နိုဝင်ဘာ ၁၆ ရက်နောက်ပိုင်း မိုးလေကင်းစင်နိုင်

၁၀၊ နိုဝင်ဘာလ။

ဘင်္ဂလားပင်လယ်အော် အတွင်းမှာ ထူးခြားတဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်လာဖို့ မရှိသေးတာကြောင့် ဧရာဝတီတိုင်း အပါအဝင် မြန်မာတနိုင်ငံလုံး နိုဝင်ဘာ ၁၆ ရက်နောက်ပိုင်းမှာ မိုးရွာသွန်းမှု လုံးဝရပ်တန့်ပြီး မိုးလေကင်းစင်နိုင်ချေ ရှိတယ်လို့ မိုးဇလ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။

လက်ရှိ တောင်တရုတ်ပင်လယ် အတွင်းမှာ ဖြစ်ပေါ်နေတဲ့ လေပွေလှိုင်းဟာလည်း လေဖိအားနည်း အဆင့်ထက် ပိုလာနိုင်ချေ မရှိတာကြောင့် မြန်မာနိုင်ငံအပေါ် မိုးရွာသွန်းခြင်း ဖြစ်စဉ်တွေ သက်ရောက်နိုင်ချေ မရှိဘူးလို့ ဆိုကြပါတယ်။

မိုးဇလ ပညာရှင် ဦးဝင်းနိုင်က “ နိုဝင်ဘာလ ၁၆ ရက်နောက်ပိုင်းမှစတင်ပြီး မိုးရွာသွန်းမှု ရပ်တန့်ကာ ကျန်ရှိသည့် မိုးလွန်ကာလအတွင်း ဖျက်မိုး/အခါလွန်မိုး ရွာသွန်းနိုင်မည့် အခြေအနေများလည်း မရှိနိုင်တော့ပါ ” လို့ ပြောပါတယ်။

မိုးလွန်ကာလကို နိုဝင်ဘာ ၃၀ ရက်နေ့ထိ သတ်မှတ်ထားပါတယ်။ ဒါပေမယ့် ဧရာဝတီတိုင်းအတွင်းမှာ လာမယ့် နိုဝင်ဘာ ၁၇ ရက်နေ့ထိတော့ မိုးအနည်းငယ်ရွာသွန်းနိုင်ချေတွေ ရှိနေသေးတယ်လို့ ခန့်မှန်းထားကြပါတယ်။