ဧရာဝတီမှာ နိုဝင်ဘာ (၄)ရက်အထိ မိုးသည်းထန်နိုင်


“ဒီကနေ့ နံနက် ၁၁ နာရီနဲ့ ၁၂ နာရီကြားမှာ ဝါးခယ်မနဲ့ မိုင် ၂၀ ပတ်လည်အတွင်း မိုးထစ်ချုန်းပြီး မိုးကြိုးပစ်ချမှု ၅ ကြိမ်ထက်မနည်းရှိပါတယ် ”

၀၁၊ နိုဝင်ဘာလ။

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ် ပေါ်နေတဲ့ လေပွေလှိုင်းဟာ ဆိုင်းကလုန်း မုန်တိုင်းအဆင့်ကို ရောက်ရှိလာနိုင်ပြီး ဒီအရှိန်ကြောင့် နိုဝင်ဘာလ ၄ ရက်ထိ ဧရာဝတီတိုင်းအတွင်း မိုးသ ည်းထန်နိုင်ပြီး မိုးကြိုးအန္တရာယ်တွေ ရှိနိုင်တယ်လို့ မိုးဇလပညာရှင်တွေက သတိပေးပါတယ်။

“နိုဝင်ဘာ ၃ ရက်ကနေ ၄ ရက်အတွင်း ဆိုင်ကလုန်းမုန်တိုင်းဖြစ်ဖို့ ၁၀၀ ရာခိုင်နှုန်း ရှိနေတယ်။ ဆက်စောင့်ကြည့်ရမှာပေါ့။မိုးရွာသွန်းမှုခန့်မှန်းချက် တွေကတော့ သိပ်ပြောင်းလဲဖို့ မရှိနိုင်ဘူး။ ရန်ကုန် တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်း ဒေသများတွင် မိုးသည်းထန်ပြီး မိုးရေချိန်အများဆုံးရွာနိုင်တယ်”လို့မိုးဇလပညာရှင် ဦးဝင်းနိုင်က ပြောပါတယ်။

မြန်မာနိုင်ငံ မိုးဇလ ဌာနကလည်း ဧရာဝတီတိုင်းအတွင်းမှာနေရာအနှံ့အပြားမိုးထစ်ချုန်းရွာနိုင်တယ်လို့ ထုတ်ပြန်ထားပြီး ဧရာဝတီတိုင်းနဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ တိမ်ထူထပ်နေတာကြောင့် မိုးသက်လေပြင်းတွေ ကျရောက်နိုင်ခြေလည်း ရှိနေတယ်လို့ ဆိုထားပါတယ်။

“ ဒီကနေ့ နံနက်၁၁ နာရီနဲ့ ၁၂ နာရီကြားမှာ ဝါးခယ်မ နဲ့ မိုင် ၂၀ ပတ်လည်အတွင်း မိုးထစ်ချုန်းပြီး မိုးကြိုးပစ်ချမှု ၅ ကြိမ်ထက်မနည်းရှိပါတယ် ” လို့ မိုးဇလဌာနက ဝန်ထမ်းတဦးက ပြောပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းအရှိန်အပြင် အရှေ့မြောက် မုတ်သုန်လေတွေကြောင့် မိုးတိမ်တောင်တွေ ဖြစ် ပေါ်နေပြီးဒီမိုးတိမ်တောင်တွေကြောင့် မိုးသည်းထန် စွာရွာသွန်းတာ၊ မိုးကြိုးပစ်တာ၊ မိုးသီးကြွေတာ၊ မိုးသက်လေပြင်းကျတာတွေဖြစ်နိုင်ပြီး ရုတ်တရက် ရေကြီးတာတွေလည်း ဖြစ်နိုင်တယ်လို့ သူက ဆိုပါတယ်။

ကမ်းလွန်ပင်လယ်ပြင်မှာ မိုးသက်လေပြင်းကျနိုင် ချေရှိပြီး မိုးသက်လေပြင်းကျချိန် မြေပြင်၊ ရေပြင် လေဟာ တနာရီကို ၃၅ မိုင်ထိ တိုက်ခတ်နိုင်တယ်လို့ မိုးဇလဌာနက ခန့်မှန်းထုတ်ပြန်ထားပါတယ်။