
“သွားကြည့်တာ၊ အမှားတွေကတော့ ပါနေတုန်းပဲဗျ၊ မဲစာရင်းမှာ လုံး၀မပါသေးတဲ့သူတောင် ရှိ သေးတယ်။ စာရင်းလုပ်တာ နှစ်ကြိမ်ရှိပြီ၊ ဒီလိုမှားနေတယ်ဆိုရင် ပါတီတွေအတွက် အများကြီးနစ်နာရတယ်။ မဲပေးခွင့်လည်း ဆုံးရှုံးနိုင်တယ်” လို့ ဟင်္သာတမြို့နယ်မှ ပြည်သူ့ပါတီရဲ့ ပါတီဝင်တဦးက ပြောပါတယ်။
၂၂၊ နိုဝင်ဘာ။
လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ရွေးကောက်ပွဲကျင်းပတော့မယ့် စစ်ကော်မရှင်ဟာ မဲစာရင်းတွေကို ဒုတိယကြိမ်အဖြစ် မနေ့က နိုဝင်ဘာ ၂၁ ရက်နေ့မှာ ထပ်မံကြေညာခဲ့ပြီး မဲစာအရင်းအမှားတွေ အမြောက်အများ ပါဝင်နေဆဲဖြစ်သလို လာကြည့်သူတွေဟာလည်း မရှိသလောက် နည်းပါးတာတွေ့ရတယ်လို့ ဒေသခံတွေကပြောကြပါတယ်။
“အုပ်ချုပ်ရေးရုံးကတော့ လော်စပီကာနဲ့ အော်ပြောတယ်၊ မဲစာရင်းလာကြည့်ဖို့၊ မှားရင် လာပြင်ဖို့ပေ့ါ။ ဒီမနက်လိုက် ကြည့်တာတော့ လာကြည့်တဲ့သူတွေ မတွေ့ပါဘူး။ ခြောက်ကပ်ကပ်ပဲ။ တချို့ရပ်ကွက်တွေဆို တယောက်မှတောင် မတွေ့ခဲ့ဘူး” လို့ ရွေးကောက်ပွဲပထမဆုံးအသုတ် ကျင်းပမယ့်ထဲပါဝင်တဲ့ ဧရာ၀တီတိုင်းမြို့တော် ပုသိမ်မြို့မှ လူ ငယ်တဦးက ပြောပါတယ်။
စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကော်မရှင်ဟာ ပထမအကြိမ်မဲစာရင်းကို စက်တင်ဘာလ ၃၀ ရက်နေ့မှာ စတင်ကြေညာခဲ့ပြီး အဲဒီတုန်းကလည်း သေဆုံးပြီးသားသူတွေ၊ ပြောင်းရွေ့သွားသူတွေ၊ အပြင်မှာ တကယ်မရှိသူတွေ စတဲ့ အမှားအယွင်းများစွာ ပါဝင်နေခဲ့တာကြောင့် ဝေဖန်မှုများစွာ ရှိခဲ့ပါတယ်။
အခုအခါမှာတော့ ဒုတိယအကြိမ်မဲစာရင်း ကြေငြာတာဖြစ်ပြီး ဒီတကြိမ်မှာလည်း အမှားများစွာ တွေ့ရဆဲဖြစ်တယ် လို့ ဆိုကြပါတယ်။
“သွားကြည့်တာ၊ အမှားတွေကတော့ ပါနေတုန်းပဲဗျ၊ မဲစာရင်းမှာ လုံး၀မပါသေးတဲ့သူတောင် ရှိ သေးတယ်။ စာရင်းလုပ်တာ နှစ်ကြိမ်ရှိပြီ၊ ဒီလိုမှားနေတယ်ဆိုရင် ပါတီတွေအတွက် အများကြီးနစ်နာရတယ်။ မဲပေးခွင့်လည်း ဆုံးရှုံးနိုင်တယ်” လို့ ဟင်္သာတမြို့နယ်မှ ပြည်သူ့ပါတီရဲ့ ပါတီဝင်တဦးက ပြောပါတယ်။
ရေကြည်၊ အသုတ်၊ အင်္ဂပူ၊ မော်လမြိုင်ကျွန်း၊ ဖျာပုံစတဲ့မြို့နယ်တွေအတွင်းမှ ပြည်သူတွေဟာလည်း မဲစာရင်းသွား ကြည့်တာ မရှိသလောက် နည်းပါးတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
“မဲစာရင်းတွေ ကြေညာတယ်၊ သို့ပေ မယ့်လို့ ပြည်သူလူထုက စိတ်ဝင်စားမှု လုံး၀မရှိဘူး၊ လာမကြည့်ကြဘူး” လို့ ငသိုင်းချောင်းမြို့နယ်မှ ဒေသခံတဦးက ပြောပါတယ်။
စစ်ကော်မရှင် လက်အောက်ခံ ဝန်ထမ်းတွေနဲ့ ရွေးကောက်ပွဲကော်မရှင်ဟာ ရွေးကောက်ပွဲအတွက် မဲစာရင်းကို ဖြစ်သလို လုပ်ထားကြတာဖြစ်ပြီး စနစ်တကျ မရှိတာကြောင့် အခုလို မဲစာရင်းအမှားတွေ များနေရတာဖြစ်တယ်လို့ ရွေးကောက်ပွဲအပေါ် စောင့်နေကြည့်နေတဲ့ ဧရာ၀တီတိုင်း ရေကြည်ဒေသခံတဦးက သုံးသပ်ပါတယ်။
“မဲစာရင်းကလေ၊ အဓိက ထွေအုပ်က စာရေးတွေက အဖြစ်လောက်ပဲ တာဝန်ကျေလုပ်ထားကြတာ။ အဲဒါကြောင့် မှားနေတာ၊ ပြည်သူတွေမပြောနဲ့ ထွေအုပ်ကဝန်ထမ်းတွေတောင် စိတ်ဝင်စားမှုမရှိဘူး” လို့ သူက ပြောပါတယ်။
အဲဒီလို ရွေးကောက်ပွဲအပေါ် ပြည်သူတွေ စိတ်ပါဝင်စားမှုမရှိတဲ့အခြေအနေမှာ စစ်ကော်မရှင်လက်အောက်ခံ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေဟာ မဲစာရင်းမဖြစ်မနေ သွားကြည့်ကြဖို့၊ အမှားပါရင် လာရောက်ပြင်ဆင်ကြဖို့၊ စာရင်းလာမကြည့်ရင် အရေးယူဖို့ စတဲ့ ခြိမ်းခြောက်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
ဧရာ၀တီတိုင်း ဝန်ကြီးချုပ်ကလည်း အောက်တိုဘာလ ၃၁ ရက်နေ့မှာ လေးမျက်နှာမြို့သို့ ရောက်လာချိန် စစ်ဘေးရှောင် ပြည်သူတွေနဲ့ တွေ့ဆုံကာ မဖြစ်မနေမဲပေးကြရမယ်လို့ ဖိအားပေးပြောဆိုခဲ့ကြောင်းလည်း ဒေသခံတွေဆီက သိရပါတယ်။
ဒါ့အပြင် ဧရာ၀တီတိုင်းအတွင်း မဲဆွယ်စည်းရုံးကြတဲ့အခါမှာလည်း စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စု ဖွံ့ဖြိုးရေးနှင့် ကြံ့ခိုင်ရေးပါတီ(USDP)ပါတီက အခွင့်အရေးတွေ ပိုရနေပြီး ကျန်ပါတီတွေကတော့ လွတ်လပ်စွာ စည်းရုံးခွင့်မရကြဘဲ ပါတီဝင်အချို့ဆိုရင် ရပ်၊ ကျေးအုပ်ချုပ်ရေးမှူးတွေ၊ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ကိုယ်ရေးကိုယ်တာအ ချက်အလက်တွေ စစ်ဆေးခံရမှုတွေ ရှိနေတယ်လို့ ပြောကြပါတယ်။
ရွေးကောက်ခံ အရပ်သားအစိုးရ လက်ထဲကနေ တိုင်းပြည်အာဏာတွေကို လုယူသိမ်းထားတဲ့ စစ်ခေါင်းဆောင်ဟာ ရွေးကောက်ပွဲ ပထမအသုတ်ကို လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ မြို့နယ်ပေါင်း ၁၀၂ မြို့နယ်အတွင်း ကျင်းပမှာ ဖြစ်ပြီး ဧရာ၀တီတိုင်းအတွင်းက ကျုံပျော်၊ ပုသိမ်၊ မအူပင်၊ မြောင်းမြ၊ ကြံခင်း၊ မြန်အောင်၊ လပွတ္တာနဲ့ ဟင်္သာတမြို့ နယ်တို့ ပါဝင်ပါတယ်။
ဒုတိယအသုတ်ကိုတော့ ၂၀၂၆ ဇန်နဝါရီ ၁၁ ရက်နေ့ မြို့နယ်ပေါင်း ၁၀၀ မှာ ကျင်းပမှာဖြစ်ပြီး ဧရာ၀တီတိုင်း အတွင်းက ကျောင်းကုန်း၊ ကန်ကြီးထောင့်၊ သာပေါင်း၊ ကျိုက်လတ်၊ ဖျာပုံ၊ ဘိုကလေး၊ ပန်းတနော်၊ ဝါးခယ်မ၊ အိမ်မဲ မြို့နယ်တို့ပါဝင်တာ တွေ့ရပါတယ်။
တတိယအသုတ်ကို မြို့နယ်ပေါင်း ၇၂ မြို့နယ်အတွင်း ကျင်းပမယ်လို့ ဆိုထားကာ ဧရာ၀တီတိုင်းအတွင်းမှ ငပု တော၊ ဇလွန်၊ မော်လမြိုင်ကျွန်း၊ ညောင်တုန်း၊ ဓနုဖြူ၊ ဒေးဒရဲ၊ အင်္ဂပူတို့နဲ့ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ လေး မျက်နှာ၊ ရေကြည်မြို့နယ်တို့ပါဝင်ပြီး ကျင်းပမယ့်အချိန်ကိုတော့ တိတိကျကျ မကြေညာသေးပါဘူး။
ဒါ့အပြင် ရွေးကောက်ပွဲတတိယအသုတ်ထဲ အာရက္ခတပ်တော်(AA)အပါအဝင် တော်လှန်ရေးတပ်ဖွဲ့ တွေသိမ်းပိုက် ထိန်းချုပ်ထားတဲ့မြို့နယ်အချို့လည်း ပါဝင်တာတွေ့ရပါတယ်။
အဲဒီရွေးကောက်ပွဲမှာ ဧရာ၀တီတိုင်းအတွင်းက မဲဆန္ဒနယ်တွေမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ရှမ်း တိုင်းရင်းသားများဒီမိုကရက်တစ်(ကျားဖြူ)ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါ တီ၊ ပြည်သူ့ပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ပုသိမ်မြို့အခြေစိုက်အလုပ်သမား လယ်သမား ပြည်သူ့ပါတီနဲ့ ဘိုကလေးမြို့ အခြေစိုက်ခေတ်သစ်ပြည်သူံပါတီတို့ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အပါအဝင် တော်လှန်ရေးအင်အားစုတွေကတော့ စစ်ကော်မရှင်က လုပ်မယ့် ရွေးကောက်ပွဲဟာ အတုအယောင်ရွေးကောက်ပွဲဖြစ်တာမို့ ဆန့်ကျင်ကြဖို့ တိုက်တွန်းထားပါတယ်။