မြောက်ကိုရီးယားက ဆောက်လုပ်ရေးတပ်ဖွဲ့ဝင် ၅၀၀၀ ကို ရုရှားဆီ စေလွှတ်

ထောက်လှမ်းရေးအေဂျင်စီဘက်က လွှတ်တော်အမတ်တွေကို ပေးတဲ့ သတင်းအချက်အလက်တွေအရ မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၁,၀၀၀၀ ခန့်ဟာ ရုရှား-ယူကရိန်းနယ်စပ်အနီးမှာ လက်ရှိ တပ်စွဲထားပြီဖြစ်တယ်လို့ လီဆောင်ကွမ်က မှတ်ချက်ပြုပါတယ်။

၅၊ နိုဝင်ဘာ။

မြောက်ကိုရီးယားဟာ စက်တင်ဘာလကတည်းက သူတို့ရဲ့ ဆောက်လုပ်ရေးတပ်ဖွဲ့ဝင် ၅,၀၀၀ ခန့်ကို အခြေခံအဆောက်အအုံတွေ ပြန်လည်တည်ဆောက်ရေးအတွက် ရုရှားဆီ စေလွှတ်ထားတယ်လို့ ဆိုးလ်ထောက်လှမ်းရေး အေဂျင်စီရဲ့ သတင်းအချက်အလက်တွေအရ တောင်ကိုရီးယား လွှတ်တော်အမတ်တစ်ဦးက နိုဝင်ဘာ ၄ ရက်နေ့မှာ ပြောပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်ဟာ ယူကရိန်းစစ်ပွဲမှာ ရုရှားကို အားတက်သရောအကူအညီတွေပေးခဲ့ပြီး ထောင်နဲ့ချီတဲ့ သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေကို ရုရှားတပ်ဖွဲ့တွေနဲ့အတူ တိုက်ပွဲဝင်ဖို့ စေလွှတ်ခဲ့သလို မော်စကိုဆီကနေလည်း အရေးပါတဲ့ အကူအညီတွေကို ပြန်လည်ရယူခဲ့ပါတယ်။

တောင်ကိုရီးယားလွှတ်တော်အမတ် လီဆောင်ကွမ်က “မြောက်ကိုရီးယား ဆောက်လုပ်ရေးတပ်ဖွဲ့ဝင် ၅,၀၀၀ ခန့်ဟာ စက်တင်ဘာလကတည်းက ရုရှားကို အဆင့်ဆင့် ရွှေ့ပြောင်းနေပြီး အခြေခံအဆောက်အအုံ ပြန်လည်တည်ဆောက်ရေးအတွက် အသုံးပြုဖို့ မျှော်မှန်းထားတယ်”လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“နောက်ထပ်တပ်ဖွဲ့ဝင်တွေ စေလွှတ်ဖို့ ပြင်ဆင်မှုအနေနဲ့ လေ့ကျင့်ရေးတွေအပြင် ဝန်ထမ်းရွေးချယ်မှုတွေပါ ဆက်လက်လုပ်ဆောင်နေတဲ့ လက္ခဏာတွေလည်း တွေ့ရှိနေတယ်”လို့ သူက ဆိုပါတယ်။

ထောက်လှမ်းရေးအေဂျင်စီဘက်က လွှတ်တော်အမတ်တွေကို ပေးတဲ့ သတင်းအချက်အလက်တွေအရ မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၁,၀၀၀၀ ခန့်ဟာ ရုရှား-ယူကရိန်းနယ်စပ်အနီးမှာ လက်ရှိ တပ်စွဲထားပြီဖြစ်တယ်လို့ လီဆောင်ကွမ်က မှတ်ချက်ပြုပါတယ်။

တောင်ကိုရီးယားရဲ့ ခန့်မှန်းချက်အရ ယူကရိန်းစစ်ပွဲမှာ မြောက်ကိုရီးယားစစ်သား အနည်းဆုံး ၆၀၀ သေဆုံးပြီး ထောင်နဲ့ချီ ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။ လေ့လာသူတွေကတော့ မြောက်ကိုရီးယားဘက်က သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေ စေလွှတ်မှုတွေကြောင့် အပြန်အလှန်အားဖြင့် ရုရှားဆီက ဘဏ္ဍာရေးအကူအညီ၊ စစ်ဘက်နည်းပညာ၊ အစားအစာနဲ့ စွမ်းအင်ထောက်ပံ့မှုတွေ ပြန်လည် ရရှိနေတယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားအနေနဲ့ အခုလို ရုရှားဆီက အကူအညီတွေ ရရှိနေတဲ့အတွက်  သူ့ရဲ့ နျူကလီးယား ဒုံးကျည်အစီအစဉ်တွေကြောင့် အမေရိကန်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပြင်းထန်တဲ့ ပိတ်ဆို့မှုတွေကနေပါ ရှောင်ရှားနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလက ဘေကျင်းမြို့မှာပြုလုပ်တဲ့ စစ်ရေးပြ အခမ်းအနားမှာ ကင်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်၊ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့နဲ့အတူ ပါဝင်ခဲ့ပြီး ကမ္ဘာ့နိုင်ငံရေးမှာ သူ့ရဲ့ မြင့်မားတဲ့ အခြေအနေသစ်ကို အထင်အရှား ပြသနိုင်ခဲ့ပါတယ်။

နိုင်ငံတကာ ပိတ်ဆို့မှု စောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ Multilateral Sanctions Monitoring Team က ပြီးခဲ့သည့်လက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ မြောက်ကိုရီးယားဟာ နည်းပညာဆိုင်ရာလုပ်သားအဖွဲ့ တချို့အပါအဝင် လုပ်သား ၄၀,၀၀၀ ကို ရုရှားဆီ စေလွှတ်ဖို့ စီစဉ်နေတယ်လို့ ဖော်ပြထားပါတယ်။ ကုလသမဂ္ဂရဲ့ ပိတ်ဆို့အရေးယူမှုတွေအရ မြောက်ကိုရီးယားလုပ်သားတွေဟာ ပြည်ပမှာ ငွေရှာခွင့်အတွက် တားမြစ်ခံထားရပါတယ်။

Ref – AFP