
“ကြံ့ခိုင်ရေးပါတီကတော့ အခွင့်အရေးပိုရတာပေ့ါဗျာ။ သူတို့က ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို စည်းရုံးရေးမှူး တွေ ခန့်ထားတာဆိုတော့ အခွင့်အရေးပိုရတာပေ့ါ”
၈၊ နိုဝင်ဘာ။
စစ်ကော်မရှင်က ရွေးကောက်ပွဲကျင်းပမယ်လို့ ကြေငြာထားတဲ့ ဧရာ၀တီတိုင်းမှာ စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီဟာ စည်းရုံးရေးခရီးစဉ်တွေ လွတ်လွတ်လပ်လပ် သွားခွင့်ရနေပေမယ့် ကျန်ပါတီတွေကတော့ မဲဆွယ်စည်းရုံးရေးဆင်းတဲ့အခါမှာ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ စစ်ဆေး၊ ခြိမ်း ခြောက်ခံရတာတွေ ရှိနေပြီး မျှတမှုမရှိဘူးလို့ နိုင်ငံရေးပါတီဝင်တွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။
“မမျှတပါဘူး၊ ခုတောင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက ရစ်တယ်။ ရဲတွေက ဆိုင်းဘုတ်ထူတဲ့ အိမ်ရှင်တွေကို မှတ်ပုံ တင်တောင်းတာတွေ၊ ခြိမ်းခြောက်တာတွေ ရှိတယ်။ ခင်ဗျားပါတီဝင်လား၊ ဘာကြောင့်လက်ခံရတာလဲ။ အဖမ်းခံရ မယ်ဆိုတာသိလား အဲလိုပေ့ါ။ ဆိုတော့ အကြောက်တရားကြုံရတယ်၊ စည်းရုံးရေးမှာ အခက်အခဲတွေ အများကြီးရှိတယ်။ လွတ်လပ်ပြီး တရားမျှတမှုရှိဖို့လိုတယ်” လို့ ဟင်္သာတမြို့နယ်က ပြည်သူ့ပါတီအတွက် စည်းရုံးရေးလုပ်နေတဲ့ အမည်မဖော်လိုသူတဦးက ပြောပါတယ်။
ပြည်သူ့ပါအတီအပြင် အခြားပါတီအချို့လည်း အလားတူ စစ်ဆေး၊ ခြိမ်းခြောက်ခံရတဲ့အခြေအနေမျိုးနဲ့ ကြုံနေကြရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ဒါပေမယ့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ စည်းရုံးရေးခရီးစဉ်တွေမှာတော့ အဲဒီလိုစစ်ဆေး၊ ခြိမ်း ခြောက်တာတွေမရှိဘဲ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို သူတိုပါတီရဲ့ စည်းရုံးရေးမှူးတွေအဖြစ် ခန့်အပ် ထားပြီး ပူးပေါင်းကာ အခွင့်အရေးတွေ ပိုယူနေတယ်လို့ ဆိုပါတယ်။
“ကြံ့ခိုင်ရေးပါတီကတော့ အခွင့်အရေးပိုရတာပေ့ါဗျာ။ သူတို့က ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို စည်းရုံးရေးမှူး တွေ ခန့်ထားတာဆိုတော့ အခွင့်အရေးပိုရတာပေ့ါ” လို့ ဟင်္သာတမြို့က အထက်ပါသတင်းရင်းမြစ်က ပြောပါတယ်။
အဲဒီလို မဲဆွယ်စည်းရုံးကြတဲ့အခါမှာ အခွင့်အရေး ညီတူညီမျှမရ၊ အခြားပါတီတွေနဲ့ ပူးပေါင်းသူတွေ ခြိမ်းခြောက်ခံရတာဟာ နိုင်ငံသားတယောက်အနေနဲ့ နိုင်ငံသားအခွင့်အရေးတွေကို အပြည့်အ၀ မရတဲ့ သဘောမျိုး ဖြစ်နေတယ်လို့ ဟင်္သာတမြို့ခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တဦးက ပြောပါတယ်။
ပြည်ခိုင်ဖြိုး ပါတီဟာ ရွေးကောက်ပွဲ ကော်မရှင်က ခွင့်မပြုခင်ကတည်း က ဧရာ၀တီတိုင်း ပုသိမ်၊ မြောင်းမြ၊ သာပေါင်း၊ ငပုတော၊ ကျောင်းကုန်း၊ အိမ်မဲနဲ့ မအူပင်စတဲ့မြို့နယ်တွေမှာ စည်း ရုံးရေးမှူးတွေနဲ့ ရပ်၊ ကျေးအုပ်ချုပ်ရေးမှူးတွေ ပေါင်းပြီး မဲဆွယ်စည်းရုံးတာတွေ ပြုလုပ်ခဲ့ကြတယ်လို့ ဒေသခံတွေ ကပြောကြပါတယ်။
ဒါ့အပြင် စစ်ကော်မရှင် လက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေနဲ့ ရဲတပ်ဖွဲ့တွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ စစ်ဆေးတာ၊ ခြိမ်းခြောက်တာတွေကြောင့် ပြည်သူတွေမှာ အကြောက်တရားတွေ ရှိနေပြီး ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုလည်း အားနည်းကြတယ်လို့ ဆိုကြပါတယ်။
“လူတရာမှာ သုံးဆယ်လောက်ပဲ စိတ်ဝင်စားကြတယ်။ရွေးကောက်ပွဲကို လူတွေ သိပ်စိတ်ဝင်စားဘူး။ ဖမ်းဖို့ဆီးဖို့ ကြောက်တာလည်း ပါတာပေ့ါ၊ အရင်ရွေးကောက်ပွဲတွေနဲ့မှ မတူတော့တာ။ အာဏာသိမ်းထားတဲ့ စစ်တပ်လက် အောက်မှာ နေရတာကိုး” လို့ လေးမျက်နှာမြို့နယ်မှ ဒေသခံလူငယ်တဦးက ပြောပါတယ်။
အဲဒီလို ပြည်သူတွေ ရွေးကောက်ပွဲစိတ်ဝင်မှု အားနည်းတဲ့ အခြေအနေမှာ ဧရာ၀တီတိုင်းဝန်ကြီးချုပ်က လေးမျက်နှာ မြို့ကို အောက်တိုဘာလ ၃၁ ရက်နေ့မှာ ရောက်လာပြီး စစ်ဘေးရှောင်ပြည်သူတွေနဲ့ တွေ့ဆုံကာ မဖြစ်မနေမဲပေး ကြရမယ်လို့ ဖိအားပေး ပြောဆိုခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
တိုင်းပြည်အာဏာတွေကို အရပ်သားအစိုးရလက်ထဲကနေ လုယူအာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်ဟာ ရွေးကောက်ပွဲကို နှစ်ကြိမ်ခွဲကျင်းပမယ်လို့ ဆိုထားပြီး ပထမတကြိမ်ကို အခုလာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ မြို့နယ်ပေါင်း ၁၀၂ ခုအတွင်း ကျင်းပမယ်လို့ ကြေငြာထားပါတယ်။
အခုလာမယ့် ရွေးကောက်ပွဲမှာ ဧရာ၀တီတိုင်း အတွင်းက မဲဆန္ဒနယ်တွေမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ရှမ်း တိုင်းရင်းသားများဒီမိုကရက်တစ်(ကျားဖြူ)ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါ တီ၊ ပြည်သူ့ပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ပုသိမ်မြို့အခြေစိုက်အလုပ်သမား လယ်သမား ပြည်သူ့ပါတီနဲ့ ဘိုကလေးမြို့ အခြေစိုက်ခေတ်သစ်ပြည်သူံပါတီတို့ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)အပါအဝင် တော်လှန်ရေးအင်အားစုတွေကတော့ စစ်ကော်မရှင်က လုပ်မယ့် ရွေးကောက်ပွဲဟာ အတုအယောင်ရွေးကောက်ပွဲဖြစ်တာမို့ ဆန့်ကျင်ကြဖို့ တိုက်တွန်းထားပါတယ်။