ပါကစ္စတန်မြို့တော်မှာ အသေခံဗုံးခွဲမှုဖြစ်ပွားပြီး လူ ၁၂ ဦးသေဆုံး

ပါကစ္စတန်မြို့တော်ရဲ့ အချက်အချာကျတဲ့ နေရာမှာ ဖြစ်ပွားခဲ့တဲ့ ဒီတိုက်ခိုက်မှုဟာ ဖြစ်တောင့်ဖြစ်ခဲဖြစ်ပြီး သွေးတွေနဲ့ မှန်ကွဲစတွေဟာ လမ်းမပေါ်မှာ စွန်းထင်း ကွဲကြေ ပြန့်ကျဲနေပါတယ်။

၁၂၊ နိုဝင်ဘာ။

ပါကစ္စတန်မြို့တော် အစ္စလာမာဘတ်ရှိ ခရိုင်တရားရုံးအပြင်ဘက်မှာ မနေ့က ဖြစ်ပွားခဲ့တဲ့ အသေခံ ဗုံးဖောက်ခွဲမှုကြောင့် လူ ၁၂ ဦး သေဆုံးခဲ့ရပြီး အဆိုပါနေရာမှာ တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြပါတယ်။

မီးလောင်ထားတဲ့ မော်တော်ယာဉ်တွေနဲ့  မော်တော်ဆိုင်ကယ် အပျက်တစီးရဲ့ ကိုယ်ထည်ဟာ ဗုံးပေါက်ကွဲမှုကြောင့် ပူနွေးနေဆဲဖြစ်ပြီး အဆိုပါနေရာကို စုံစမ်းစစ်ဆေးသူတွေက ပိတ်ဆို့ထားပါတယ်။

ပါကစ္စတန်မြို့တော်ရဲ့ အချက်အချာကျတဲ့ နေရာမှာ ဖြစ်ပွားခဲ့တဲ့ ဒီတိုက်ခိုက်မှုဟာ ဖြစ်တောင့်ဖြစ်ခဲဖြစ်ပြီး သွေးတွေနဲ့ မှန်ကွဲစတွေဟာ လမ်းမပေါ်မှာ စွန်းထင်း ကွဲကြေ ပြန့်ကျဲနေပါတယ်။

“ဒါဟာ အလွန်အားပြင်းပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ ပေါက်ကွဲမှုဖြစ်ပါတယ်”လို့ အသက် ၂၄ နှစ်အရွယ် ရှေ့နေတစ်ဦးဖြစ်သူ ခါလစ် မန်ဒိုခယ်လ် က ဆိုပြီး “လူအများအပြားစုဟာ တိုက်ခိုက်မှုရဲ့ ပစ်မှတ်တွေမဟုတ်ကြဘဲ ဘေးမှာရှိတဲ့ လူတွေသာဖြစ်ကြတယ်”လို့ သူက  AFP သတင်းဌာနကို ပြောပါတယ်။

ဒီဗုံးခွဲတိုက်ခိုက်မှုမှာ လူ ၂၇ ဦး ဒဏ်ရာရရှိခဲ့ပြီး နောက်ထပ် ရှေ့နေတစ်ဦးဖြစ်တဲ့ ရူစတမ်မာလစ်ခ် က ရာနဲ့ချီတဲ့ လူတွေဟာ ဥပဒေရေးရာကိစ္စတွေ ဆောင်ရွက်ဖို့ အဆောက်အအုံအတွင်း ဝင်ရောက်ချိန်မှာ တံခါးဝမှာပဲ ကျယ်လောင်တဲ့ ပေါက်ကွဲသံကို ကြားခဲ့တယ်လို့ ဆိုပါတယ်။

ပေါက်ကွဲမှုကြောင့် သူတို့ရဲ့အသက်တွေဟာ သီသီလေးလွတ်မြောက်ခဲ့ရတာ ဒါမှမဟုတ် အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ လုံးဝ မမျှော်လင့်ခဲ့ကြဘူးလို့ ဆိုပြီး ပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက် ထူထပ်လှတဲ့ မီးခိုးတွေ မြင်တွေ့ခဲ့ရတယ်လို့ မာလစ်ခ် က အဖြစ်အပျက်ကို ပြန်ပြောပြပါတယ်။

ပြည်ထဲရေးဝန်ကြီး မိုစင် နာကီ က တရားရုံးအပြင်ဘက်မှာရှိနေတဲ့ သတင်းထောက်တွေကို ပြောကြားရာမှာ တိုက်ခိုက်သူဟာ တိုက်ခိုက်မှုမပြုမီ အဆောက်အအုံအပြင်ဘက်မှာ မိနစ်အတော်ကြာ ရပ်တန့်နေခဲ့တယ်လို့ ဆိုပါတယ်။ “သူက (ဝင်းအတွင်း) ထဲကို ဝင်လို့မရခဲ့ပါဘူး။ ရဲကားအနီးမှာပဲ သူ့ကိုယ်သူ ဖောက်ခွဲခဲ့တာပါ”လို့ သူ က ရှင်းပြပါတယ်။

Ref – CNA