AI အတွက် အသုံးစရိတ်ကို အမေရိကန်ဒေါ်လာ ခုနစ်ဘီလီယံအထိ တောင်ကိုရီးယား သုံးမယ်

သမ္မတ လီဂျေမြောင်က တောင်ကိုရီးယားကို အမေရိကန်နဲ့ တရုတ်နိုင်ငံတို့နဲ့အတူ ကမ္ဘာ့ထိပ်တန်း AI အင်အားကြီး ၃ နိုင်ငံ စာရင်းထဲကို ရောက်ရှိစေဖို့ ရည်ရွယ်ပြီး စုစုပေါင်း ၁၀.၁ ထရီလီယံ ဝမ် (အမေရိကန်ဒေါ်လာ ၇ ဘီလီယံခန့်) ကို AI ကဏ္ဍမှာ သုံးစွဲမယ်လို့ ဆိုပါတယ်။

၄၊ နိုဝင်ဘာလ။

တောင်ကိုရီးယားနိုင်ငံဟာ ဉာဏ်ရည်တုနည်းပညာ(AI)နဲ့ ပတ်သတ်လို့ အသုံးစရိတ် သုံးဆမြင့်တင်သွားဖို့နဲ့ ကာကွယ်ရေး အသုံးစရိတ်ကို ၆နှစ်အတွင်း အမြင့်ဆုံး တိုးမြှင့်သွားမှာ ဖြစ်တယ်လို့ သမ္မတ လီဂျေးမြောင်က လွှတ်တော်အတွင်း သူ့ရဲ့ အသုံးစရိတ်ဘက်ဂျက်ဆိုင်ရာ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားလိုက်ပါတယ်။

သမ္မတ လီဂျေမြောင်က တောင်ကိုရီးယားကို အမေရိကန်နဲ့ တရုတ်နိုင်ငံတို့နဲ့အတူ ကမ္ဘာ့ထိပ်တန်း AI အင်အားကြီး ၃ နိုင်ငံ စာရင်းထဲကို ရောက်ရှိစေဖို့ ရည်ရွယ်ပြီး စုစုပေါင်း ၁၀.၁ ထရီလီယံ ဝမ် (အမေရိကန်ဒေါ်လာ ၇ ဘီလီယံခန့်) ကို AI ကဏ္ဍမှာ သုံးစွဲမယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ဟာ AI ခေတ်ကို စတင်နိုင်ဖို့ ရင်းနှီးမြှုပ်နှံမှုတွေကို သိသိသာသာ တိုးချဲ့သွားမှာပါ”လို့ လီက ပြောကြားခဲ့ပြီး အခုနှစ် AI နဲ့ ပတ်သက်တဲ့ ဘတ်ဂျက်ပမာဏထက် ၂၀၂၆ ခုနှစ်မှာ သုံးဆကျော် ပိုများမှာ ဖြစ်ပါတယ်။

အဆိုပါဘတ်ဂျက်စီမံကိန်း စုစုပေါင်းမှာ ဝမ် ၇၂၈ ထရီလီယံဖြစ်ပြီး အခုနှစ်ထက် ၈.၁ ရာခိုင်နှုန်း တိုးမြှင့်လိုက်တာပါ။

လီဟာ သူ့ရဲ့ ဘတ်ဂျက်အဆိုပြုချက်ကို အတည်ပြုဖို့အတွက် လွှတ်တော်မှာ မဲအများစု လိုအပ်ပြီး သူ့ရဲ့ ပါတီဟာ အများစုရရှိထားတဲ့အတွက်ကြောင့် ဒီအဆိုပြုချက်ဟာ အတည်ဖြစ်ဖို့ ရာခိုင်နှုန်းများနေပါတယ်။

တောင်ကိုရီးယားဟာ ကမ္ဘာ့ထိပ်တန်း Memory Chip ထုတ်လုပ်သူတွေဖြစ်တဲ့ Samsung Electronics နဲ့ SK Hynix တို့ရဲ့ ဌာနချုပ်လည်း ဖြစ်ပါတယ်။ ဒီ နည်းပညာကုမ္ပဏီကြီးနှစ်ခုဟာ AI ထုတ်ကုန်တွေနဲ့ အလျင်အမြန်ပြောင်းလဲတိုးတက်နေတဲ့ လုပ်ငန်းနယ်ပယ်တွေမှာ မှီခိုအားထားနေရတဲ့ စွမ်းအင်အများအပြားသုံး ဒေတာစင်တာတွေအတွက် မရှိမဖြစ် Chip တွေကို ထုတ်လုပ်ပေးပါတယ်။

ကုမ္ပဏီနှစ်ခုစလုံးဟာ Stargate AI အခြေခံအဆောက်အအုံစီမံကိန်းအတွက် Chip တွေနဲ့ တခြားပစ္စည်းကိရိယာတွေ ပံ့ပိုးပေးရမယ်ဆိုတဲ့ ကနဦးသဘောတူညီချက်တွေကို ChatGPT ဖန်တီးသူ OpenAI ကုမ္ပဏီနဲ့ မကြာသေးမီက လက်မှတ်ရေးထိုးထားခဲ့ကြတာပါ။

လီကတော့ လာမယ့်နှစ်ရဲ့ AI ဘတ်ဂျက်ထဲက ဝမ် ၂.၆ ထရီလီယံကို စက်မှုလုပ်ငန်း၊ နေ့စဉ်ဘဝနဲ့ အစိုးရကဏ္ဍတို့မှာ AI ကို မိတ်ဆက်ဖို့ ရင်းနှီးမြှုပ်နှံမှာဖြစ်ပြီး ဝမ် ၇.၅ ထရီလီယံကို အရည်အချင်း မြှင့်တင်ရေးနဲ့ အခြေခံအဆောက်အအုံ တည်ဆောက်ရေးတို့အတွက် အသုံးပြုသွားမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။

အမေရိကန် Chip လုပ်ငန်းကြီး Nvidia ရဲ့ အမှူဆောင်အရာရှိချုပ်ဖြစ်သူ Jensen Huang ကတော့ သူ့ကုမ္ပဏီရဲ့ အဆင့်မြင့်ဆုံး Chip ၂၆၀,၀၀၀ ကို တောင်ကိုရီးယားဆီ ပံ့ပိုးပေးမဲ့ အစီအစဉ်တွေကို ပြီးခဲ့တဲ့ သီတင်းပတ် သောကြာနေ့က ကြေညာခဲ့ပါတယ်။

ကြေညာပြီးနောက် Huang က အခုပန်းတိုင်ဟာ ရည်မှန်းချက်ကြီးမားတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သူက “ကိုရီးယားနိုင်ငံက ဒီပန်းတိုင်ကို မရောက်ရှိနိုင်စရာ အကြောင်းမရှိပါဘူး။ သူတို့မှာ နည်းပညာရှိတယ်။ ဆော့ဖ်ဝဲလ်ကျွမ်းကျင်မှုရှိတယ်။ ပြီးတော့ ကုန်ထုတ်စက်ရုံတွေ ဆောက်လုပ်နိုင်တဲ့ သဘာဝအရည်အချင်းလည်း ရှိပါတယ်”လို့ မှတ်ချက်ပြုထားပါတယ်။

Ref – Reuters