
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ အဆိုအရ ဧပြီလကနေ စတင်ပြီး အခုနှစ်အတွင်း ဂျပန်နိုင်ငံတဝန်းမှာ ဝက်ဝံတိုက်ခိုက်မှု ၁၀၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
၆၊ နိုဝင်ဘာ။
ဝက်ဝံတွေရဲ့ တိုက်ခိုက်မှု ကြုံတွေ့နေရတဲ့ ဒေသခံတွေအတွက် ဂျပန်စစ်တပ်ဟာ ဒီကနေ့နိုဝင်ဘာလ ၅ ရက်မှာ ဒေသအာဏာပိုင်တွေရဲ့ အရေးပေါ် တောင်းဆိုချက်အတိုင်း တောင်တန်းတွေထူထပ်လှတဲ့ မြောက်ပိုင်းဒေသကို တပ်ဖွဲ့ဝင်တွေ စေလွှတ်လိုက်ပြီဖြစ်ပါတယ်။
စစ်ဆင်ရေး စတင်တဲ့ ကာဇူနိုမြို့မှာ ဒေသခံတွေကို ပတ်ဝန်းကျင်ရဲ့ ထူထပ်တဲ့ သစ်တောတွေကို ရှောင်ဖို့၊ ညဘက် အိမ်အပြင် မထွက်ဖို့နဲ့ အိမ်အနီးနားမှာ အစာရှာဖွေလာနိုင်တဲ့ ဝက်ဝံတွေကို ခြောက်လှန့်ဖို့ ခေါင်းလောင်းတွေ ဆောင်ထားဖို့တွေပါ ညွှန်ကြားထားပါတယ်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ အဆိုအရ ဧပြီလကနေ စတင်ပြီး အခုနှစ်အတွင်း ဂျပန်နိုင်ငံတဝန်းမှာ ဝက်ဝံတိုက်ခိုက်မှု ၁၀၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုတွေအနက် လူ ၁၂ ဦး သေဆုံးပြီး သေဆုံးသူတွေရဲ့ သုံးပုံနှစ်ပုံဟာ ကာဇူနိုမြို့ တည်ရှိရာ အကီတာစီရင်စုနဲ့ အနီးနားရှိ အီဝါတေးတို့မှာ ဖြစ်ပွားခဲ့တာဖြစ်တာလို့ ဆိုပါတယ်။
ကာဇူနိုမြို့တော်ဝန် ရှင်ဂျီ ဆာဆာမိုတိုကတော့ ကာကွယ်ဝတ်စုံတွေ၊ မြေပုံတွေ၊ စစ်ကားတွေ၊ ဂျစ်ကားတွေနဲ့ မြို့ထဲကို ရောက်လာတဲ့ စစ်သား ၁၅ယောက်နဲ့ တွေ့ဆုံပြီး “မြို့သူမြို့သားတွေ နေ့တိုင်း အန္တရာယ်ကို ခံစားနေရပါတယ်”လို့ ပြောခဲ့ပါတယ်။
“ဒါဟာ လူတွေရဲ့ နေ့စဉ်ဘဝကို ထိခိုက်စေပြီး အပြင်မထွက်ရတာ၊ ပွဲလမ်းသဘင်တွေ ဖျက်သိမ်းရတာတွေ ဖြစ်ခဲ့ရတယ်”လို့ ဆာဆာမိုတိုက ဆက်ပြောပါတယ်။
တပ်ဖွဲ့ဝင်တွေဟာ ဝက်ဝံတွေကို ဖမ်းဆီးရာမှာ အသုံးပြုတဲ့ လှောင်အိမ် ထောင်ချောက်တွေကို သယ်ယူပို့ဆောင်တာ၊ တပ်ဆင်တာတွေနဲ့ စစ်ဆေးတာတွေကို ကူညီပေးမှာ ဖြစ်ပြီး လေ့ကျင့်ထားတဲ့ မုဆိုးတွေကသာ သူတို့သင့်လျော်တဲ့ လက်နက်တွေနဲ့ ဒီစစ်ဆင်ရေးကို ရှင်းလင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။
အကီတာအာဏာပိုင်တွေရဲ့ အဆိုအရ အခုနှစ်အတွင်း ဝက်ဝံတွေကို တွေ့ရှိမှုဟာ ခြောက်ဆခုန်တက်ကာ ၈,၀၀၀ ကျော်အထိ ရှိလာခဲ့ပါတယ်။
ကာဇူနိုမြို့ဟာ လူဦးရေ ၃၀,၀၀၀ ခန့်ရှိပြီး ရေပူစမ်းတွေ၊ လှပတဲ့ရှုခင်းတွေနဲ့ အလွန်ချိုတဲ့ ပန်းသီးမျိုးစိတ်တွေကြောင့် လူသိများပါတယ်။
တပ်ဖွဲ့ဝင်တွေဟာ အခုလကုန်အထိ ဝက်ဝံကာကွယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်သွားမှာဖြစ်သလို ကာဇူနိုမြို့ပြီးရင် အိုဒါတေးနဲ့ ကီတာအကီတာမြို့တွေဆီ ဆက်လက်ချီတက်မှာ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံမှာ ဝက်ဝံအရေအတွက် တိုးလာတာ၊ ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝအစားအစာရင်းမြစ်တွေ ပြောင်းလဲသွားတာနဲ့ ကျေးလက်ဒေသတွေမှာ လူဦးရေလျော့နည်းလာတာတွေကြောင့် လူနဲ့ဝက်ဝံ ထိတွေ့မှု ပိုမိုများပြားလာပါတယ်။
ဒါ့အပြင် ဒေသအာဏာပိုင်တွေ အရင်က မှီခိုအားထားရတဲ့ အသက်အရွယ်ကြီးနေပြီဖြစ်တဲ့ မုဆိုးအဖွဲ့တွေဟာလည်း မနိုင်မနင်း ဖြစ်နေကြတယ်။
Ref – Reuters