ကမ္ဘောဒီယားအပေါ် လက်နက်အရောင်းအဝယ် ပိတ်ဆို့မှု အမေရိကန် ပြန်ရုပ်သိမ်း

အရင် သမ္မတ ဂျိုးဘိုင်ဒင် အစိုးရလက်ထက် ၂၀၂၁ ခုနှစ်မှာ အရှေ့တောင်အာရှနိုင်ငံ ကမ္ဘောဒီးယားကို လက်နက်တင်ပို့မှု ပိတ်ပင်ခဲ့တာဖြစ်ပြီး တရုတ်စစ်တပ်ရဲ့ သြဇာလွှမ်းမိုးမှု တိုးလာတာတွေ၊ လူ့အခွင့်အရေးနဲ့ စွပ်စွဲခံထားရတဲ့ အဂတိလိုက်စားမှုတွေကြောင့် ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။

၇၊ နိုဝင်ဘာ။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ ကမ္ဘောဒီးယားနဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံတို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးမှုကို ကြားဝင်စေ့စပ်ခဲ့ပြီးနောက် နိုဝင်ဘာ ၆ ရက်နေ့မှာ ကမ္ဘောဒီယားအပေါ် လက်နက်အရောင်းအဝယ် ပိတ်ဆို့မှု ပြန်ရုပ်သိမ်းလိုက်ပါတယ်။

အရင် သမ္မတ ဂျိုးဘိုင်ဒင် အစိုးရလက်ထက် ၂၀၂၁ ခုနှစ်မှာ အရှေ့တောင်အာရှနိုင်ငံ ကမ္ဘောဒီးယားကို လက်နက်တင်ပို့မှု ပိတ်ပင်ခဲ့တာဖြစ်ပြီး တရုတ်စစ်တပ်ရဲ့ သြဇာလွှမ်းမိုးမှု တိုးလာတာတွေ၊ လူ့အခွင့်အရေးနဲ့ စွပ်စွဲခံထားရတဲ့ အဂတိလိုက်စားမှုတွေကြောင့် ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။

အခုနှစ် ဇူလိုင်လက ဖြစ်ပွားခဲ့တဲ့ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲတွေကို ပြေငြိမ်းစေဖို့ အမေရိကန်သမ္မတ ထရမ့်ဟာ ထိုင်းနဲ့ ကမ္ဘောဒီးယားကို ဆွေးနွေးပွဲစကားဝိုင်းဆီ ခေါ်ဆောင်နိုင်ခဲ့ပြီးနောက် အသိအမှတ်ပြုလည်း ခံခဲ့ရပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ကမ္ဘောဒီးယားအပေါ် ကန့်သတ်ချက်တွေကို ရုပ်သိမ်းခဲ့တယ်လို့ နေ့စဉ် သတင်းလွှာ Federal Register ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

“ကမ္ဘောဒီးယားနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် ကြိုးပမ်းအားထုတ်မှုအပြင် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု ၊ နိုင်ငံဖြတ်ကျော်ရာဇ၀တ်မှုတွေ တိုက်ဖျက်ရာမှာ အမေရိကန်နဲ့ ပြန်လည်ထိတွေ့ဆက်ဆံမှုတွေကို အခြေခံပြီး  နိုင်ငံခြားရေးဝန်ကြီးဌာနက ကမ္ဘောဒီးယားအပေါ် ကာကွယ်ရေးဆိုင်ရာ ကုန်သွယ်ရေး ပိတ်ဆို့မှုကို ရုပ်သိမ်းဖို့ ဆုံးဖြတ်ခဲ့တယ်”လို့ အဆိုပါကြေညာချက်က ဆိုပါတယ်။

ကမ္ဘောဒီးယားအပေါ် လက်နက်ရောင်းချမှုအတွက် အခြေအနေတစ်ခုချင်းစီကို ကြည့်ပြီး ခွင့်ပြုသွားမှာဖြစ်သလို သက်ဆိုင်ရာ စံနှုန်းတွေနဲ့ ကိုက်ညီရမယ်လို့လည်း ဖော်ပြထားပါတယ်။

ဒါပေမဲ့ ကမ္ဘောဒီးယားအပေါ် တရုတ်စစ်ရေးသြဇာလွှမ်းမိုးမှုနဲ့ ပတ်သက်ပြီး အမေရိကန်အနေနဲ့ စိုးရိမ်ပူပန်မှုတွေ ပြေလည်သွားမှု ရှိ၊ မရှိကိုတော့ ရှင်းရှင်းလင်း မသိရှိရသေးပါဘူး။

အမေရိကန် ကာကွယ်ရေးဝန်ကြီး ပီဟက်ဆက်က မလေးရှားနိုင်ငံမှာ ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီး တီယာဆေဟာနဲ့ သောကြာနေ့က တွေ့ဆုံပြီးနောက် “ကမ္ဘောဒီးယားနဲ့ နှစ်နိုင်ငံ စစ်ရေးလေ့ကျင့်ရေးကို ပြန်လည်စတင်ဖို့ သဘောတူခဲ့ကြောင်း” ပြောကြားပြီး အခုလို ဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့တာလို့ ဆိုပါတယ်။

သမ္မတ ထရမ့်အနေနဲ့ အဲဒီသီတင်းပတ်အစောပိုင်းမှာ မလေးရှားနိုင်ငံမှာပြုလုပ်တဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယားအကြား အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲကို တက်ရောက်ခဲ့ပါတယ်။

အဆိုပါ သဘောတူညီချက်ဟာ ဆယ်စုနှစ်တစ်ခုကျော်အတွင်း ထိုင်းနဲ့ ကမ္ဘောဒီးယားအကြား အပြင်းထန်ဆုံး တိုက်ပွဲတွေကို အဆုံးသတ်ဖို့ ကြိုးပမ်းရာမှာ ပိတ်ဆို့နေတဲ့ အခြေအနေကို ထရမ့်ရဲ့ ဖုန်းခေါ်မှုကနေတဆင့် ညှိနှိုင်းဖြေရှင်းခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ နှစ်နိုင်ငံအကြား တိုက်ပွဲတွေကြောင့် စစ်သား ဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ရပြီး ထောင်နဲ့ချီတဲ့ အရပ်သားတွေလည်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်ကတော့ လက်မှတ်ရေးထိုးပွဲအခမ်းအနားမှာ တိုက်ပွဲတွေ အဆုံးသတ်ရေးအတွက် ကြိုးပမ်းပေးခဲ့တဲ့ ထရမ့်ကို နိုဘယ်ငြိမ်းချမ်းရေးဆု အမည်စာရင်းတင်သွင်းခဲ့တယ်လို့ ပြောခဲ့ပါသေးတယ်။

Ref – Reuters