
“မဲစာရင်းက တော်တော်ကြီးကို မှားတာ။ မြို့နယ်တိုင်းမှာ မှားတယ်။ ဒီတကြိမ်က တော်တော်ဆိုးဆိုး၊ သေသွားတဲ့ သူတွေ အများကြီးပါတယ်။ အဲဒီစာရင်းတွေက ကျနော်ထင်တယ်၊ မဲလိမ်ဖို့ သူတို့ပေးချင်တဲ့ပါတီအတွက် မဲတွေဖြစ် သွားနိုင်တယ်။သေသွားတဲ့လူတွေစာရင်းကလေ
၁၃ နိုဝင်ဘာ။
စစ်ကော်မရှင်က ကျင်းပမယ့် ရွေးကောက်ပွဲအပေါ် ပြည်သူတွေ စိတ်ပါဝင်စားမှုအားနည်းနေချိန် ရပ်ကွက်၊ ကျေး ရွာအုပ်ချုပ်ရေးမှူးတွေဟာ မဲစာရင်းမဖြစ်မနေသွားကြည့်ကြဖို့၊ အမှားပါရင် လာရောက်ပြင်ဆင်ကြဖို့ ခြိမ်းခြောက် ပြောဆိုတာတွေ ရှိနေတယ်လို့ ဧရာ၀တိုင်းနေ ပြည်သူတွေက ပြောကြပါတယ်။
“မဲစာရင်း စကပ်တုန်းကလည်း ရွာသားတွေကို ခေါ်ပြီး မဖြစ်မနေကြည့်ဖို့ ခြိမ်းခြောက်တယ်၊ အခုလည်း ရွာသား တွေကို ထပ်ခေါ်ပြီးတော့ အဲဒီလိုမျိုးပြောတယ်၊ မဲစာရင်းမကြည့်လို့မရဘူး၊ ကြည့်ရမယ်။ မှားရင် လာပြင်။ မဲလည်း မထည့်လို့မရဘူး။ မထည့်ရင် ပြဿနာရှိမယ်နော် အဲလိုမျိုးတွေ ခြိမ်းခြောက်တယ်။ စိတ်မဝင်စား အေးဆေးနေမယ် ဆိုရင်လည်း မရပါဘူး” လို့ ဧရာ၀တီတိုင်း မော်လမြိုင်ကျွန်းမြို့နယ်မှ ဒေသခံလူငယ်တဦးက ပြောပါတယ်။
မြို့နယ်ပေါင်း နှစ်ရာကျော်မှာ အပိုင်းတွေခွဲကာ ရွေးကောက်ပွဲကျင်းပမယ်လို့ ကြေငြာထားတဲ့ စစ်ကော်မရှင်ရွေး ကောက်ပွဲကော်မရှင်ဟာ ပထမအကြိမ်မဲစာရင်းကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်နေ့မှာ စတင်ကြေငြာခဲ့ပြီး ဒု တိယအကြိမ်မဲစာရင်းကိုတော့ ဒီလထဲမှာ ထပ်မံကြေငြာဖို့ ပြင်ဆင်နေတာပါ။
လက်ရှိမှာတော့ မဲစာရင်းအမှားတွေကို ပြင်ဆင်တာတွေ ပြုလုပ်နေပြီး မကြာမီ ထပ်မံကြေငြာသွားမယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ပထမအကြိမ်မဲစာရင်း ကပ်တုန်းက မဲစာအရင်းအမှားတွေ များစွာရှိခဲ့ပြီး သေဆုံးပြီးသူတွေ၊ ပြောင်းရွေ့သွားသူတွေနဲ့ အခြားအမည်မှားတွေ ပါဝင်နေတာ တွေ့ရတယ်လို့ ဟင်္သာတမြို့က ပြည်သူ့ပါတီ ပါတီဝင်တဦးက ပြောပါတယ်။
“မဲစာရင်းက တော်တော်ကြီးကို မှားတာ။ မြို့နယ်တိုင်းမှာ မှားတယ်။ ဒီတကြိမ်က တော်တော်ဆိုးဆိုး၊ သေသွားတဲ့ သူတွေ အများကြီးပါတယ်။ အဲဒီစာရင်းတွေက ကျနော်ထင်တယ်၊ မဲလိမ်ဖို့ သူတို့ပေးချင်တဲ့ပါတီအတွက် မဲတွေဖြစ် သွားနိုင်တယ်။သေသွားတဲ့လူတွေစာရင်းကလေ” လို့ သူက ဆိုပါတယ်။
ဒါ့အပြင် ပါတီစည်းရုံးရေး ဆင်းတဲ့အခါတွေမှာလည်း စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုဖွံ့ဖြိုးရေးနှင့် ကြံ့ ခိုင်ရေးပါတီ(USDP)ပါတီက အခွင့်အရေးတွေ ပိုရနေပြီး ကျန်ပါတီတွေကတော့ လွတ်လပ်စွာ စည်းရုံးခွင့်မရကြဘဲ ပါတီဝင်အချို့ ရပ်၊ ကျေးအုပ်ချုပ်ရေးမှူးတွေ၊ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ စစ်ဆေး ခံရတာတွေ ရှိနေတယ်လို့ ပြောကြပါတယ်။
ရွေးကောက်ခံ အရပ်သားအစိုးရ လက်ထဲကနေ တိုင်းပြည်အာဏာကို လုယူသိမ်းထားတဲ့ စစ်ခေါင်းဆောင်ဟာ ရွေးကောက်ပွဲ ပထမအသုတ်ကို လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ မြို့နယ်ပေါင်း ၁၀၂ မြို့နယ်အတွင်း ကျင်းပမှာ ဖြစ်ပြီး ဧရာ၀တီတိုင်းအတွင်းက ကျုံပျော်၊ ပုသိမ်၊ မအူပင်၊ မြောင်းမြ၊ ကြံခင်း၊ မြန်အောင်၊ လပွတ္တာနဲ့ ဟင်္သာတမြို့ နယ်တွေ ပါဝင်ပါတယ်။
ဒုတိယအသုတ်ကိုတော့ ၂၀၂၆ ဇန်နဝါရီ ၁၁ ရက်နေ့ မြို့နယ်ပေါင်း ၁၀၀ မှာ ကျင်းပမှာဖြစ်ပြီး ဧရာ၀တီတိုင်း အတွင်းက ကျောင်းကုန်း၊ ကန်ကြီးထောင့်၊ သာပေါင်း၊ ကျိုက်လတ်၊ ဖျာပုံ၊ ဘိုကလေး၊ ပန်းတနော်၊ ဝါးခယ်မ၊ အိမ်မဲ မြို့နယ်တွေ ပါဝင်ပါတယ်။
တတိယအသုတ်ကို မြို့နယ်ပေါင်း ၇၂ မြို့နယ်အတွင်း ကျင်းပမယ်လို့ ဆိုထားပြီ ဧရာ၀တီတိုင်းအတွင်းက ငပုတော၊ ဇလွန်၊ မော်လမြိုင်ကျွန်း၊ ညောင်တုန်း၊ ဓနုဖြူ၊ ဒေးဒရဲ၊ အင်္ဂပူနဲ့ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ လေး မျက်နှာ၊ ရေကြည်မြို့နယ်တွေ ပါဝင်လာမှာ ဖြစ်ပြီး ကျင်းပမယ့်အချိန်ကိုတော့ တိတိကျကျ မကြေငြာသေးပါဘူး။
ဒါ့အပြင် ရွေးကောက်ပွဲ တတိယအသုတ်ထဲ အာရက္ခတပ်တော်(AA)အပါအဝင် တော်လှန်ရေးတပ်ဖွဲ့ တွေသိမ်းပိုက် ထိန်းချုပ်ထားတဲ့မြို့နယ်အချို့လည်း ပါဝင်တာတွေ့ရပါတယ်။
ဧရာ၀တီတိုင်းအတွင်းမှာ တိုက်ပွဲဖြစ်ပွားနေတဲ့နယ်မြေအနည်းငယ်သာရှိပေမယ့် ပြည်သူအများစုဟာ ရွေးကောက် ပွဲအပေါ် စိတ်ပါဝင်စားမှု နည်းပါးကြတယ်လို့ ဟင်္သာတခရိုင်ပြည်သူ့ပါတီမှ ပါတီစည်းရုံးရေးလုပ်ဆောင်နေသူတဦး က ပြောပါတယ်။
“စိတ်ဝင်စားမှု တော်တော်နည်းပါတယ်၊ အဓိကက အကြောက်တရားကြောင့်ပါ” လို့ သူက ပြောပါတယ်။
ထို့အတူပဲ တိုက်ပွဲဖြစ်ပွားနေတဲ့ လေးမျက်နှာ၊ ရေကြည်မြို့နယ်တွေ အတွင်းက ပြည်သူတွေဆိုရင် ပိုပြီးတော့တောင် ရွေးကောက်ပွဲအပေါ် စိတ်ပါဝင်စားမှုအားနည်းကြတယ်လို့ ဆိုကြပါတယ်။
“စစ်ရှောင်နေကြရတယ်၊ လက်နက်ကြီး သံတွေကလည်း နေ့တိုင်းကြားရနဲ့ ကိုယ့်စားဝတ်နေရေးပဲ ပူနေရတာ၊ ရွေးကောက်ပွဲတွေ စိတ်မဝင်စားပါဘူး၊ ဒီ ဘက်မှာ မဲဆွယ်တာလည်း သိပ်မရှိဘူး” လို့ ရေကြည်မြို့နယ်မှ စစ်ဘေးရှောင်အမျိုးသားတဦးက ပြောပါတယ်။
အဲဒီလိုပြည်သူတွေ ရွေးကောက်ပွဲအပေါ် စိတ်ဝင်မှု အားနည်းတဲ့ အခြေအနေမှာ ဧရာ၀တီတိုင်း ဝန်ကြီးချုပ်က လေးမျက်နှာ မြို့ကို အောက်တိုဘာလ ၃၁ ရက်နေ့မှာ ရောက်လာပြီး စစ်ဘေးရှောင်ပြည်သူတွေနဲ့ တွေ့ဆုံကာ မဖြစ်မနေမဲပေး ကြရမယ်လို့ ဖိအားပေးပြောဆိုခဲ့ကြောင်းလည်း ဒေသခံတွေဆီက သိရပါတယ်။
အဲဒီရွေးကောက်ပွဲမှာ ဧရာ၀တီတိုင်းအတွင်းက မဲဆန္ဒနယ်တွေမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်(ကျားဖြူ)ပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်သူ့ပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ပုသိမ်မြို့အခြေစိုက်အလုပ်သမား လယ်သမား ပြည်သူ့ပါတီနဲ့ ဘိုကလေးမြို့ အခြေစိုက် ခေတ်သစ်ပြည်သူပါတီတို့ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)အပါအဝင် တော်လှန်ရေးအင်အားစုတွေကတော့ စစ်ကော်မရှင်က လုပ်မယ့် ရွေးကောက်ပွဲဟာ အတုအယောင်ရွေးကောက်ပွဲဖြစ်တာမို့ ဆန့်ကျင်ကြဖို့ တိုက်တွန်းထားပါတယ်။