အမေရိကန်-တောင်ကိုရီးယား လုံခြုံရေးဆွေးနွေးပွဲတွေကို မြောက်ကိုရီးယား ရှုတ်ချ

မြောက်ကိုရီးယားဟာ အရှေ့ဘက်ကမ်းရိုးတန်းရှိ ပင်လယ်ပြင်ထဲကို ပဲ့ထိန်း ဒုံးကျည်တစ်စင်း ပစ်လွှတ်ပြီး‌ နောက်တရက်မှာပဲ အခုလို ပြောလိုက်တာပါ။

၈၊ နိုဝင်ဘာ။

အမေရိကန်-တောင်ကိုရီးယား လုံခြုံရေးဆွေးနွေးပွဲတွေနဲ့ အမေရိကန် လေယာဉ်တင်သင်္ဘော တောင်ကိုရီးယားကို ရောက်ရှိ လာတာနဲ့ ပက်သတ်လို့ မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီး နိုကွမ်ချောလ်က ရှုတ်ချပြောဆိုလိုက်ပြီး ထိုးစစ်ဆင်မှုတွေ ပိုမိုလုပ်ဆောင်သွားမယ်လို့ ဒီကနေ့ နိုဝင်ဘာ ၈ရက်နေ့မှာ ခြိမ်းခြောက်လိုက်ပါတယ်။

မြောက်ကိုရီးယားဟာ အရှေ့ဘက်ကမ်းရိုးတန်းရှိ ပင်လယ်ပြင်ထဲကို ပဲ့ထိန်း ဒုံးကျည်တစ်စင်း ပစ်လွှတ်ပြီး‌ နောက်တရက်မှာပဲ အခုလို ပြောလိုက်တာပါ။

ပြီးခဲ့တဲ့ကြာသပတေးနေ့က မြောက်ကိုရီးယားရဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကို ဆိုက်ဘာနဲ့ ပတ်သက်တဲ့ ငွေကြေးခဝါချမှုတွေမှာ ပါဝင်တယ်ဆိုတဲ့ အချက်နဲ့ အမေရိကန်က ပိတ်ဆို့အရေးယူမှု အသစ်တွေကို ပြုလုပ်ခဲ့လို့ အခုလို လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနကတော့ ဒုံးကျည်ပစ်လွှတ်မှုကို ရှုတ်ချခဲ့ပြီး မြောက်ကိုရီးယားအနေနဲ့ အမေရိကန်-တောင်ကိုရီးယား အစည်းအဝေးကို ဝေဖန်တာဟာ ဝမ်းနည်းစရာဖြစ်တယ်လို့ ပြောပါတယ်။

နိုကွမ်ချောလ်ဟာ မကြာသေးမီက အမေရိကန်နဲ့ တောင်ကိုရီးယား ကာကွယ်ရေးဦးစီးချုပ်တွေ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယား နယ်စပ်ကို သွားရောက်လည်ပတ်ခဲ့တာနဲ့ ဆိုးလ်မြို့မှာ ဆက်လက်ပြုလုပ်ခဲ့တဲ့ လုံခြုံရေးဆွေးနွေးပွဲတွေကို ဝေဖန်ထားပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားဟာ မြောက်ကိုရီးယားအပေါ် ဟန့်တားကာကွယ် ကြိုးပမ်းမှုတွေကို အရှိန်မြှင့်ဖို့နဲ့ နျူကလီးယားနဲ့ သာမန် တပ်ဖွဲ့တွေ ပေါင်းစည်းဖို့ ပူးပေါင်းကြံစည်နေတယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။ “ဒါကတော့ DPRK (ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ) ကို အဆုံးအထိ ဆန့်ကျင်ဖို့ သူတို့ရဲ့ ရန်လိုတဲ့ သဘောသဘာဝကို ထင်ရှားစွာ ဖော်ထုတ်ပြသတာနဲ့ ရည်ရွယ်ချက်ရှိရှိ ဖော်ပြခြင်းပါပဲ”လို့ နိုကွမ်ချောလ်က ပြောပါတယ်။

နိုကွမ်ချောလ်က အခုသီတင်းပတ်အတွင်း အမေရိကန်-တောင်ကိုရီးယား ပူးတွဲလေကြောင်းလေ့ကျင့်မှုတွေအပြီး အမေရိကန်ရဲ့ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော ဂျော့ချ်ဝါရှင်တန် တောင်ကိုရီးယားရဲ့ အရှေ့တောင်ပိုင်း ဆိပ်ကမ်းမြို့ ဘူဆန်ကို ရောက်ရှိလာတာဟာ ကျွန်းဆွယ်ပေါ်ရှိ တင်းမာတွေကို မြင့်တက်စေခဲ့တယ်လို့ မှတ်ချက်ပြုထားပါတယ်။

မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာ KCNA ရဲ့ ဖော်ပြချက်အရ နိုကွမ်ချောလ်က “ကျွန်တော်တို့အနေနဲ့ လုံခြုံရေးကို အာမခံဖို့၊ ခိုင်မာတဲ့ အင်အားနဲ့ ငြိမ်းချမ်းရေးကို ကာကွယ်ဖို့ မူအရ ရန်သူတွေရဲ့ ခြိမ်းခြောက်မှုတွေကို ပိုပြီး ထိုးစစ်ဆင် တိုက်ခိုက်တာတွေ ပြသသွားပါမယ်”လို့ ထုတ်ပြောထားပါတယ်။

တောင်ကိုရီးယား ရေတပ်ကတော့ အဆိုပါ လေယာဉ်တင်သင်္ဘော လာရောက်ခဲ့တာဟာ ထောက်ပံ့ရေးပစ္စည်းတွေ ဖြည့်တင်းဖို့နဲ့ သင်္ဘောအဖွဲ့သားတွေကို အနားပေးဖို့ ဖြစ်တယ်လို့ ရှင်းလင်းပြောကြားထားပါတယ်။

ပြီးခဲ့တဲ့အပတ်က အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် တောင်ကိုရီးယားကို သွားရောက်ချိန် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်နဲ့ တွေ့ဆုံဆွေးနွေးဖို့ သူ့အနေနဲ့ ဆန္ဒရှိနေတယ်လို့ ပြောခဲ့ပါတယ်။

တွေ့ဆုံမှု မဖြစ်မြောက်ခဲ့ပေမဲ့ ထရမ့်က ကင်ဂျုံအမ်နဲ့ တွေ့ဆုံဖို့ ပြန်လာလိုတယ်လို့လည်း ဆိုပါတယ်။

Ref – Reuters