ဩစတြေးလျက ဆယ်ကျော်သက်အရွယ် လူမှုကွန်ရက် အကောင့်တွေကို ဖယ်ရှားသွားမယ်လို့ Meta ထုတ်ပြန်


ကမ္ဘာတစ်ဝန်းရှိ စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့အစည်းတွေဟာ လူမှုကွန်ရက်ရဲ့ အန္တရာယ်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ ရုန်းကန်နေရချိန် ဩစတြေးလျရဲ့ ကျယ်ပြန့်တဲ့ ကန့်သတ်ပိတ်ပင်မှုတွေဟာ လက် တွေ့မှာ အလုပ်ဖြစ်၊ မဖြစ်ကို အထူးစိတ်ဝင်စားနေကြပါတယ်။

၂၀၊ နိုဝင်ဘာ။

လူမှုကွန်ရက်အသုံးပြုခွင့် ကန့်သတ်မယ့် ဥပဒေတွေကို အသက်ဝင်စေဖို့ ဩစတြေးလျ အစိုးရက ပြင်ဆင်နေချိန် အသက် ၁၆ နှစ်အောက် ဩစတြေး လျ ဆယ်ကျော်သက်အရွယ် အသုံးပြုသူ အကောင့်တွေကို ဒီဇင်ဘာလ ၄ ရက်နေ့ကနေစပြီး Facebook နဲ့ Instagram တို့ကနေ ဖယ်ရှားသွားမယ် လို့ Meta နည်းပညာကုမ္ပဏီ ဒီကနေ့ နိုဝင်ဘာ လ ၂၀ရက်နေ့မှာ ပြောပါတယ်။

လာမယ့် ဒီဇင်ဘာလ ၁၀ ရက်နေ့က စတင်ပြီး ဩစ တြေးလျနိုင်ငံမှာ Facebook, Instagramနဲ့ TikTok အပါအဝင် လူမှုကွန်ရက် ပလက်ဖောင်းတွေအနေနဲ့ အသက် ၁၆ နှစ်အောက် အသုံးပြုသူတွေကို ဖယ်ရှားပေးဖို့ ဒါမှမဟုတ် ကြီးလေးတဲ့ ဒဏ်ကြေးတွေ ချမှတ်ဖို့ ဖိအားပေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

အဆိုပါ ပိတ်ပင်တားမြစ်မှုတွေ အသက်ဝင်မလာမီ ကြိုတင်ပြီး ဆယ်ကျော်သက်တွေကို Meta က သူတို့ရဲ့ ပလက်ဖောင်းကနေ စတင်ဖယ်ရှားသွားမှာဖြစ်ပါတယ်။

“ဒီနေ့ကစပြီး Metaအနေနဲ့ အသက် ၁၃ နှစ်ကနေ ၁၅ နှစ်ကြား ရှိတဲ့ ဩစတြေးလျနိုင်ငံသားတွေကို Instagram ၊ Threadsနဲ့ Facebook တို့ကို အသုံးပြုခွင့် ပေးမှာ မဟုတ်တော့ဘူးဆိုတာ အသိပေး အကြောင်းကြားသွားမယ်”လို့ ကြေညာချက်တစ်စောင်မှာ ဖော်ပြထားပါတယ်။

ဩစတြေးလျအစိုးရရဲ့ကိန်းဂဏန်းအချက်အလက် တွေအရ နိုင်ငံမှာ အသက် ၁၃ နှစ်ကနေ ၁၅ နှစ် ကြား Instagram အသုံးပြုသူ ၃၅၀,၀၀၀ ဝန်းကျင်နဲ့ Facebook account  ၁၅၀,၀၀၀ ဝန်းကျင် ရှိကြောင်း သိရပါတယ်။

လက်ရှိမှာတော့ အသုံးပြုသူတွေအနေနဲ့ မကြာမီမှာ အကောင့်အသုံးပြုခွင့် ပိတ်ပင်ခံရတော့မှာဖြစ်ပြီး

“မကြာမီအချိန်အတွင်း Facebookကို ဆက်လက် အသုံးပြုနိုင်တော့မှာ မဟုတ်သလို၊ ပရိုဖိုင်ကို ကိုယ်တိုင်ရော တခြားသူတွေပါ မြင်တွေ့နိုင်တော့မှာ မဟုတ်”လို့ သက်ဆိုင်သူတွေဆီကို Meta က ပေးပို့တဲ့ စာတိုအတွင်း ရေးသားထားပါတယ်။

ဒါ့အပြင် အသက် ၁၆ နှစ်ပြည့်တဲ့အခါမှ Facebook အသုံးပြုခွင့် ပြန်လည်ရရှိမှာဖြစ်လို့ အသိပေး အကြောင်းကြားသွားမယ်လို့လည်း ဆိုပါတယ်။

မှားယွင်း ပယ်ဖျက်ခံရသူ အကောင့်ပိုင်ရှင်တွေအနေနဲ့ ဗီဒီယို ဆဲလ်ဖီရိုက်ကူးတာ ဒါမှမဟုတ် အစိုးရထုတ်ပြန်ထားတဲ့ သက်သေခံကတ်ပြား တစ်ခုခုကို ပြသပြီး အသက်ကို အတည်ပြုနိုင်မယ်လို့လည်း ဆိုပါတယ်။

ကမ္ဘာတစ်ဝန်းရှိ စည်းမျဉ်းထိန်းသိမ်းရေး အဖွဲ့အစည်းတွေဟာ လူမှုကွန်ရက်ရဲ့ အန္တရာယ်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ ရုန်းကန်နေရချိန် ဩစတြေးလျရဲ့ ကျယ်ပြန့်တဲ့ ကန့်သတ်ပိတ်ပင်မှုတွေဟာ လက် တွေ့မှာ အလုပ်ဖြစ်၊ မဖြစ်ကို အထူးစိတ်ဝင်စားနေကြပါတယ်။

ဥပဒေတွေကို လိုက်နာဖို့ ပျက်ကွက်တဲ့ လူမှုကွန်ရက် ကုမ္ပဏီတွေဟာ ဩစတြေးလျဒေါ်လာ ၄၉.၅ သန်း (အမေရိကန်ဒေါ်လာ ၃၂ သန်း) အထိ ဒဏ်ကြေး ချမှတ်ခံရမှာဖြစ်ပါတယ်။

Ref – AFP