
လက်ရှိ တောင်တရုတ် ပင်လယ်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ “ခန့်မေဂီ” (KALMAEGI) တိုင်ဖုန်းမုန်တိုင်းကြောင့် ဧရာဝတီတိုင်းအတွင်းမှာ နေရာကွက်ပြီး မိုးကြီးနိုင်သလို ရုတ်တရက် ရေကြီးရေလျှံတာ၊ မြေပြိုတာတွေ ဖြစ်ပေါ်နိုင်တာကြောင့် သတိထားကြဖို့ မိုးဇလ ပညာရှင်တွေက တိုက်တွန်းထားပါတယ်။
၆၊ နိုဝင်ဘာလ။
ခန့်မေးဂီ ရဲ့ အရှိန်ကြောင့် လာမယ့် ရက်သတ္တပတ် အထိ မိုးဆက်တိုက်ရွာသွန်းနိုင်ချေတွေရှိနေပြီး ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီ တိုင်း၊ ကယား၊ ကရင်၊ မွန်၊ ရခိုင်နဲ့ ရှမ်း (တောင်၊ အရှေ့) တို့မှာ နေရာစိတ်စိတ်ကနေ နေရာအနှံ့အ ပြား မိုးရွာသွန်းနိုင်ပြီး နေရာကွက်၍ မိုးကြီးနိုင်တဲ့ အခြေအနေရှိနေတယ်လို့ မြန်မာနိုင်ငံ မိုးဇလဌာနကလည်း ထုတ်ပြန်ထားပါတယ်။
“ဧရာဝတီဆိုရင်လယ်သိမ်းမယ့်ကိစ္စတွေ၊နွားကျော င်းတာ၊ ငါးဖမ်းတာစတဲ့ကိစ္စတွေ၊ပင်လယ်ပြင်ထွက်
မယ့်သူတွေ ဂရုစိုက်ရမယ်။ မိုးတိမ်တောင်တွေက ကြီးတယ်။ ရုတ်တရက် မိုးသက်လေပြင်းကျတာ၊ မိုးကြိုးပစ်တာတွေ ဖြစ်မယ်။ မြစ်ချောင်းနားနေတဲ့သူတွေ အမြဲရေတက် ရေကျကို ဂရုစိုက်ဖို့လိုတယ်။ ကမ်းပြိုလေ့ရှိတဲ့နေရာတွေ၊ ပြိုနိုင်တဲ့နေရာတွေကလူတွေလည်း သတိရှိဖို့လိုတယ် ” လို့ မိုးဇလ ဌာနက ဝန်ထမ်းတဦးက သတိပေးထားပါတယ်။
မိုးဇလ ပညာရှင် ဦးဝင်းနိုင်ကတော့ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေမှာ ၇ ရက်အတွင်း ၁ လက်မ အထက် ၁ လက်မခွဲအောက် ရွာနိုင်ပြီး ၇ ရက်အတွင်း မိုးရေချိန် အနည်းဆုံး ရွာသွန်းရရှိနိုင်မယ့် ပြည်နယ်တိုင်းများ ဖြစ်နေနိုင်ပါတယ်လို့ ဆိုထားပါတယ်။