
“ဧရာ၀တီတိုင်းထဲမှာရော၊ ပုသိမ် – မုံရွာလမ်းမကြီးတလျှောက်မှာရော တိုက်ပွဲတွေက ပြင်းထန်လာအုံးမယ်လို့ သုံး သပ်ရတယ်။
၁၈ နိုဝင်ဘာ။
အနောက်တောင်တိုင်းစစ်ဌာနချုပ်(နတခ) တည်ရှိရာ ဧရာ၀တီတိုင်းရဲ့မြို့တော် ပုသိမ်နဲ့ ဆယ်မိုင်ကျော်သာ ဝေးတော့တဲ့ သာပေါင်းမြို့နယ် သာပေါင်းကလေးကျေးရွာအနီးတဝိုက်မှာ အာရက္ခတပ်တော်(AA)ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကော်မရှင်တပ်တို့ တိုက်ပွဲတွေဆက်ဖြစ်နေပြီး စစ်တပ်ဘက်က အထိအခိုက်၊ အကျအဆုံးများနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
“တိုက်ပွဲတွေက ရက်ဆက်ဖြစ်နေတာ။ မနေ့က နည်းနည်းပြင်းတယ်။စစ်သား တဆယ်ကျော်လောက်သေတယ်။ ဒဏ်ရာရတာလည်း တဆယ်လောက်ရှိမယ်။ ဒီနေ့လည်း ပွဲက ဖြစ်နေတယ်။ကိုယ့်လူတွေ စနိုက်ပါနဲ့ ရလိုက်တာ လည်း ပါတာပေါ့။၊ အရာရှိတွေပါတယ် သေတာမှာ” လို့ AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါ တယ်။
သာပေါင်းမြို့နယ် သာပေါင်းကလေးကျေးရွာဟာ ပုသိမ်မြို့နဲ့ ၁၁ မိုင်နီးပါးအကွာ ငွေဆောင်ကမ်းခြေနဲ့ ၁၅ မိုင်ဝန်း ကျင်အကွာ ရခိုင်ရိုးမတောင်ခြေအရှေ့ဘက်ခြမ်းမှာ ရှိနေပါတယ်။
အဲဒီ သာပေါင်းကလေးကျေးရွာ အနီးတဝိုက်မှာ ပြီးခဲ့တဲ့ အောက်တိုဘာ လဆန်းပိုင်းကတည်းက တိုက်ပွဲတွေ မကြာခဏ ဖြစ်နေခဲ့တာဖြစ်ပြီး အခုရက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားမှု ပိုစိပ်လာတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
“တိုက်ပွဲအခြေအနေတွေတော့ သေသေချာချာမသိရပါဘူး။ ပစ်သံတွေကြားနေရတာ လေး၊ ငါးရက်ရှိပြီ။ ဒဏ်ရာရ ရတဲ့ စစ်သားတွေကိုတော့ အရပ်ဘက်ကလူနာတင်ယာဉ်တွေနဲ့ ပို့နေတယ်လို့တော့ သိရတယ်။ ပုသိမ်ကို ပို့တယ်တဲ့၊ တိုက်ပွဲတွေ ပိုများလာတယ်ပြောရမှာပေ့ါ ဒီဘက်မှာ” လို့ သာပေါင်းမြို့နယ်မှာ နေထိုင်တဲ့ ဒေသခံတဦးက ပြောပါတယ်။
သာပေါင်းမြို့နယ်ပြင် လေးမျက်နှာမြို့နယ် အတွင်းရှိ စက်စက်ယို၊ ချင်းလယ်ကျေးရွာ အနီးဝန်းကျင်နဲ့ နဂါးရစ် တောင်တဝိုက် မှာလည်း တိုက်ပွဲတွေ ဖြစ်နေပြီး စစ်တပ်ဘက်က အရပ်သားလူနေကျေးရွာတွေဆီ လက်နက် ကြီးနဲ့ လှမ်းပစ်တာတွေလည်း နေ့စဉ်နီးပါးရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
“စက်စက်ယိုဘက်က အသံတွေ ပိုကြားတယ်။ အဲဒီဘက်မှာလည်း ကိုယ့်ဘက်က အားသာနေတယ်တဲ့။ လက်နက် ကြီးကတော့ နေဗီလည်း ပစ်တယ်။ အခု အိုင်သပြုနားမှာတောင် နေဗီတွေ ရောက်နေတာလေ။ အဲဒီက ပစ်တယ်၊ငသိုင်းချောင်းဘက်ကလည်း ပစ်တယ်” လို့ လေးမျက်နှာမြို့နယ်မှာ နေထိုင်တဲ့ ဒေသခံအမျိုးသမီးတဦးက ပြောပါ တယ်။
AA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ၂၀၂၅ အောက်တိုဘာလ ၃ ရက်နေ့ကနေ နိုဝင်ဘာလ ၇ ရက်နေ့ထိ တိုက်ပွဲ ကာလတလကျော် အတွင်းမှာလည်း ဧရာ၀တီတိုင်းအတွင်းမှ စစ်သား နှစ်ဆယ်ကျော်ကို ဖမ်းဆီး ရမိခဲ့ပြီး နှစ်ဆယ်ကျော် လက်နက်ချအလင်းဝင်လာခဲ့ကြတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
အဲဒီဖမ်းဆီးရမိသူတွေနဲ့ အလင်းဝင်လာသူတွေထဲက အားလုံးနီးဟာ အတင်းအဓမ္မ စစ်မှုထမ်း ပေါ်တာဆွဲခံခဲ့ရတဲ့ စစ်သင်တန်းဆင်းတွေ ဖြစ်ကြပြီး အသက် ၁၈ နှစ်ပင် မပြည့်သေးသူတွေ၊ အထက်တန်းကျောင်း တက်နေကြသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဧရာ၀တီတိုင်းနဲ့ ကပ်လျှက် ရခိုင်ပြည်နယ်ထဲက ဂွမြို့နယ်ကို သိမ်းပိုက်ထားတဲ့ AA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ရခိုင်ရိုးမ အရှေ့ ဘက်ခြမ်း ရိုးမတောင်ခြေ တလျှောက် ပုသိမ် – မုံရွာလမ်းမကြီး အနီးတဝိုက် သာပေါင်း၊ ရေကြည်၊ လေးမျက်နှာမြို့ နယ်တွေ အတွင်းရှိ စစ်တပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။
လက်ရှိမှာ ရိုးမတောင်ခြေ၊ ဂွကမ်းခြေ၊ ရွှေသောင်ယံကမ်းခြေနဲ့ ပုသိမ် – မုံရွာလမ်းတလျှောက် နယ်ခြေတချို့ကို AA ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားပြီး ငသိုင်းချောင်းမြို့အနီး မြောက်စမ်းရွာအမြောက်တပ် အမတ ၃၄၄ ကိုပါ ချည်းကပ် ထိုးစစ်ဆင်နေတာ တွေ့ရပါတယ်။
စစ်တပ်ဘက်ကလည်း ငသိုင်းချောင်း၊ လေးမျက်နှာ၊ သာပေါင်းမြို့နယ်တွေဆီ ပုသိမ်၊ ကျုံပျော် တပ်ရင်းတွေကနေ လက်နက်၊ အင်အား ဖြည့်တင်းတာတွေ ဆက်တိုက်လုပ်နေပါတယ်။ ပုသိမ်မြစ် တလျှောက်မှာလည်း စစ်ရေယာဉ်(နေဗီ) ငါးစီးဝန်းကျင် ချထားပြီး ငွေဆောင်၊ ရွှေသောင်ယံ၊ ဂွကမ်းခြေတလျှောက် ပင်လယ်ပြင်မှာပါ စစ်ရေယာဉ်တွေ အမြဲတမ်းတွေ့နေရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
စစ်တပ်ဟာ အနောက်တောင်တိုင်းစစ်ဌာနချုပ်ရှိရာ ပုသိမ်မြို့ဘက်ဆီ AA နဲ့ ပူးပေါင်းတပ်တွေ ဝင်မလာ နိုင်ရေး ပုသိမ်မြစ် ကနေတဆင့် ကာဆီးဖို့ ပြင်ဆင်နေတာဖြစ်နိုင်တယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ကြ ပါတယ်။
“ဧရာ၀တီတိုင်းထဲမှာရော၊ ပုသိမ် – မုံရွာလမ်းမကြီးတလျှောက်မှာရော တိုက်ပွဲတွေက ပြင်းထန်လာအုံးမယ်လို့ သုံး သပ်ရတယ်။ AA ကလည်း သူတို့သိမ်းထားတဲ့ နယ်မြေတွေကို ကာကွယ်ဖို့လိုတယ်။ တဘက်မှာ တော်လှန်တပ်တွေ အတွက်လည်း နယ်မြေတွေ ထိန်းချုပ်နိုင်ဖို့ လိုတယ်ဆိုတော့လေ။ တိုက်ပွဲအရှိန်ကတော့ လျော့သွားမယ် မထင်ဘူး” လို့ ရခိုင်ဒေသခံ စစ်ရေးလေ့လာသူတဦးက သုံးသပ်ပါတယ်။
ရိုးမအနောက်ဘက်ခြမ်း ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၄ ခုကို အလုံးစုံသိမ်းပိုက်ထိန်းချုပ်ထားတဲ့ AA ဟာ ရိုးမ အရှေ့ဘက်ခြမ်း ဧရာ၀တီတိုင်း ၊ မကွေးတိုင်း၊ ပဲခူးတိုင်းတွေ အတွင်းက စစ်တပ်စခန်းတွေကို ဒေသခံ တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဆက်လက် တိုက်ခိုက်နေတာဖြစ်ပါတယ်။