
၁၀၊ နို၀င်ဘာ။
ဧရာ၀တီတိုင်းနဲ့ ရခိုင်ပြည်နယ်စပ်ဂွမြို့နယ် အတွင်း မှာ နေရပ်မပြန်နိုင်သေးတဲ့စစ်ဘေးရှောင် ဒုက္ခသည်တွေ၊ဒေသခံပြည်သူတွေဟာစားနှပ်ရိက္ခာနဲ့ ဆေးဝါး အကူအညီတွေ အရေးပေါ်လိုအပ်နေတဲ့အတွက် အကူအညီပေးကြဖို့ စစ်ဘေးရှောင် ကူညီရေး ဆောင်ရွက်နေသူတွေက တောင်းဆိုထားပါတယ်။
“စားနှပ်ရိက္ခာနဲ့ ဆေးဝါးစျေးနှုန်းတွေကတော်တော် ကြီးတယ်။ ငွေကြေးရှိလို့ရှိရင် စားနှပ်ရိက္ခာက ဝယ် ယူလို့ရပေမယ့် ဆေးဝါးစျေးနှုန်းတွေကတော့ တော်တော်ကို ကြီးပါတယ်။ စားစရာမရှိလို့ တောင်း ရမ်းစားသောက်ရတဲ့သူတွေလည်း ရှိပါတယ်” လို့ ဂွမြို့နယ် စစ်ဘေးရှောင်ကူညီရေးပူး ပေါင်းအဖွဲ့မှ တာ၀န်ရှိသူ တဦးက ပြောပါတယ်။
ဂွမြို့နယ်အတွင်းမှာ စားနှပ်ရိက္ခာ၊ ဆေးဝါး အခက် အခဲဖြစ်နေတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေအပါအ၀င် ဒေသခံပြည်သူပေါင်း ရှစ်ထောင်နီးပါး ရှိနေပြီး သူတို့ဟာ စစ်ကော်မရှင်ရဲ့ လေကြောင်းနဲ့ လက် နက်ကြီးအန္တရာယ်ကို စိုးရိမ်ရတာကြောင့် နေရပ်မပြန်ရဲကြသေးဘူးလို့ သိရပါတယ်။
အာရက္ခတပ်တော်(AA)ဟာ ဂွမြို့နယ်တခုလုံးကို ပြီးခဲ့တဲ့ ၂၀၂၄ ခု ဒီဇင်ဘာလကုန်ပိုင်းမှာ အပြီးပြတ်သိမ်းပိုက်ခဲ့တာဖြစ်ပြီး လက်ရှိမှာ အုပ်ချုပ်ရေးယန္တ ရားတွေ လည်ပတ်နေပေမယ့် ပုံမှန်အခြေအနေတော့ မရောက်သေးဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။
“ရှာဖွေ စားသောက်ဖို့ဆိုရင် ဂွမြို့နယ်က အဓိက ပင်လယ်လုပ်ငန်းကို သက်မွေးဝမ်းကျောင်း မှီခိုလုပ်ကိုင်နေရတာဆိုတော့ နေဗီတွေက ပင်လယ်ထဲမှာရှိတဲ့အတွက် သူတို့အကြောင်းမဲ့ပစ်ခတ်တာတို့၊ ဖမ်းဆီးတာတို့ ဒါမျိုးတွေလည်း ရှိတယ်ပေါ့။ ဆိုတော့ ပြည်သူတွေက ရှာဖွေစားသောက်ဖို့အ တွက် ကြောက်လန့်နေရတယ်”လို့ ဂွဒေသခံတဦးက ပြောပါတယ်။
အလုပ်အကိုင်ရှားပါး သလို နိုင်ငံတကာအကူအညီလည်း မရကြတဲ့ စစ်ရှောင်တွေနဲ့ ဒေသခံတွေဟာ ပြည်တွင်းပြည်ပက ပုဂ္ဂလိကအလှူရှင်တွေရဲ့ထောက်ပံ့မှုတွေလည်း ပုံမှန်မရကြတာကြောင့် အချို့ဆိုရင် တောင်းရမ်းစားသောက်ကြရတယ်လို့ ဆိုပါတယ်။
“တခါတလေ ငတ်ရင် ကလေးတဖက်နဲ့ ရွာတွေသွားပြီး တောင်းရတယ်၊ မြို့ထဲလည်း မ၀င်ရဲသေးဘူးလေ။ လေယာဉ်ကပစ်ချင်သလို ပစ်နေတာကြောက် ရတယ်” လို့ ဂွမြို့မှ စစ်ဘေးရှောင်နေရသူအမျိုးသမီးတဦးက ပြောပါတယ်။
အခုအခါမှာ ဆောင်းတွင်းကာလ ရောက်လာပြီမို့ အနွေးအထည်၊ စောင်စတာတွေလည်း လိုအပ်လာပြီဖြစ်တယ်လို့ စစ်ဘေးရှောင်ကူညီရေးလုပ်နေသူတွေက ပြောကြပါတယ်။
အလားတူပဲ ဂွမြို့နယ်နဲ့အစပ် ဧရာ၀တီတိုင်း လေးမျက်နှာ၊ ရေကြည်၊ ငသိုင်းချောင်းစတဲ့မြို့နယ်တွေမှာလည်း စစ်ဘေးရှောင်ပြည်သူတွေ အများအပြားရှိနေပြီး သူတို့ဟာလည်း နိုင်ငံတကာအဖွဲ့တွေရဲ့ အထောက်အပံ့တွေ မရကြဘူးလို့ ဆို့ပါတယ်။
ဧရာဝတီတိုင်းအစိုးရအဖွဲ့က တခါတရံ ကူညီပေးတာရှိပေမယ့် ပုံမှန်ထောက်ပံ့ပေးတာမျိုးမရှိဘူးလို့ ဆိုပါတယ်။
“လတိုင်းမပေးပါဘူး၊ တခါတလေမှပဲ ပေးတာ၊ တလနှစ်သောင်းပေးတယ်၊ ဘယ်လိုမှ မလောက်ဘူးလေ အဲဒါက။ စစ်ဘေးကြောင့်သာ ရှောင်ရတာ။ ဒီမှာလည်းမလုံခြုံဘူး၊အဖမ်းခံရမှာလည်း ကြောက် ရသေးတယ်”လို့ ဧရာ၀တီတိုင်းမှာ စစ်ရှောင်နေတဲ့ ဂွမြို့နယ်မှ စစ်ဘေးရှောင်အမျိုးသားတဦးက ပြောပါတယ်။
ဧရာ၀တီတိုင်းအစိုးရကတော့ စစ်ရှောင်တွေကို ပုံမှန်ထောက်ပံ့ပေးနေတယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် စစ်ရှောင်တွေကို အထောက်အပံ့ပေးပြီး သူတို့ ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဖြစ်မနေ မဲပေးကြရမယ်လို့ ခြိမ်းခြောက်တာတွေလည်း ရှိနေတယ် လို့ မြေပြင်မှာရှိနေတဲ့ ဒေသခံတွေက ပြောထားကြ
ပါတယ်။