ပုသိမ် – မုံရွာလမ်းပေါ် က နဂါးရစ်တောင်အနီးဝန်းကျင်မှာ တိုက်ပွဲပြင်းထန်နေ

“လူတွေကတော့ အရင်ကတည်းက ရှောင်နေကြတာမို့လို့ အထိအခိုက်မကြားရဘူး၊ အိမ်တွေတော့ အပျက်အစီးရှိ တယ်၊ အမြောက်တပ်က နေ့တိုင်းပစ်တာပါ၊ အသံတွေ နေ့တိုင်းကြားရတယ်

၈၊ နိုဝင်ဘာ။

ဧရာ၀တီတိုင်း၊ရေကြည်မြို့နယ် နဂါးရစ်တောင်အနီးဝန်းကျင်မှာ စစ်တပ်နဲ့ အာရက္ခတပ်တော်(AA)ပူးပေါင်းတပ်ဖွဲ့တွေ ဒီနေ့ မနက်ပိုင်းမှာ  တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က မြောက်စမ်းအမြောက်တပ် အမတ (၃၄၄)ကနေ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်နေပါတယ်။

“ပုံမှန် ပြန်ပစ်နေတာ ရက်ပိုင်းလောက် ရှိပြီ။မနေ့ညကရော ဒီမနက်ရော လက်နက်ငယ်၊အမြောက်၊ဒရုန်း မနားတမ်းပဲ။ ညကဆို လေယဉ်လည်း လာတယ်” လို့ အမတ ၃၄၄ နဲ့ နဂါးရစ်တောင် အကြားကျေးရွာမှာ နေထိုင်သူ တဦးက ပြောပါတယ်။

နိုဝင်ဘာလ ပထမ ပတ်ထဲမှာ ထိတွေ့တိုက်ပွဲအဖြစ် လက်နက်ငယ် ပစ်ခတ်သံကို တခါတရံ ကြားရပေမယ့် ဒီမနက်ပိုင်းမှာ အချိန်အတော်ကြာ လက်နက်ငယ် ဖြစ်ခတ်သံတွေ ကြားရပြီး ထိတွေ့တိုက်ပွဲ ပြင်းထန်ပုံ ရတယ်လို့ အဲဒီ ဒေသခံက ခန့်မှန်းပါတယ်။

“မနေ့ညက ၁၀ နာရီ ဝန်းကျင် ခနပဲ ကြားရတာ။ ဒီမနက်က မိုးလင်းကတည်က ချတာ အခုမှ ငြိမ်တယ်”လို့ မနက် ၁၁ နာရီမှာ DNA ကိုပြောပါတယ်။

ပုသိမ် – မုံရွာလမ်းမပေါ်မှာ ရှိတဲ့  နဂါးရစ်တောင်မှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို  AA ပူးပေါင်း တပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။  တိုက်ပွဲဖြစ်နေတာ တပတ်လောက်ရှိပြီဖြစ်ပေမယ့် ဒီနေ့ မနက်ပိုင်းမှာ ပိုပြီးပြင်းထန်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တဦးကလည်း ပြောပါတယ်။

“အသံတွေကြားနေတာ တပတ်လောက်တော့ ဆက်တိုက်ရှိပြီ၊ ဒီရက်ပိုင်းမှာ ပိုပြင်းလာတယ်၊ လက်နက်ကြီးက လည်း တောက်လျောက်ပစ်နေတာပဲ၊ ဒရုန်းနဲ့လည်း ချတယ်၊ မနေ့ညဆို တညလုံးလိုပစ်တာ၊ အခုမနက်လည်း ပစ် နေကြတုန်းပဲ၊ တိုက်ပွဲကတော့ အတော်ပြင်းတယ်” လို့ အဆိုပါဒေသခံက DNA ကို ပြောပါတယ်။

နဂါးရစ်တောင်ဟာ စစ်ကော်မရှင်ရဲ့ အမတ(၃၄၄)နဲ့ (မြေပုံမှာ အဖြောင့်တိုင်းရင်) ငါးမိုင်ဝန်းကျင်အကွာမှာ တည်ရှိ ပြီး အဲဒီအနီးဝန်းကျင် တောင်တန်းတွေပေါ်မှာ ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းနဲ့ ဩဂုတ်လအတွင်းကလည်း နှစ်ဖက်တိုက်ပွဲ တွေဖြစ်ပွားခဲ့ပါတယ်။ အဲဒီနောက် လအတာ်ကြာငြိမ်သက်နေခဲ့ရာကနေ ဒီတပတ်အတွင်း တိုက်ပွဲတွေ ထပ်မံဖြစ်ပွားလာတာလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်တပ်က  ပစ်ခတ်တဲ့လက်နက်ကြီးကျည်တွေဟာ လူနေကျေးရွာတွေထဲကို ကျရောက်ပေါက်ကွဲပြီး လူနေအိမ်အပျက်အစီးတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

“လူတွေကတော့ အရင်ကတည်းက ရှောင်နေကြတာမို့လို့ အထိအခိုက်မကြားရဘူး၊ အိမ်တွေတော့ အပျက်အစီးရှိ တယ်၊ အမြောက်တပ်က နေ့တိုင်းပစ်တာပါ၊ အသံတွေ နေ့တိုင်းကြားရတယ်” လို့ လေးမျက်နှာမြို့နယ်မှာ နေထိုင် တဲ့အမျိုးသမီးတဦးက ပြောပါတယ်။

ရခိုင်ရိုးမတောင်ခြေမှာရှိတဲ့ အမတ ၃၄၄ ကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ဖို့ကြိုးစားနေတဲ့ AA ပူးပေါင်းတပ်ဖွဲ့ဟာ ပုသိမ် – မုံရွာလမ်းတလျှောက်ရှိ စစ်တပ်စခန်းတွေကိုပါ သိမ်းယူလာနေပြီး အမတ ၃၄၄ အနီးဆီ ချည်းကပ်လာတာ ဖြစ်ပါတယ်။

“အခုလည်း ပုသိမ်-မုံရွာလမ်းကို တပိုင်းတစ ထိန်းချုပ်ထားတာပေ့ါ။ အမတကို သိမ်းဖို့ခြေလှမ်းပြင်နေတာ။ တိုက်ပွဲ တွေကတော့ ဒီရက်ပိုင်း ပြင်းနေတယ်။ စကမ ဘကက်ကလည်း အကျအဆုံးတွေများတယ် ဒီရက်ပိုင်းတိုက်ပွဲမှာ” လို့ AA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တဦးက ပြောပါတယ်။

အဲနေ့ တိုက်ပွဲအခြေအနေနဲ့ ပက်သက်ပြီး AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို DNA က ဆက်သွယ်မေးမြန်းထားပေမယ့် ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

AA ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်တပ်ဟာ အမတ ၃၄၄ ဝန်းကျင်၊ ပုသိမ်- မုံရွာလမ်းမပေါ် စက်စက်ယိုကျေး ရွာအနီးဝန်းကျင်၊ ရခိုင်ရိုးမတောင်ခြေတလျှောက်ဘက်တွေမှာလည်း  တိုက်ပွဲတွေ မကြာခဏ ရှိနေပါတယ်။ စစ်တပ်ကလည်း အမတ ၃၄၄ နဲ့ နဂါးရစ်တောင်အနီးဝန်းကျင်စခန်းတွေဆီ လက်နက်၊ အင်အားဖြည့်တင်းတာတွေ ဆက်တိုက်လုပ်နေပြီးခဲ့ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းကလည်း ကားငါးစီးခဝန်းကျင်နဲ့ အင်အားဖြည့်ခဲ့ပါသေးတယ်။

ရိုးမအနောက်ဘက်ခြမ်း ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၄ ခုကို အလုံးစုံသိမ်းပိုက်ထိန်းချုပ်ထားတဲ့ AA ဟာ ရိုးမ အရှေ့ဘက်ခြမ်း ဧရာ၀တီတိုင်း ၊ မကွေးတိုင်း၊ ပဲခူးတိုင်းတို့အတွင်းရှိ စစ်ကော်မရှင်တပ်စခန်းတွေကို ဒေသခံတော် လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာ ဆက်လက်တိုက်ခိုက်နေတာဖြစ်ပါတယ်။