တရုတ်ဟက်ကာတွေရဲ့ အန္တရာယ်တိုးပွားလာနေတယ်လို့ ဩစတြေးလျ ထောက်လှမ်းရေးအကြီးအကဲအသိပေး

သြစတြေးလျ လုံခြုံရေးထောက်လှမ်းရေးအဖွဲ့ (Asio) အကြီးအကဲ မိုက်ခ် ဘာဂက်စ်က ဘယ်တုန်းကမှ မကြုံဖူးတဲ့ ထောက်လှမ်းရေးလုပ်ငန်းတွေ များပြားလာတာကြောင့် လာမယ့်ငါးနှစ်အတွင်း ဆိုက်ဘာနည်းပညာသုံး ဖျက်ဆီးမှုတွေဟာ ပိုမိုခြိမ်းခြောက်ကြီးထွားလာနေတယ်လို့ ဆိုပါတယ်။

၁၃၊ နိုဝင်ဘာ။

တရုတ်အစိုးရ ၊ စစ်တပ်နဲ့ ဆက်စပ်နေတဲ့ ဟက်ကာတွေဟာ  နိုင်ငံရဲ့ အရေးကြီး အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့  သြစတြေးလျ ထောက်လှမ်းရေးအကြီးအကဲက

ပြောကြားပြီး ကြီးမားတဲ့အန္တရာယ်တွေ ပိုမို မြင့်တက်လာနေတယ်လို့ သတိပေးလိုက်ပါတယ်။

သြစတြေးလျ လုံခြုံရေးထောက်လှမ်းရေးအဖွဲ့ (Asio) အကြီးအကဲ မိုက်ခ် ဘာဂက်စ်က ဘယ်တုန်းကမှ မကြုံဖူးတဲ့ ထောက်လှမ်းရေးလုပ်ငန်းတွေ များပြားလာတာကြောင့် လာမယ့်ငါးနှစ်အတွင်း ဆိုက်ဘာနည်းပညာသုံး ဖျက်ဆီးမှုတွေဟာ ပိုမိုခြိမ်းခြောက်ကြီးထွားလာနေတယ်လို့ ဆိုပါတယ်။

သူက တရုတ်နိုင်ငံကို ရည်ညွှန်းပြီး “ဘယ်နိုင်ငံလဲဆိုတာ ခန့်မှန်းဖို့ ဆုတံဆိပ်တွေ မလိုပါဘူး။ ဩစတြေးလျနဲ့ မဟာမိတ်နိုင်ငံတွေရဲ့ အရေးကြီးအခြေခံအဆောက်အအုံတွေကို ထိုးဖောက်ဝင်ရောက်ဖို့ အကြိမ်ကြိမ်ကြိုးစားနေပြီး အဲဒီပစ်မှတ်တွေဟာ ရေပေးဝေမှု၊ သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေးနဲ့ စွမ်းအင်ကွန်ရက်တွေဖြစ်တယ်”လို့ ထောက်ပြခဲ့ပါတယ်။

ဘီဘီစီသတင်းဌာနကတော့ ဒီထောက်ပြမှုနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တရုတ်သံရုံးကို ဆက်သွယ်ထားပါတယ်။

ဘာဂက်စ်ကတော့ အာဏာရှင်အစိုးရတွေဟာ အခုအခါမှာ နှောင့်ယှက်ဖျက်ဆီးရေး အစီအစဉ်တွေကို ပိုမိုလုပ်ဆောင်ဖို့ ဆန္ဒရှိနေကြတယ်လို့ ပြောပါတယ်။

ဒါ့အပြင် သူက အမေရိကန်နဲ့ သြစတြေးလျရှိ ဆက်သွယ်ရေးကုမ္ပဏီတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့  တရုတ်ဟက်ကာအဖွဲ့နှစ်ဖွဲ့ Salt Typhoon နဲ့ Volt Typhoon တို့အကြောင်းကိုလည်း အသိပေးထားပါတယ်။

ဗုဒ္ဓဟူးနေ့က မဲလ်ဘုန်းမြို့မှာ ကျင်းပတဲ့ ဖိုရမ်တစ်ခုမှာ စီးပွားရေးခေါင်းဆောင်တွေကို သူက “ဒီအဖွဲ့တွေဟာ တရုတ်အစိုးရ ထောက်လှမ်းရေးနဲ့ စစ်တပ်အတွက် အလုပ်လုပ်နေတဲ့ ဟက်ကာတွေဖြစ်တယ်”လို့ ပြောခဲ့ပါတယ်။ “အဖွဲ့နှစ်ဖွဲ့စလုံး အရေးကြီးအချက်အလက်တွေ ခိုးယူတာထက် အရေးပါတဲ့ အခြေခံအဆောက်အအုံတွေကို ဖျက်ဆီးပစ်နိုင်တဲ့ အန္တရာယ်ပါရှိနေတယ်”

Salt Typhoon ဟက်ကာအဖွဲ့ရဲ့ ရည်ရွယ်ချက်ကတော့ အမေရိကန်မှာရှိတဲ့ ဆက်သွယ်ရေးကွန်ရက်တွေထဲ ထိုးဖောက်ဝင်ရောက်တာဖြစ်ကြောင်း “ပြီးတော့ သူတို့က သြစတြေးလျမှာရှိတဲ့ ကျွန်တော်တို့ရဲ့ ဆက်သွယ်ရေးကွန်ရက်တွေကိုလည်း ထိုးဖောက်စုံစမ်းနေပါတယ်”လို့ ဘာဂက်စ်က ဆိုပါတယ်။

ဒါ့အပြင် နောက်ထပ် ဟက်ဟာအဖွဲ့ဖြစ်တဲ့ Volt Typhoon ရဲ့ လုပ်ဆောင်ချက်တွေကတော့ အနှောင့်အယှက်ဖြစ်စေဖို့ ရည်ရွယ်ပြီး  ဟက်ကာတွေဟာ အမေရိကန်နိုင်ငံရဲ့ အရေးကြီးအခြေခံအဆောက်အအုံ ကွန်ရက်တွေကို ထိုးဖောက်ဝင်ရောက်ခဲ့ကြသလို အနာဂတ်မှာ ဖျက်ဆီးမှုတွေ လုပ်နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားတာဖြစ်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

ထောက်လှမ်းရေးအကြီးအကဲရဲ့ ပြောကြားချက်အတွင်း ခန့်မှန်းခြေအားဖြင့် ၂၀၂၃-၂၄ ခုနှစ်အတွင်း သူလျှိုလုပ်ငန်းတွေကြောင့် သြစတြေးလျနိုင်ငံဟာ သြစတြေးလျဒေါ်လာ ၁၂.၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၈.၂ ဘီလီယံ၊ ဗြိတိန်ပေါင် ၆.၂ ဘီလီယံ) ဆုံးရှုံးခဲ့ရပြီး တစ်နှစ်တည်းမှာပဲ သြစတြေးလျကုမ္ပဏီတွေဆီကနေ အမေရိကန်ဒေါ်လာ ၂ ဘီလီယံ တန်ဖိုးရှိတဲ့ ကုန်သွယ်မှုလျှို့ဝှက်ချက်တွေနဲ့ ဉာဏပစ္စည်းပိုင်ဆိုင်မှုတွေကို ခိုးယူခံခဲ့ရတယ်လို့လည်း ထုတ်ဖော်ပြောကြားထားပါတယ်။

Ref – BBC