
အစိုးရဝန်ထမ်းများစွာနဲ့ အရေးပါတဲ့ လေဆိပ်ဝန်ထမ်းတွေဟာ လစာမရဘဲ အလုပ် လုပ်နေကြရတာ ဒါမှမဟုတ် အလုပ်ရပ်နားထားတာတွေ ကြားက ခြောက်ပတ်နီးပါး ကြာပြီဖြစ်တဲ့ အခု အကျပ်အတည်းကို ပြီးဆုံးဖို့ စောင့်ဆိုင်းနေကြရပါတယ်။
၈၊ နိုဝင်ဘာ။
အမေရိကန်မှာ အစိုးရယန္တရားတွေ ရပ်ဆိုင်းထားချိန် လစာမရဘဲ လုပ်ကိုင်နေတဲ့ လေကြောင်းထိန်းချုပ်ရေး ဝန်ထမ်းတွေအပေါ် ဖိစီးမှုတွေ လျှော့ချဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နိုဝင်ဘာ ၇ ရက်နေ့မှာ လေကြောင်းခရီးစဉ် ၁,၂၀၀ ကျော်ကို ထရမ့်အစိုးရအဖွဲ့အမိန့်နဲ့ ဖျက်သိမ်းလိုက်ပါတယ်။
လေဆိပ်ပေါင်း ၄၀ ကို လျှော့ချဖို့ စီစဉ်ထားပြီး အဆိုပါ လေဆိပ်တွေထဲ အတ္တလန်တာ၊ နယူးဝပ်ခ်၊ ဒန်ဗာ၊ ချီကာဂို၊ ဟူစတန်နဲ့ လော့စ်အိန်ဂျယ်လိစ်တို့လို အဓိက အချက်အချာကျတဲ့ နေရာတွေ ပါဝင်နေပါတယ်။
ကျန်းမာရေး အာမခံ ထောက်ပံ့ကြေးတွေနဲ့ ပတ်သက်ပြီး ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက်တွေ အကြား အပြင်းအထန် သဘောထားကွဲလွဲနေချိန် အောက်တိုဘာလ ၁ ရက်နေ့ကတည်းက ရန်ပုံငွေတွေ ရပ်ဆိုင်းသွားခဲ့ပြီးနောက် ဗဟိုအစိုးရ အေဂျင်စီတွေ ရပ်တန့်လုနီးပါး ဖြစ်နေပါတယ်။
အစိုးရဝန်ထမ်းများစွာနဲ့ အရေးပါတဲ့ လေဆိပ်ဝန်ထမ်းတွေဟာ လစာမရဘဲ အလုပ် လုပ်နေကြရတာ ဒါမှမဟုတ် အလုပ်ရပ်နားထားတာတွေ ကြားက ခြောက်ပတ်နီးပါး ကြာပြီဖြစ်တဲ့ အခု အကျပ်အတည်းကို ပြီးဆုံးဖို့ စောင့်ဆိုင်းနေကြရပါတယ်။
လေကြောင်းခရီးစဉ် လျှော့ချမှုတွေဟာ တဖြည်းဖြည်းဆိုသလို အကျိုးသက်ရောက်မှုတွေရှိနေပြီး ကွန်ဂရက်က ရန်ပုံငွေ သဘောတူညီချက် မရရှိသေးရင် လေးရာခိုင်နှုန်းကနေ လာမယ့်အပတ်အတွင်း ၁၀ ရာခိုင်နှုန်းအထိ တိုးလာမှာဖြစ်ပါတယ်။ သောကြာနေ့အတွက် စီစဉ်ထားတဲ့ လေကြောင်းခရီးစဉ် ၁,၂၀၀ ကျော်ကို ဖျက်သိမ်းလိုက်ရပြီလို့ FlightAware ဝက်ဘ်ဆိုက်က အသိပေးထားပါတယ်။
လေကြောင်း အချက်အလက် ဆန်းစစ်လေ့လာရေး ကုမ္ပဏီ Cirium က အမေရိကန် လေကြောင်းခရီးစဉ်တွေရဲ့ သုံးရာခိုင်နှုန်းကို အခုအချိန်အထိ ဖျက်သိမ်းခဲ့ပြီး ၉၄ ရာခိုင်နှုန်းကတော့ အချိန်မီ ပျံသန်းထွက်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ AFP သတင်းဌာနရဲ့ ခွဲခြမ်းစိတ်ဖြာထားတဲ့ အချက်အလက်တွေအရ အများဆုံး ထိခိုက်ခဲ့တဲ့ လေဆိပ်တွေမှာ အတ္တလန်တာရှိ ဟက်စ်ဖီးဂျက်ဆင်၊ ချီကာဂိုရှိ အိုဟဲယား၊ ဒန်ဗာနဲ့ ဖီးနစ်တို့ ပါဝင်နေပါတယ်။
“ဒါက စိတ်ပျက်စရာပါ။ ကျွန်တော်တို့ ဒီလို အခြေအနေမျိုး မဖြစ်သင့်ပါဘူး”လို့ American Airlines ရဲ့ အမှုဆောင်အရာရှိချုပ် ရောဘတ် အီဆိုမ်က CNBC ကို ပြောကြားထားပါတယ်။ အခုလို ကသောင်းကနင်း ဖြစ်ရပ်တွေဟာ အစိုးရယန္တယား အများစုကို ရပ်ဆိုင်းထားတဲ့ ဝါရှင်တန်က ဘတ်ဂျက်တိုက်ပွဲတွေရဲ့ သက်ရောက်မှုတွေကို သာမန် အမေရိကန်ပြည်သူတွေ တိုက်ရိုက် ခံစားနေကြရပြီကို ညွှန်းဆိုနေပါတယ်။
အစိုးရယန္တရားတွေကို ပြန်လည်ဖွင့်လှစ်ပေးဖို့ လွှတ်တော်ကနေ အတည်ပြုပြီးသား ရန်ပုံငွေဥပဒေကြမ်းကို သောကြာနေ့က အထက်လွှတ်တော်က ၁၅ ကြိမ်မြောက် အတည်ပြုဖို့ ကြိုးပမ်းထားပေမဲ့ မအောင်မြင်ဖို့ ရာခိုင်နှုန်း များနေပါတယ်။
Ref – Reuters