အိန္ဒိယမှာ ဒေတာစင်တာတွေ တိုးတက်နေပေမဲ့ ရေရှားပါးမှုပြဿနာ ရင်ဆိုင်နေရ

ပြီးခဲ့တဲ့လက Google ဟာ အိန္ဒိယတောင်ပိုင်းပြည်နယ် အန်ဒရာ ပရဒေ့ရှ်မှာ ဉာဏ်ရည်တု (AI) ဒေတာစင်တာ တစ်ခုအတွက် ဒေါ်လာ ၁၅ ဘီလီယံ (ပေါင် ၁၁.၄၉ ဘီလီယံ) ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့ပြီး ဒါဟာ အိန္ဒိယမှာ သူတို့ရဲ့ အကြီးဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ခဲ့ပါတယ်။

၁၀၊ နိုဝင်ဘာ။

ဉာဏ်ရည်တုနည်းပညာ (AI) ရဲ့ တိုးတက်လာမှုဟာ အာရှရဲ့ တတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်တဲ့ အိန္ဒိယမှာ ဒေတာစင်တာတွေ ကြီးထွားမှု ပိုမိုတိုးပွားလာအောင် အရှိန်မြှင့်တင်ပေးလာပါတယ်။

ဒေတာစင်တာတွေဟာ ကွန်ပျူတာဆာဗာတွေ၊ သတင်းအချက်အလက်နည်းပညာ (IT) အခြေခံ အဆောက်အအုံတွေနဲ့ ကွန်ရက်ဆိုင်ရာ ပစ္စည်းကိရိယာတွေကို လက်ခံထားရှိပြီး အထောက်အကူပြုပေးနေတဲ့ အဆောက်အအုံတွေ ဖြစ်ပါတယ်။

ဒါ့အပြင် ChatGPT မေးမြန်းမှုတွေက အစပြုပြီး လျှပ်စစ်ကားတွေနဲ့ အင်တာနက် Streaming ဝန်ဆောင်တွေအထိ အရာအားလုံးကို လုပ်ဆောင်ပေးစွမ်းနိုင်ပါတယ်။

ပြီးခဲ့တဲ့လက Google ဟာ အိန္ဒိယတောင်ပိုင်းပြည်နယ် အန်ဒရာ ပရဒေ့ရှ်မှာ ဉာဏ်ရည်တု (AI) ဒေတာစင်တာ တစ်ခုအတွက် ဒေါ်လာ ၁၅ ဘီလီယံ (ပေါင် ၁၁.၄၉ ဘီလီယံ) ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့ပြီး ဒါဟာ အိန္ဒိယမှာ သူတို့ရဲ့ အကြီးဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ခဲ့ပါတယ်။

အခုလို အိန္ဒိယရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ နိုင်ငံရဲ့ လိုအပ်ချက်တွေအတွက် အရေးပါပေမဲ့ စွမ်းအင်များစွာသုံးစွဲပြီး ရေအမြောက်အမြား သုံးစွဲရတဲ့ အခုလို ဒေတာစင်တာတွေ ကြီးထွားလာတာဟာ နိုင်ငံရဲ့ ကာဗွန်လျှော့ချရေး အစီအစဉ်တွေအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိလာမှာ ဖြစ်ပါတယ်။

တဘက်မှာလည်း အိန္ဒိယအနေနဲ့ ကြီးမားတဲ့ ဒေတာစင်တာ ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်ဖို့ကလွဲပြီး တခြားရွေးချယ်စရာမရှိဘူးလို့ ကျွမ်းကျင်သူ တချို့က သုံးသပ်ထားပါတယ်။

အိန္ဒိယဟာ ၂၀၂၈ ခုနှစ်မှာ ကမ္ဘာပေါ်မှာရှိတဲ့ ဒေတာအများဆုံး သုံးစွဲတဲ့နိုင်ငံ ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းထားပြီး အမေရိကန်၊ ဥရောပနဲ့ တရုတ်လို ဖွံ့ဖြိုးပြီး နိုင်ငံတွေရဲ့ ဈေးကွက်တွေထက် ပိုမိုမြင့်မားလာမယ်လို့ သုံးသပ်နေကြပါတယ်။ ချီလီ၊ မက္ကဆီကို၊ အမေရိကန်က ဂျော်ဂျီယာနဲ့ စကော့တလန်တို့လို နိုင်ငံတွေနဲ့ ပြည်နယ်တွေမှာ ဒေတာစင်တာတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ အများကြီး ဖြစ်ပေါ်နေပါတယ်။

အဆိုပါ ဒေတာစင်တာတွေက ကွန်ပျူတာတွေကို အအေးပေးဖို့အတွက် ရေတွေကို အလွန်အကျွံ သုံးစွဲနေသလို လျှပ်စစ်မီး (စွမ်းအင်) တွေကိုလည်း အများကြီး သုံးနေပါတယ်။ ဒေတာစင်တာတွေကြောင့် ဒေသခံလူထုတွေ ရေရှားပါးတာ၊ လျှပ်စစ်မီး မလုံလောက်တာလိုမျိုး ပြဿနာတွေ ကြုံတွေ့ရပြီး ထိခိုက်နစ်နာတာတွေနဲ့ ရင်ဆိုင်နေရပါတယ်။

အခုလို စွမ်းအင်ပြတ်လပ်ပြီး ရေရှားပါးတဲ့ ပြဿနာဟာ အိန္ဒိယမှာလည်း ပိုမို ထင်ရှားတဲ့ ကိစ္စရပ်အဖြစ် ရှိလာခဲ့ပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ အဆိုအရ အိန္ဒိယမှာ ကမ္ဘာ့လူဦးရေရဲ့ ၁၈ ရာခိုင်နှုန်း ရှိပေမဲ့ သောက်သုံးရေအတွက် ရေရှိမှုကတော့ ကမ္ဘာပေါ်မှာရှိတဲ့ စုစုပေါင်းရေရဲ့ ၄ ရာခိုင်နှုန်းလောက်ပဲ ရရှိနေတာပါ။

ဒါကြောင့် လူဦးရေများပြီး ရေရရှိမှု နည်းပါးနေတဲ့ အိန္ဒိယဟာ ကမ္ဘာပေါ်မှာ ရေရှားပါးမှုဒဏ်ကို အပြင်းအထန်ဆုံး ခံစားနေရတဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်နေပြီး ရေရှားပါးမှုပြဿနာ အဓိက ကြုံတွေ့နေရတာပဲ ဖြစ်ပါတယ်။

လက်ရှိ အိန္ဒိယရဲ့ ဒေတာစင်တာတွေအတွက် ရေသုံးစွဲမှုဟာ ၂၀၂၅ ခုနှစ်မှာ လီတာ ၁၅၀ ဘီလီယံကနေ ၂၀၃၀ ပြည့်နှစ်မှာ လီတာ ၃၅၈ ဘီလီယံအထိ နှစ်ဆကျော် တိုးလာမယ်လို့ ခန့်မှန်းထားပြီး ရေထွက်ရှိတဲ့ အရင်းအမြစ်တွေ အပေါ်မှာလည်း ပိုမို ဖိအားများလာမှာ ဖြစ်တယ်လို့ သုံးသပ်ထားကြပါတယ်။

Ref – BBC