
“ကြံ့ခိုင်ရေးကတော့ အောင်နိုင်ရေး ဆိုင်းဘုတ်တွေ တင်နေတယ်။PPP ကတော့ ဒီနေ့ညနေမှာပဲ သူတို့ရုံးရှေ့မှာ စင်လုပ်ပြီးဟောပြောနေတာ ”
၂၈၊ အောက်တိုဘာလ။
ဧရာဝတီတိုင်း၊ မြောင်းမြမြို့မှာ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)က လုံခြုံရေး အပြည့်နဲ့ မဲဆွယ်စည်းရုံးရေး ပြုလုပ်သွားခဲ့ပါတယ်။
“ အပြင်လူ ဓာတ်ပုံရိုက်တာကိုတောင် လက်မခံဘူး။ ရဲတွေရော အရပ်ဝတ်တွေရော လက်နက်တွေပါပါတယ် လုံခြုံရေး ယူထားတာ ” လို့ မဲဆွယ်မှုကိုတွေ့မြင်ခဲ့သူ တဦးက ပြောပါတယ်။
ပါတီရုံးရှေ့မှာ စတိတ်စင်ထိုးပြီး ဟောပြောမှုတွေပြုလုပ်နေပေမယ့် သူတို့ရဲ့ ဟောပြောပွဲထဲ ဝင်နားမထောင်ပဲ လမ်းပေါ်ကနေ ဆိုင်ကယ်ရပ်ပြီးတောင် နားထောင်လို့မရဘူးလို့ ပြောပါတယ်။
“ ဆိုင်ကယ်ရပ်ရင်ကို ပြောတာတွေ မရပ်ခိုင်းတာတွေ လုပ်နေတာပါ ” လို့ ဆိုပါတယ်။
ဒီကနေ့ အောက်တိုဘာလ ၂၈ ရက်နေ့ဟာ စစ်ကောင်စီကပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ပါဝင်မယ့် ပါတီတွေ မဲဆွယ်စည်းရုံးခွင့် စတင်ရရှိတဲ့နေ့ဖြစ်ပါတယ်။
မြောင်းမြမြို့နယ်ပါဝင်တဲ့ မဲဆန္ဒနယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ပါတီတွေထဲက ကြံ့ခိုင်ရေး ပါတီနဲ့ ပြည်သူ့ရှေ့ဆောင် ပါတီတွေသာ ဒီကနေ့မှာ မဲဆွယ်စည်းရုံးရေးကို စတင်နိုင်ခဲ့ပြီး ကျန်ပါတီတွေကတော့ လှုပ်ရှားမှု မရှိသေးဘူးလို့ ဒေသခံအချို့က ပြောပါတယ်။
“ကြံ့ခိုင်ရေးကတော့ အောင်နိုင်ရေး ဆိုင်းဘုတ်တွေ တင်နေတယ်။PPP ကတော့ ဒီနေ့ညနေမှာပဲ သူတို့ရုံးရှေ့မှာ စင်လုပ်ပြီးဟောပြောနေတာ ” လို့ ဒေသခံတဦးကလည်း ပြောပါတယ်။
ပြည်သူ့ရှေ့ဆောင်ပါတီဟာ ဧရာဝတီတိုင်းကနေ လွှတ်တော်ကိုယ်စားလှယ်တွေ အများကြီးရှိရမယ်ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ဧရာဝတီတိုင်းကို အဓိကထား မဲဆွယ်မှုတွေ ပြုလုပ်သွားဖို့ရှိတယ်လို့ အောင်နိုင်ရေး တာဝန်ခံတွေက ပြောပါတယ်။