
လက်ရှိမှာ AI နည်းပညာကုမ္ပဏီတွေရဲ့ တန်ဖိုးတွေ အဆမတန် ထိုးတက်လာသလို ကုမ္ပဏီတွေကလည်း တဟုန်ထိုးဖွံ့ဖြိုးလာနေတဲ့ ဒီကဏ္ဍမှာ ငွေတွေ အကြီးအကျယ် ရင်းနှီးမြှုပ်နှံလာကြပါတယ်။
၁၉၊ နိုဝင်ဘာ
Google ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဆွန်ဒါပီချိုင်းက ဉာဏ်ရည်တုနည်းပညာ (AI) အပေါ် ရင်းနှီးမြှုပ်နှံမှု တိုးတက်လာတာဟာ အင်မတန်ထူးခြားတဲ့ အခိုက်အတန့် ဖြစ်ပေမဲ့ လက်ရှိ AI ခေတ်စားလာမှုမှာ ယုတ္တိကင်းမဲ့တဲ့ အချက်တချို့လည်း ရှိနေတယ်လို့ သတိပေးလိုက်ပါတယ်။
အမေရိကန်ဒေါ်လာထရီလီယံနဲ့ချီတဲ့ AI ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နေကြတာကြောင့် စီးပွားရေးစျေးကွက်ဟာ ပူဖောင်းတလုံးလို ဖြစ်လာပြီး တကယ်လို့ စီးပွားရေး စျေးကွက် ပြိုလဲပြီး ပေါက်ကွက်သွားတဲ့အခါမှာ ကုမ္ပဏီတိုင်း ထိခိုက်မှု ရှိလိမ့်မယ်လို့ သူက ဆိုပါတယ်။
လက်ရှိမှာ AI နည်းပညာကုမ္ပဏီတွေရဲ့ တန်ဖိုးတွေ အဆမတန် ထိုးတက်လာသလို ကုမ္ပဏီတွေကလည်း တဟုန်ထိုးဖွံ့ဖြိုးလာနေတဲ့ ဒီကဏ္ဍမှာ ငွေတွေ အကြီးအကျယ် ရင်းနှီးမြှုပ်နှံလာကြပါတယ်။
AI စီးပွားရေးပူဖောင်း ပေါက်ကွဲခဲ့ရင် Google အနေနဲ့ အဲဒီရိုက်ခတ်မှုဒဏ်ကနေ ကင်းလွတ်နိုင်မလားဆိုတဲ့ မေးခွန်းအပေါ် “ကျွန်တော်တို့ အပါအဝင် ဘယ်ကုမ္ပဏီမှ ဒီဒဏ်ကနေ ကင်းလွတ်နိုင်မယ် မထင်ပါဘူး”လို့ သူက ဆိုပါတယ်။
Google ရဲ့ကယ်လီဖိုးနီးယား ရုံးချုပ်မှာ ပြုလုပ်ခဲ့တဲ့ ဘီဘီစီနဲ့ သီးသန့်မေးမြန်းခန်းမှာ စွမ်းအင်လိုအပ်ချက်ကိစ္စ၊ ရာသီဥတုထိန်းသိမ်းရေး ရည်မှန်းချက်တွေ လျော့ကျတာ ၊ ဗြိတိန်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမယ့် ကိစ္စနဲ့ AI မော်ဒယ်တွေရဲ့ တိကျမှန်ကန်မှုအခြေအနေအပြင် AI ကြောင့် အလုပ်အကိုင်တွေအပေါ် သက်ရောက်မှု စတဲ့အကြောင်းအရာတွေကိုပါ သူက ထည့်သွင်းပြောသွားခဲ့ပါတယ်။
Google ဟာ ChatGPT ရဲ့ OpenAI ကုမ္ပဏီဘက်က လာတဲ့ ပြိုင်ဆိုင်ခြိမ်းခြောက်မှုတွေကိုလည်း တွန်းလှန်ကာကွယ်နိုင်စွမ်းရှိသလို စတော့စျေးကွက်မှာ ယုံကြည်မှု ပိုတိုးလာတယ်လို့ ဆိုပါတယ်။
ဒီလိုယုံကြည်လာကြတဲ့အတွက်ကြောင့် Alphabet (Google မိခင်ကုမ္ပဏီ) ရဲ့ ရှယ်ယာတန်ဖိုးဟာ ခုနစ်လအတွင်းမှာတင် နှစ်ဆတက်လာပြီး ဒေါ်လာ ၃.၅ ထရီလီယံ (ပေါင် ၂.၇ ထရီလီယံ) အထိ ရောက်ရှိသွားခဲ့ပါတယ်။
Ref – BBC