ရခိုင်ပြည်နယ် ပလက်၀မှာ ပြင်းထန်ဝမ်းရောဂါဖြစ်ပွားသူ သုံးရာကျော်ရှိနေ

လက်ရှိမှာ ဝမ်းရောဂါကြောင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကိုလည်း ယာယီပိတ်ထားရတဲ့အတွက် ရခိုင် ပြည်နယ်အတွင်း အခြေခံစားသောက်ကုန်အပါအဝင် ဆေးဝါးတဲ့ ကုန်စည် စျေးနှုန်းတွေ စျေးတက်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

၁၃ နိုဝင်ဘာ။

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်မှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေသူ သုံးရာဝန်းကျင်ရှိနေပြီး အဲဒီထဲက လူသုံးဆယ်မှာ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရတယ်လို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။

မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင် ကာကီ၊ တွီတင်း၊ လုံတင်း စတဲ့ကျေးရွာတွေကနေ ကူးစက်ပြန့်နှံ့လာခဲ့တာဖြစ်ပြီး ပလက်၀ခရိုင် ရှင်းလက်၀တိုက်နယ်က ဒေသခံတွေနဲ့ အိန္ဒိယနိုင်ငံကို သွားလာနေတဲ့ ကုန်သည်တွေမှာ အဲဒီဝမ်း ရောဂါဖြစ်နေတာလို့ ဆိုပါတယ်။

“မီဇိုရမ်ဘက်ကနေ ကူးလာတာ၊ ကုန်သည်တွေဆီက တဆင့်ကူးတာပေ့ါ။ ကူးစက်တာ အရမ်းမြန်တယ်။အခုတော့ ကုန်သွယ်ရေးလမ်းကြောင်းလည်း ယာယီပိတ်ထားတယ်။ ရောဂါတွေ ထိန်းနိုင်သွားမှပဲ ပြန်ဖွင့်မယ်သိရတယ်။ ကျနော့်အသိတွေမှာလည်း ကူးလာတဲ့သူတွေရှိတယ်” လို့ အိန္ဒိယနဲ့ ရခိုင် ကုန်စည်သယ်ယူရေးလုပ်နေတဲ့ ကုန်သည်တဦးက ပြောပါတယ်။

လက်ရှိမှာ ပြင်းထန်ဝမ်းရောဂါဖြစ်နေသူတွေကို အာရက္ခတပ်တော်(AA)ရဲ့ ကျန်းမာရေးဌာန၊ အရေးပေါ်တုန့်ပြန် ဆေးအဖွဲ့ကနေ ဒေသအစိုးရအဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဆေးကုသရေးလုပ်ငန်း တွေ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

အဲဒီပြင်းထန်ဝမ်းရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက်နေ့ကတည်းက လုပ် ဆောင်လာခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ ကူးစက်လူနာအသစ် ၅ ရာခိုင်နှုန်းအောက်သို့ ကျဆင်းသွားတာကို တွေ့ရတယ်လို့ နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ထုတ်ပြန်တဲ့ AA ရဲ့ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

ပလက်၀ခရိုင်နဲ့ ဆက်စပ်ဒေသတွေဆီမှာ အန္တရယ်ရှိတဲ့အုပ်စုတွေကို ရောဂါကြိုတင်ကာကွယ်ဆေးများ တိုက် ကျွေးတာ၊ အသိပညာပေးတာ စတဲ့လုပ်ငန်းတွေလည်း လုပ်ဆောင်နေပြီး ရောဂါကူးစက်မှုန်း လုံး၀ မရှိတော့တဲ့ထိ လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။

ရခိုင်ဒေသတွင်း နှစ်ဖက်တိုက်ပွဲတွေစခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာလဆန်းကတည်းက ပြည်မဘက်ကနေ ရခိုင်ပြည်တွင်း သို့ ကုန်စည်၊ ဆေးဝါးသယ်ယူရေးလမ်းကြောင်းတွေအားလုံးကို စစ်ကော်မရှင်က ဖြတ်တောက်ပိတ်ဆို့ထားခဲ့တာ ကြောင့် ရခိုင်ဒေသခံတွေဟာ အိန္ဒိယနိုင်ငံကနေ ကုန်စည်၊ ဆေးဝါးတွေကို တင်သွင်း၊ မှီခိုနေခဲ့ကြတာဖြစ်ပါတယ်။

လက်ရှိမှာ ဝမ်းရောဂါကြောင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကိုလည်း ယာယီပိတ်ထားရတဲ့အတွက် ရခိုင် ပြည်နယ်အတွင်း အခြေခံစားသောက်ကုန်အပါအဝင် ဆေးဝါးတဲ့ ကုန်စည် စျေးနှုန်းတွေ စျေးတက်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

“စျေးတွေ တင်ကြမယ်ထင်တယ်။အဲဒါကိုလည်း ကိုယ့်ဘက်အစိုးရက တားပေးစေချင်ပါတယ်။ အရင်တုန်းက လည်း လမ်းခဏပိတ်ရင် စျေးတွေ ထိုးတက်သွားရော။ အဲလိုဆိုရင် ပိုအခက်အခဲဖြစ်ကြတယ်” လို့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှ အမျိုးသမီးတဦးက ပြောပါတယ်။

ချင်းပြည်နယ် ပလက်၀မြို့နယ်ဟာ အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ်တွေထဲက တခု ဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းက ပြည်သူတွေအတွက် အခြေခံစားသောက်ကုန်တွေအပါအဝင် ကုန်စည်၊ ဆေးဝါးတွေ တင်သွင်းရာမှာ အဓိကလမ်းကြောင်းကျတဲ့ ဒေသတခုဖြစ်ပါတယ်။