ဧရာဝတီတိုင်းက လယ်သမားငယ်တွေ လယ်ယာမဲ့အခြေအနေ တိုးပွားလာနေ

လယ်ပြန်ငွေပြန်ဆိုတာ ကိုယ်လယ်ကို ငွေရှင်ဆီမှာ အပေါင်ထားပြီး ပြန်ငှားစိုက်တာမျိုး ။ ငွေတိုး မပေးရပေမယ့် တဧကကို စပါးဆယ်တင်း ပေးငှားရတာ။ ငွေဆပ်နိုင်ရင်တော့ လယ်ပြန်ရတယ် ။ ငွေပြန်မဆပ်နိုင်ဘူး ၊ စပါးလည်း မပေးနိုင်ဘူးဆိုရင်တော့ လယ်ဆုံးရော။

၉၊ နိုဝင်ဘာ။

ဧရာဝတီတိုင်း အတွင်းက လယ်မြေ ၁၅ ဧကဝန်းကျင် လုပ်ကိုင်ကြတဲ့ လယ်သမားငယ်တွေဟာ ငါးနှစ်တာ အတွင်းမှာ လယ်မဲ့ယာမဲ့ အခြေအနေကြုံတွေရသူ ဦးရေ ပိုတိုးလာနေပါတယ်။

“နောက်ခံငွေရှိတဲ့ လယ်သမားကြီးကတော့ လယ်ပျက်စီးတာကို အရင်းထပ်ထည့် လုပ်နိုင်တယ်။ မရှိတဲ့ လယ်သမားလေးတွေ ကျတော့ ငွေတိုးနဲ့ယူလုပ်ရတယ်။ ရွှေခရု ကိုက်တဲ့အခါ ပြောင်ရောပဲ။ နှစ်ခါစိုက် သုံးခါစိုက် ပြန်စိုက်ရတာတွေရှိတယ်။တဧကကို လေးငါးသိန်းဖိုးလောက် ပြန်ထည့်ရင်းရတယ်။ ၊စပါးဈေးက ထိုးကျသွားတော့ ပိုဆိုးသွားတယ်။ခုတော့ အကြွေးကို တဧက ဖဲ့ရောင်းဆပ် နှစ်ဧက ဖဲ့ရောင်းဆပ်နဲ့ လယ်ငါးဧက လောက်ပဲ ကျန်တော့တယ် ” လို့ ကန်ကြီးထောင့် မြို့နယ် ရှမ်းရွာ ကျေးရွာရှိ တောင်သူ ဦးကိုဦး က DNA ကိုပြောပါ တယ်။

ပုသိမ်မြို့နယ်ထဲက ပေါက်ကုန်း နဲ့ ဘုရားကြီးကုန်း ရွာတွေမှာလည်း ကိုယ်ပိုင်လယ် ယာတွေနဲ့ လုပ်ကိုင်ကြတဲ့ လယ် သမားငယ်တွေအများစု ဖြစ်ခဲ့ကြပေမယ့် အခုအချိန်မှာ လယ်ယာလက်မဲ့တွေ ဖြစ်သွားကြပြီး လယ်သမားငယ် ၁၀ ဦး ဝန်းကျင်သာ ကျန်ပါတော့တယ်။ဒါ့အပြင် ဧရာဝတီထဲက တခြားမြို့နယ်တွေမှာ လယ်သမားငယ်တွေဟာ တဖြည်းဖြည်းနဲ့ လယ်ယာမဲ့တွေ ဖြစ်လာနေတယ်လို့ လယ်သမားအရေး တက်ကြွလှုပ်ရှားသူ တဦးက ပြောပါတယ်။

စိုက်ပျိုးစရိတ်တွေ ဖြစ်တဲ့ ထွန်းယက်၊စိုက်ပျိုးခနဲ့ ရိတ်သိမ်းခတွေ ပိုးသတ်ဆေး၊ဓါတ်မြေဇာ၊ပေါင်းသတ်ဆေး၊ မျိုးစပါးစတဲ့ သွင်းအားစုတွေ ဈေးမြင့်တက်လာသလို  ပိုးမွှား၊ ရာသီဥတု၊ သဘာဝဘေးဖျက်ဆီးမှုနဲ့ စပါးဈေး ထိုးကျမှုတွေကြောင့် လယ်သမားငယ်တွဟာ လယ်ယာလုပ်ငန်းမှာ အရှုံးပေါ်နေပြီး လယ်မဲ့ယာမဲ့ လက်လုပ်လက်စား ဘဝတွေ ဖြစ်လာကြတာပါ။

လယ်သမားငယ်တွေဟာ ငွေရှိသူ လယ်သမားကြီးတွေ ၊ဆန်စက်ပိုင်ရှင်တွေ၊ လယ်ယာ လုပ်ငန်းကုမ္ပဏီတွေထံ လယ်တွေကို ပြန်ရောင်းပြီး အကြွေးဆပ်ကြရသလို ၊ တချို့က လယ်တွေကို လယ်ပြန်ငွေပြန် စနစ်နဲ့ လယ်ယာလုပ်ငန်းကို ဆက်လုပ်ကြရသူတွေလည်း ရှိပါတယ်။တချို့က လယ်တွေကို အပြီးအပြတ် ရောင်းချလိုက်ကြပြီး ကန်စွန်း၊ချဉ်ပေါင်၊ပဲတောင့်ရှည်၊ခရမ်း စတဲ့သီးနှံခြံလုပ်ငန်းကို ပြောင်းလဲ လုပ်ကိုင်ကြသူတွေလည်း ရှိပါတယ်။

“ဒီနှစ်မျိုးဆို သေချာတယ်  စပါးထွက် ကမကောင်းနိုင်ဘူး။ ရွှေခရုအကိုက်ခံတာ ဒုက္ခ အတော်ရောက်တယ်။ တချို့ နှစ်ထပ်သုံးထပ် ပြန်စိုက်ရတယ် ။ စိုက်စရိတ်က ဘယ်လိုမှ အဆင်မပြေတော့တာ။ စပါးကစိုက်လိုက်ရင်း နောက်ကျ သွားရင်းဆိုတော့ စပါးထွက်နှုန်းလည်း မမီတော့ဘူး။ စပါးဈေးကလည်း ကျနေတုန်း ဆိုတော့ ဒီနှစ်မိုး စပါး လယ်ရှုံး မှာ သေချာတယ်” လို့ ငပုတောမြို့နယ် ကတောင်သူ ဦးလှဌေးက ပြောပါတယ်။

ငပုတော ၊ ပုသိမ်၊ ကန်ကြီးထောင့် မြို့နယ် သုံးမြို့နယ် ဆုံရာ ဒေသဖြစ်တဲ့ ဘုရားကြီးကုန်း ၊ ပေါက်ကုန်း ၊ ရှမ်းရွာ၊ ပဒဲကော စတဲ့ ကျေးလက်ဒေသတွေနဲ့ ပုသိမ်၊ကန်ကြီးထောင့်၊ငပုတော စတဲ့ ကားလမ်းနဘေး တလျှောက်ရှိ လယ်ယာအများစုကို လယ်ယာလုပ်ငန်း လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသားပိုင် ကုမ္ပဏီ၊ မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီတွေနဲ့ ဆန်စက်ပိုင်ရှင်တွေ၊လုပ်ငန်းရှင်တွေက ဝယ်ယူမှုတွေ ရှိနေပါတယ် ဒေသခံတွေက ပြောပါတယ်။

တောင်သူတွေကို မြန်မာလယ်ယာစိုက်ပျိုးဘဏ်က စိုက်ပျိုးစရိတ် ချေးငွေ တဧက ကျပ်တသိန်းခွဲနှုန်း၊ လယ်ယာ ပိုင်ဆိုင်လုပ်ကိုင်ခွင့် အမည်ပေါက် တဦးကို ၁၀ ဧက အတွက် ကျပ် ၁၅ သိန်း ချေးပေးပါတယ်။ ဒါပေမယ့် သွင်းအားစု စားရိတ်တွေက သုံးဆမျှ မြင့်တက်လာတဲ့အတွက် အရပ်ထဲ ငွေတိုးချေးသူတွေဆီကနေ တဆယ်တိုး နှုန်းနဲ့ ငွေချေးပြီး လယ်စိုက်နေကြရတဲ့အတွက် လယ်မအောင်တဲ့အခါမှာ လယ်သမားငယ်တွေ အနေနဲ့ အကြွေးတင်လာကြရတာလို့ သိရပါတယ်။

ဧရာဝတီတိုင်းအတွင်းက တောင်သူတွေ အနေနဲ့ ထွက်နှုန်း ကောင်းတဲ့ ဆောင်း သီးနှံ နွေစပါးကို အားပြုစိုက်ပျိုး ကြပါတယ်။ ဒါပေမယ့် ဆောင်းသီးနှံ နွေစပါး စိုက်ရာမှာ  ရေတင်စိုက်ပျိုး ရတဲ့အတွက် စက်ငှားစရိတ် စက်သုံး ဆီစရိတ် ဓါတ်မြေဩဇာ နဲ့ ပိုးသတ်ဆေးတွေကို မိုးစပါးစိုက်တာထက် သုံးဆ ပိုသုံးရတာကြောင့် မိုးစပါး အရှုံးပေါ်နေတဲ့ လယ်သမားငယ်အများစုက ဆက်မစိုက်တော့ပဲ  လယ်သမားငယ် တချို့ကသာ လယ်ပြန်ငွေပြန် စနစ်နဲ့ စိုက်ပျိုးနိုင်ကြတယ်လို့ ဆိုပါတယ်။

“နွေစပါးစိုက်တာက ရေကိုငွေနဲ့ ဝယ်စိုက် ရတာမျိုးပါပဲ။ လယ်ပြန်ငွေပြန်ဆိုတာ ကိုယ်လယ်ကို ငွေရှင်ဆီမှာ အပေါင်ထားပြီး ပြန်ငှားစိုက်တာမျိုး ။ ငွေတိုး မပေးရပေမယ့် တဧကကို စပါးဆယ်တင်း ပေးငှားရတာ။ ငွေဆပ်နိုင်ရင်တော့ လယ်ပြန်ရတယ် ။ ငွေပြန်မဆပ်နိုင်ဘူး ၊ စပါးလည်း မပေးနိုင်ဘူးဆိုရင်တော့ လယ်ဆုံးရော။ ငွေရှိတဲ့ လယ်သမားကြီးတွေ အနေက ရတဲ့စပါးကို လှောင်ထားပြီး ဈေးကောင်း စောင့်ရောင်းကြတာဆိုတော့ အဆင်ပြေတယ်။ လယ်သမားလေးတွေ အဲ့လို မလုပ်နိုင်ဘူး။ ဒီအတိုင်းဆိုရင် လယ်သမားလေးတွေ  ပျောက်သွားနိုင်တယ်” လို့  ဘိုး’ဘွားစဉ် ဆက် လယ်ယာလုပ်ကိုင်လာတဲ့ ပုသိမ်မြို့နယ် က တောင်သူတဦး မှတ်ချက်ပေးပါတယ်။

ဧရာဝတီတိုင်းအတွင်းမှာ  အသားတင်စိုက်ပျိုးမြေ  ၄,၈၁၀,၀၄၄ ဧကရှိပြီး ၊ မိုးစပါး စိုက်ပျိုး ဧက ၃၈ သိန်းနီးပါးရှိကာ ၊  ကျေးလက်နေ ပြည်သူ ၇၀ ရာခိုင် နှုန်းကျော်မှာ လယ်ယာလုပ်ငန်း လုပ်ကိုင်သူတွေ ဖြစ်ကြပါတယ်။