတော့ ကန့်ကွက်ခဲ့ကြပါတယ်။ ဒါ့အပြင် ဒေသခံ ၇၀ ရာခိုင်နှုန်း နီးပါးက Tepco ကုမ္ပဏီအနေနဲ့ စက်ရုံကို လည်ပတ်မောင်းနှင်မယ့်အပေါ် စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်လို့လည်း ဖော်ပြထားပါတယ်။

ဂျပန်နိုင်ငံဟာ ကာဗွန်ထုတ်လွှတ်မှု လုံးဝမရှိစေရေး (သုညအဆင့်) ရည်မှန်းချက်ကို အကောင်အထည်ဖော်နေတာကြောင့် ကျောက်ဖြစ်ရုပ်ကြွင်း လောင်စာဆီအပေါ် မှီခိုအားထားမှုကို လျှော့ချပြီး နျူကလီးယားစွမ်းအင် အသုံးပြုမှုဘက်ကို ပိုမိုကူးပြောင်းလိုတဲ့ ဆန္ဒရှိနေတယ်ဆိုတာကို သောကြာနေ့က ဆုံးဖြတ်ချက်က မီးမောင်းထိုးပြနေပါတယ်။

Ref – BBC