ဟိုင်းကြီးကျွန်းကနေ ရေကူးလာတဲ့ တောဆင်ရိုင်း နှစ်ရက်ကြာနေပြီး ပြန်ထွက်သွားပြီ


ဒီဆင်ရိုင်းကြီးဟာ ဟိုင်းကြီးကျွန်းရှိ သစ်တောကြိုးဝိုင်းတွေထဲ ကျက်စားနေခဲ့တဲ့ ဆင်တကောင်ဖြစ်နိုင်ပြီး စားကျက်မြေ ရှားပါးတာကြောင့် အဲဒီလို ကမ်းကူးသွားခဲ့တာဖြစ်နိုင်တယ်လို့ အဲဒီဒေသခံက ပြောဆိုကြပါတယ်။

၁၅၊ နိုဝင်ဘာ။

ဧရာ၀တီတိုင်း ငပုတောမြို့နယ်မှာ သစ်တောကြိုးဝိုင်းတွေရှိတဲ့ ဟိုင်းကြီးကျွန်းဘက်ကနေ ရေကူးလာတဲ့ တော ဆင်ရိုင်းတကောင်ဟာ ဝက်ကုန်းကျေးရွာအုပ်စု စီလောင်ကျေးရွာအတွင်း နှစ်ရက်ကြာ စားသောက်နေခဲ့ပြီးနောက် ဒီနေ့မနက်ပိုင်းမှာ ဟိုင်းကြီးကျွန်းဘက်ဆီ ရေကူးပြန်သွားခဲ့ပါတယ်။

အဲဒီတောဆင်ရိုင်းဟာ နိုဝင်ဘာလ ၁၃ ရက်နေ့က တည်းက ဟိုင်းကြီးကျွန်းဘက်ကနေ ရေကူးခဲ့လာတာဖြစ်ပါတယ်။ စီ လောင်ရွာသားပိုင်ဥယျာဉ်ခြံတခုဆီကို ကမ်းတက်လာခဲ့ပြီး အဲဒီဥယျာဉ်ခြံအနီးဝန်းကျင်မှာ နိုဝင်ဘာ ၁၃ ရက်နဲ့ ၁၄ ရက်တို့ နှစ်ရက်
ကြာ နေထိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“ဆင်တကောင်ရေကူးလာပြီး ရွာထဲရောက်လာတယ်ဆိုတော့ ထူးဆန်းတယ်ဆိုပြီး လူတွေ အများကြီး လာကြည့် ကြသေးတယ်တဲ့။ကျနော်တော့ မရောက်ဖြစ်ဘူး၊ ဒီနေ့မနက်ကျ မရှိတော့ဘူးပြောတယ်။၊ မနက်အစောကြီးက တည်းက ရေကူးပြီး ပြန်သွားပြီတဲ့။ တောထဲ သူနေရာသူ ပြန်ရောက်သွားပြီထင်တယ်၊ တွေ့တော့ မတွေ့လိုက်ဘူး” လို့ ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းဒေသခံတဦးက ပြောပါတယ်။

ဒီဆင်ရိုင်းကြီးဟာ ဟိုင်းကြီးကျွန်းရှိ သစ်တောကြိုးဝိုင်းတွေထဲ ကျက်စားနေခဲ့တဲ့ ဆင်တကောင်ဖြစ်နိုင်ပြီး စားကျက်မြေ ရှားပါးတာကြောင့် အဲဒီလို ကမ်းကူးသွားခဲ့တာဖြစ်နိုင်တယ်လို့ အဲဒီဒေသခံက ပြောဆိုကြပါတယ်။

“ဒီ ဘက်မှာက ဆင်တွေ အရင်ကတည်းက ပေါပါတယ်။ ဒီလိုပဲ သွားလာနေတာဖြစ်မှာပါ”လို့ အဆိုပါ ဟိုင်းကြီးကျွန်း ဒေသခံက ပြောပါတယ်။

လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေသည့် ရုပ်သံဖိုင်ထဲမှာ အဲဒီဆင်ဟာ ရေထဲကူးခပ်သွားလာနေတာ တွေ့ရပြီး စက်လှေသ မားတွေက ဟိုင်းကြီးကျွန်းဘက်ဆီ မောင်းတင်ခဲ့ကြပေမယ့် ဆင်ဟာ ဟိုင်းကြီးကျွန်းဘက်မသွားဘဲ ပုသိမ်မြစ် တဘက်ကမ်း စီလောင်ရွာဘက်သို့ ကူးခပ်ရောက်လာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီဆင်ဟာ စီလောင်ရွာက ဥယျာဉ်ခြံအတွင်းရှိ ငှက်ပျောပင်တွေကို စားသောက်နေခဲ့ပြီး ရွာသားတွေနဲ့ နယ်မြေ ရဲစခန်းတာဝန်ရှိသူတွေက စောင့်ကြည့်နေကြခဲ့ကြကာ လူတွေကိုလည်း အန္တရာယ် တစုံတရာ မပြုခဲ့ဘူးလို့ သိရပါတယ်။

ဆင်တွေဟာ အချိန်အကြာကြီး ရေကူးခပ်နိုင်ကာ ၁၅ မိုင်လောက်ခရီးကို ဆက်တိုက်ကူးခပ်သွားနိုင် ပြီး အစာရှာဖွေဖို့၊ အပူဒဏ်လျှော့ချဖို့ စတဲ့ရည်ရွယ် ချက်တွေနဲ့ ကျွန်းတခုကနေ နောက်ကျွန်းတခုဆီ ရေကူးသွားလာလေ့ရှိတယ်လို့ သုတေသနတွေအရ သိရပါတယ်။

အခုအွန်လိုင်းပေါ် ပျံ့နှံလာခဲ့တဲ့ တောဆင်ရိုင်းရေကူးလာတဲ့ ဟိုင်းကြီးကျွန်းနဲ့ ဒီဘက်စီလောင်ရွာကမ်းတို့ကြားမှာ ရှိတဲ့ ငဝန်မြစ်(ပုသိမ်မြစ်)ဟာ အကျယ်သုံးမိုင်ဝန်းကျင်ရှိပါတယ်။

ဟိုင်းကြီးကျွန်းဒေသဟာ စစ်ကော်မရှင်တပ်နဲ့ အာရက္ခတပ်တော်(AA) ပူးပေါင်းတပ်တို့ အချိန်ကြာမြင့်
စွာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဂွကမ်းခြေ၊ ရွှေသောင်ယံကမ်းခြေတို့နဲ့ တဆက် စပ်တည်းမှာ တည်ရှိပြီး လက်နက်ကြီးပစ်ခတ်သံတွေကြောင့် တောရိုင်းသတ္တဝါတွေ စားကျက်နေရာ ပြောင်း ရွေ့သွားခဲ့ရတာတွေလည်း ရှိနိုင်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းကလည်း ဧရာ၀တီတိုင်း သာပေါင်းမြို့နယ် ပုသိမ် – သာပေါင်းကားလမ်းနဘေး ကြက်သွန်းကွင်း၊ ၃ မိုင်၊ ၅ မိုင်၊ ရသေ့တောင်၊ လှေကြီးတက်ရဲကင်း၊ စက္ကူပျော့ဖတ်စက်ရုံအတွင်းရှိ သီဟိုတောအတွင်းသို့လည်း တောဆင်ရိုင်းတွေ ဝင်ရောက်ကျက်စားနေခဲ့ကြပြီး အောက်တိုဘာလ ၁ ရက်နေ့မှာတော့ တောဆင် ရိုင်းအမတကောင် သေဆုံးနေတာတွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောထားကြပါတယ်။

အဲဒီတောဆင်ရိုင်းအမကတော့ လူတွေကြောင့် သေခဲ့ရတာမဟုတ်ဘဲ ဆင်ထီးနဲ့ ဆင်မမိတ်လိုက်ရင်း သေဆုံးခဲ့ရ တာဖြစ်နိုင်တယ်လို့ သစ်တောဌာနက မှတ်ချက်ပေးထားပါတယ်။