
ယူကရိန်းသမ္မတ ဇလန်းစကီးကတော့ နိုင်ငံအနှံ့ တိုက်ခိုက်မှုတွေမှာ ရုရှားဟာ ဒရုန်းအစင်း ၄၃၀ နဲ့ ဒုံးကျည် ၁၈ စင်း အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။
၁၄၊ နိုဝင်ဘာ။
ယူကရိန်းအာဏာပိုင်တွေရဲ့ ပြောကြားချက်အရ ရုရှားဟာ ဒီကနေ့ နိုဝင်ဘာ ၁၄ရက် အစောပိုင်းမှာ ယူကရိန်းမြို့တော် ကိယက်ဗ်ကို အကြီးအကျယ်တိုက်ခိုက်ခဲ့တဲ့အတွက် လူလေးဦးသေဆုံးပြီး မြို့တော်ရဲ့ ခရိုင်ဒေသတွေမှာ မီးလောင်ကျွမ်းမှုတွေနဲ့ အပျက်အစီးတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ကိယက်ဗ်ရဲ့ စစ်ဘက်အုပ်ချုပ်ရေးအဖွဲ့ အကြီးအကဲ Tymur Tkachenko က ရုရှားဘက်က ထပ်တလဲလဲ တိုက်ခိုက်မှုတွေကြောင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေ သွားရောက်ကူညီခဲ့ရပြီး လူ ၂၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ပြောပါတယ်။
ယူကရိန်းသမ္မတ ဇလန်းစကီးကတော့ နိုင်ငံအနှံ့ တိုက်ခိုက်မှုတွေမှာ ရုရှားဟာ ဒရုန်းအစင်း ၄၃၀ နဲ့ ဒုံးကျည် ၁၈ စင်း အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။
ရုရှားဟာ နိုင်ငံရဲ့ တခြားဒေသတွေကို တိုက်ခိုက်ခဲ့တဲ့အပြင် ကိယက်ဗ်မြို့ကတော့ အဓိက ပစ်မှတ်ထားခံခဲ့ရပါတယ်။
“ပြည်သူတွေနဲ့ အရပ်သားတွေကို တတ်နိုင်သမျှ ထိခိုက်မှုဖြစ်အောင် အထူးတွက်ချက်ထားတဲ့ တိုက်ခိုက်မှုတစ်ခုပါ”လို့ သမ္မတ ဇလန်းစကီးက တယ်လီဂရမ်ကနေတဆင့် ပြောခဲ့ပါတယ်။
အဇာဘိုင်ဂျန် သံရုံးကတော့ ဒုံးကျည် အစိတ်အပိုင်းတွေ ထိမှန်ခဲ့တဲ့အတွက် ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ပါတယ်။
လက်ရှိမှာ မြို့တော်အာဏာပိုင်တွေကတော့ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုတွေနဲ့ ရေပြတ်တောက်မှုတွေ ဖြစ်နိုင်ကြောင်း သတိပေးထားပါတယ်။
Ref – AP