လာမယ့် လေးရက်အတွင်း မိုးများနိုင်လို့ လယ်သမားတွေ ကြိုတင်ပြင်ဆင်ဖို့လို

စပါး/ပဲ ကြဲပက်စိုက်ပျိုးလိုတဲ့ တောင်သူများအနေဖြင့် ၁၂ ရက် နောက်ပိုင်းမှ ကြဲပက်စိုက်ပျိုးတာ ပြုလုပ်သင့်ပါတယ်

၈၊ နိုဝင်ဘာလ။

ဧရာဝတီတိုင်းမှာ ဒီကနေ့ကနေ နိုဝင်ဘာ ၁၂ ရက်ထိ မိုးရွာသွန်းနိုင်တာကြောင့် ဆောင်းသီးနှံ စိုက်ပျိုးကြမယ့် တောင်သူတွေ အနေနဲ့ နိုဝင်ဘာ ၁၂ နောက်ပိုင်းမှ စတင်ပြင်ဆင်သင့်ကြောင်းနဲ့ ပဲစိုက်ခင်းတွေ အနေနဲ့ မိုးသည်းထန်လို့ ပျက်စီးမှုကို လျှော့ချနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားသင့်တယ်လို့ မိုးဇလ ပညာရှင်တွေနဲ့ စိုက်ပျိုးရေး ကျွမ်းကျင်သူတွေက အကြံပြုထားကြပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း ခန့်မေဂီကြောင့် ဒီကနေ့ နိုဝင်ဘာ ၈ ရက်ကနေ နိုဝင်ဘာ ၁၂ ရက်ထိ ဧရာဝတီတိုင်းမှာ မိုးရွာသွန်းနိုင်ပြီး နေရာကွက်ကာ မိုးကြီးနိုင်တယ်လို့ မိုးဇလ ပညာရှင်တွေက ဆက်တိုက် သတိပေးထားကြပါတယ်။

ဒါကြောင့် စိုက်ပျိုးပြီးဖြစ်နေတဲ့ ဆောင်းသီးနှံတွေရှိရင် မိုးသည်းထန်မှုကြောင့် ပျက်စီးမှုတွေကနေ လျော့ချနိုင်ဖို့အတွက် ရေစီးရေလာကောင်းမွန်အောင်၊ ရေဝပ်မနေအောင် စီမံပြုလုပ်ကြဖို့လိုတယ်လို့ စိုက်ပျိုးရေး ပညာရှင်တွေက အကြံပြုထားကြပါတယ်။

“ ဒီမနက်တော့ မိုးမရွာသေးဘူး။ ဒါပေမယ့် ရွာမှာသေချာနေတော့ ကြိုပြင်ထားလို့ရတာတွေ ပြင်ထားဖို့။ အရေးကြီးတာက မိုးစဲပြီး ရေကျသွားတဲ့အခါ မှိုတွေရှိနေနိုင်တယ်။ အဲ့ဒါကို မှိုသတ်ဆေး၊ ပိုးသတ်ဆေးတွေ ချက်ချင်း မဖြန်းဖို့၊ ခါးရိတာတွေ၊ အမြစ်ပုတ်တာတွေအတွက် သင့်တော်တဲ့ ဆေးတွေသုံးဖို့သေချာ လေ့လာထားဖို့လိုတယ်။ မဟုတ်ရင် ပျက်ဆီးမှုက ပိုများသွားနိုင်တယ် ” လို့ ဟင်္သာတမြို့နယ်မှာ နေထိုင်တဲ့ လယ်သမားရေး ကူညီဆောင်ရွက်နေသူတဦးက ရှင်းပြပါတယ်။

မော်လမြိုင်ကျွန်းမြို့နယ်နဲ့ ကျုံပျော်မြို့နယ်အတွင်းက လယ်သမားတွေကတော့ မိုးမိတဲ့ အပင်တွေ ပြန်လည်သန်စွမ်းလာနိုင်ဖို့အတွက် အသုံးပြုရမယ့် သွင်းအားစုဈေးတွေကြောင့် ဘာလုပ်သင့်လဲဆိုတာကို စဉ်းစားနေကြဆဲဖြစ်တယ်လို့ DNA ကိုပြောကြပါတယ်။

မိုးဇလ ပညာရှင် ဦးဝင်းနိုင်ကတော့ ဆောင်းသီးနှံ မစိုက်ပျိုးရသေးသူတွေအနေနဲ့ မိုးများတာကိုရှောင်ရှားနိုင်ဖို့ နိုဝင်ဘာ ၁၂ ရက်နောက်ပိုင်းမှသာ စိုက်ပျိုးဖို့ စတင်ဆောင်ရွက်သင့်တယ်လို့ အကြံပြုထားပါတယ်။

“ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်တွေမှာ နေ့စဉ်မိုးရေချိန် အများဆုံးရွာသွန်းနိုင်ပြီး နေရာကွက်၍ မိုးသည်းထန်ခြင်းများရှိနိုင်တာကြောင့် ရိတ်သိမ်းပြီး/ရိတ်သိမ်းဆဲ စပါးခင်းများ သတိထားကြရပါမယ်။ စပါး/ပဲ ကြဲပက်စိုက်ပျိုးလိုတဲ့ တောင်သူများအနေဖြင့် ၁၂ ရက် နောက်ပိုင်းမှ ကြဲပက်စိုက်ပျိုးတာ ပြုလုပ်သင့်ပါတယ် ” လို့ ဦးဝင်းနိုင်က ပြောပါတယ်။

လက်ရှိမှာတော ဧရာဝတီတိုင်းမှာ နေရာကွက်ကြား မိုးရွာသွန်းမှုတွေ ရှိနေပြီး မိုးသီးနှံ အစားထိုးစိုက်ပျိုးရတဲ့ သက်နုစပါးတွေနဲ့ ပေါ်ဆန်းမျိုးစပါးတွေကို ရိတ်သိမ်းနိုင်ခြင်း မရှိသေးပါဘူး။