မြန်အောင်မှာ လော်စပီကာနဲ့ ဆောင်းဘောက်စ်တွေကြောင့် ပြည်သူတွေ စိတ်ညစ်ညူးနေ


တချို့ စာသင်ကျောင်းနဲ့ ကပ်ရပ်က အိမ်တွေအလှူ လုပ်ရင်တောင် ကျောင်းမဆင်းခင် ကတည်းက တအားဖွင့်တာပါ။

၃၁၊ အောက်တိုဘာလ။

ပွင့်လင်းရာသီ ရောက်လာချိန်ကစပြီးဧရာဝတီတိုင်း ရဲ့ တောရော မြို့ပါမကျန် အသံချဲ့စက်တွေကိုကျယ်ကျယ်လောင်လောင် ဖွင့်နေကြတဲ့ နည်းတူ မြန်အောင်မြို့နယ်အတွင်း အလှူ၊ မင်္ဂလာဆောင် တွေမှာ လော်စပီကာနဲ့ဆောင်းဘောက်စ်တွေ အလွန် အကျွန် ဖွင့်နေကြပါတယ်။

“ မနက်အစောကြီး ၄ နာရီလောက်ကနေဖွင့်တာ ည ၁၀ နာရီ ၁၁ နာရီထိ။တိုင်လည်း ဘာမှမထူးဘူး တိုင် တဲ့သူပဲ အငြိုးခံရတယ် ” လို့ မြန်အောင်မြို့ပေါ်မှာ နေထိုင်တဲ့ ကိုဝေမိုးနိုင်က ဆိုပါတယ်။

အလှူ၊ မင်္ဂလာဆောင်တွေဟာ တအိမ်တည်းကနေ ပြုလုပ်နေတာမျိုးတော့ မဟုတ်ပေမယ့် တအိမ်ပြီ’ တအိမ်ဆက်တိုက်ရှိနေတာကြောင့် ဒီဒဏ်တွေကို ရက်ဆက်ခံစားနေရတာ ဝါကျွတ်ပြီးကတည်းကလို့ သူက ပြောပါတယ်။

နံနက် ၄ နာရီကတည်းက မနက်ခင်း သီချင်းတွေ၊ တရားတွေကို ကျယ်လောင်စွာဖွင့်ကြပြီး မိုးမှောင်ချိန်ရောက်တာနဲ့ အလှူသိမ်းပွဲဟုဆိုကာ အရက်ဝိုင်းဖွဲ့ပြီး ကာရာအိုကေ သီချင်းတွေဆိုကြတာဟာ ဓလေ့တခုလိုဖြစ်လာနေပြီး တားဆီးသူဟာ လူမှု ရေး မသိတတ်သူ အဖြစ်အပြောဆိုခံရတယ်လို့ ဒေသခံတွေက ရှင်းပြကြပါတယ်။

ကျောင်းဆရာမ တဦးလို့ သိရတဲ့ မေလေး အမည်နဲ့ လူမှုကွန်ရက် အသုံးပြုသူတဦးကလည်း”တချို့ စာသင်ကျောင်းနဲ့ ကပ်ရပ်က အိမ်တွေအလှူ လုပ်ရင်တောင် ကျောင်းမဆင်းခင် ကတည်းက တအားဖွင့်တာပါ။ ကျွန်မက ကျောင်းဆရာမဆိုတော့ အဖက်ဖက်တွေးပြီး မပြောပေမဲ့ လူကြီးတွေကအစ သိတတ်ရမှာပါ ခုတော့ သူတို့ကစပြီး ငြိမ်နေကြတယ် ” လို့ မြန်အောင်မြို့နယ် သတင်းစုံရပ်ဝန်း ဆိုတဲ့ လူမှုကွန်ရက်ဂရုမှာ ပို့စ်တင်ပြီး ပြောထားတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က ပြဌာန်းခဲ့တဲ့ ရပ်/ကျေး အုပ် ချုပ်ရေး ဥပဒေမှာ အသံချဲ့စက်ဖွင့်ခွင့် အပါအဝင် အခမ်းအနား၊ပြိုင်ပွဲ၊ ပြပွဲ၊ရိုးရာဓလေ့ပွဲများ ကျင်းပ ပြုလုပ်ခြင်းနဲ့ ပတ်သက်ပြီး သီးသန့် အပိုဒ်ခွဲတွေနဲ့ ပြစ်မှု၊ ပြစ်ဒဏ်တွေ ပြဌာန်းထားပါတယ်။

ဒီဥပဒေအရ ကျူးလွန်သူကို ထောင်ဒဏ် ၆ လ (သို့မဟုတ်) ငွေကျပ် ၅ သောင်း (သို့မဟုတ်) ဒဏ်နှစ်ရပ်စလုံးကို ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

အသံချဲ့စက်ကို ဖွင့်ဖို့ခွင့်ပြုရာမှာလည်း
(၁) ပြည်သူများအေးချမ်းတည်ငြိမ်စွာ လုပ်ကိုင် နေထိုင် မှုအား အနှောက်အယှက် မဖြစ်စေရ ။
(၂)သတ်မှတ်ခွင့်ပြုထားသည့်အချိန် အပိုင်းအခြား အတွင်း၌သာဖွင့်လှစ်ရန်။ အချိန်ကျော် လွန်၍ မဖွင့်ရန်။ အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် သတ်မှတ်ချက်ထားရှိရန်။
(၃)ခွင့်ပြုထားသည့် ရက်အတွင်းသာ အကျုံးဝင်စေရန်။
(၄) ခွင့်ပြုထားသည့် နေရာ၌သာ ဖွင့်လှစ်ရန် ။
(၅) ဘာသာ၊သာသနာတို့ကို ထိခိုက်စေသော ဂုဏ်သိက္ခာကျဆင်းစေသော အကြောင်းအရာများ ဖွင့်လှစ် ခြင်းမပြုရန်။
(၆)တာဝန်ရှိသူများမှ အခါအားလျော်စွာ စစ်ဆေးမှူကို ခံယူလိုက်နာရန် ။
(၇)ဤအမိန့်ကို လိုအပ်ပါကအချိန်မရွေး ပြန်လည် ရုပ်သိမ်းခြင်းခံရမည်လို့ သတ်မှတ်ထားပါတယ်။