
“ကျွန်တော်တို့ တကယ်လိုနေတာ ဘာလဲဆိုတာ မမေးဘူး။ တကယ်စိုက်လို့ ဖြစ်ရဲ့လားဆိုတာ မမေးဘူး။ မစိုက်မနေရ ဆိုတာမျိုး ခိုင်းလာမလားလို့ စိုးရိမ်နေရတယ်။
၁၃၊ နိုဝင်ဘာ။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့က မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံးမှာ လက်ဆွဲမျိုးစေ့ချကိရိယာ(Drum Seeder)များနှင့် ဆီထွက်သီးနှံ(ဆောင်းနေကြာ) မျိုးစေ့များပေးအပ်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ပြီး ဒီနှစ်အတွက် ဆီထွက်နေကြာ ဧက ၈ သောင်းကျော် စိုက်ပျိုးဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။ဒီစီမံကိန်း နဲ့ပါတ်သက်ပြီး ဒေသခံလယ်သမားတွေကတော့ ဆီထွက်နေကြာ ဈေးကွက်နဲ့ ပါတ်သက်ပြီး စိုးရိမ်မှုတွေ ရှိနေပါတယ်။
“တကယ်တော့ ကျွန်တော်တို့အခုစိုက်နေကြတဲ့ မတ်ပဲ၊ ပဲတီစိမ်း ဆိုတာတွေက ဈေးကွက်ရှိပြီးသားပဲ။ ဈေးကွက် မတည်ငြိမ်လို့သာ ကျွန်တော်တို့က ပြောနေကြရတာ။ အခုနေကြာစိုက်ဖို့ဆိုရင် အရင်ဆုံးလုပ်ပေးရမှာ ဈေးကွက်ပဲ။ ဒီဈေးကွက်ရှိတယ် ဒါစိုက်။ တကယ်ဒါကိုဝယ်မယ်။ လိုအပ်တဲ့ သွင်းအားစုတွေကိုလည်း အလွယ်တကူ ရအောင်လုပ်ပေးမယ်ဆိုရင် ကျွန်တော်တို့က စိုက်နိုင်တယ်။ ခုက စိုက်သာပြောတာ ဘယ်မှာလဲဈေးကွက်။ ကျွန်တော်တို့ကို ဖွတ်ဖွတ်ကျေအောင် လုပ်နေသလိုပဲ ” လို့ ဟင်္သာတမြို့နယ်က တောင်သူလယ်သမားအရေး ကူညီဆောင်ရွက်နေသူတဦးက ပြောပါတယ်။
ပြည်တွင်းမှာ စားသုံးဆီ ဖူလုံဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြီးခဲ့တဲ့နှစ်က မြန်အောင်ခရိုင်ကို အဓိကထားပြီး ဧက ၃ ထောင်ကျော် ဆောင်းနေကြာ စမ်းသပ်စိုက်ပျိုးခဲ့တာဖြစ်ပါတယ်။ ဒီစိုက်ပျိုးမှုဟာ အောင်မြင်ခဲ့တယ်လို့ ဦးတင်မောင်ဝင်းက ပြောပေမယ့် မြန်အောင်က လယ်သမားတွေကတော့ နေကြာစိုက်ဖို့ စိတ်မဝင်စားဘူးလို့ DNA ကိုပြောကြပါတယ်။
“မနှစ်က ကျွန်တော်တို့ဘက်(မြန်အောင်)မှာ စစိုက်ရတယ်။ ကျွန်တော်တို့လယ်တွေက နေကြာအောင်တယ်။ မတ်ပဲနဲ့ ပဲတီစိမ်းကြားမှာ သီးညှပ်စိုက်တာပေါ့။ ဒါပေမယ့် တော်တော်များများမှာ နေကြာက မဖြစ်ဘူး။ အသီးအပွင့်စချိန်မှာ ရေဆုတ်ချိန်ဆိုတော့ ညှက်တယ်။ ရေသွင်းရအောင်ကလည်း ပဲက ရေသွင်းလို့မရဘူး ” လို့ မြန်အောင်ဒေသခံ လယ်သမားတဦးက သူ့အတွေ့အကြုံကို ပြောပြပါတယ်။
ဒီစီမံကိန်းကို မြန်အောင်ခရိုင်၊ ဟင်္သာတခရိုင်နဲ့ မအူပင်ခရိုင်တွေမှာ အကောင်အထည်ဖော်သွားဖို့ ရှိပြီး အင်္ဂပူမြို့နယ်ထဲမှာလည်း ဆီတိုးပဲပုတ် ဧက ၄၀၀ ကျော် စမ်းသပ်စိုက်ပျိုးထားတာဟာလည်း အောင်မြင်တာကြောင့် ပဲပုတ် ၊ပဲကြီး ကိုလည်း ရောနှောစိုက်ပျိုးဖို့ စီစဉ်နေတယ်လို့လည်း ဆိုထားပါသေးတယ်။
“ကျွန်တော်တို့ တကယ်လိုနေတာ ဘာလဲဆိုတာ မမေးဘူး။ တကယ်စိုက်လို့ဖြစ်ရဲ့လားဆိုတာ မမေးဘူး။ မစိုက်မနေရဆိုတာမျိုး ခိုင်းလာမလားလို့ စိုးရိမ်နေရတယ်။ သူတို့ကြည့်တော့ လယ်တကြောင်းထွန်ဖူးရဲ့လား မသိဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်က ဖြစ်ခဲ့တဲ့ အဖြစ်မျိုးတွေ ပြန်ဖြစ်နေတာ ” လို့ အင်္ဂပူမြို့နယ်ထဲက ဆီတိုးပဲပုတ်စိုက်ပျိုးနေရသူ လယ်သမားတဦးက ဆိုပါတယ်။
ဧရာဝတီတိုင်းဟာ ဆောင်းသီးနှံအဖြစ် မတ်ပဲ၊ ပဲတီစိမ်းနဲ့ စပါးတွေအများစု စိုက်ပျိုးကြလေ့ရှိပြီး နေကြာကိုတော့ ဒေသတချို့မှာ သီးညှပ် စိုက်ပျိုးမှုတွေရှိပေမယ့် ဧရာဝတီတိုင်းက စိုက်ပျိုးတဲ့ နေကြာတွေအတွက် ဈေးကွက်မရှိနေတာကြောင့် တပိုင်တနိုင်စားသောက်ဖို့အတွက်သာ ရည်ရွယ် စိုက်ပျိုးကြသူ များပါတယ်။
လက်ရှိမှာတော့ စပါးဈေးအပါအဝင် ပဲဈေးတွေလည်း ကျဆင်းနေပြီး ဈေးကွက်တည်ငြိမ်မှု မရှိတာကြောင့် လယ်သမားတွေဟာ ဆက်တိုက်အရှုံးနဲ့ ရင်ဆိုင်နေရတာကြောင့် ဈေးကွက်ရှိပြီး စိုက်ပျိုးမြေနဲ့ သင့်တော်မယ့် ဆောင်းသီးနှံမျိုးတွေကို ရှာဖွေနေသူတွေလည်း ရှိကြပေမယ့် အဓိက အရေးကြီးဆုံးက ဈေးကွက်ရှိဖို့ ဖြစ်တယ်လို့ မြောင်းမြမြို့နယ်က လယ်သမားရေး ကူညီဆောင်ရွက်နေသူ တဦးက ရှင်းပြပါတယ်။