ထောင်ထဲက မိခင်များ

၂၈၊ အောက်တိုဘာလ။

“ကလေးကို မြင်တော့ ငိုမိတယ်”

အသက် ၅၀ ကျော် ဓနုဖြူသူဖြစ်တဲ့ ဒေါ်တင်ငွေ တယောက် ကိုယ်ဝန် ၆ လနဲ့ အဖမ်းခံလိုက်ရတဲ့ သမီးကမွေးတဲ့ မြေးမလေးကို မွေးပြီးတလအကြာမှ ထောင်ဝင်စာပို့ရင်း တွေ့ခွင့်ရခဲ့တာပါ။ မွေးရာပါ နှုတ်ခမ်းကွဲလေးနဲ့ မွေးဖွားလာတဲ့ မြေးမလေး အတွက် စိတ်မကောင်းဖြစ်ရသလို သွေးနုသားနုနဲ့ ကျန်းမာရေးမကောင်းတဲ့ သမီးအတွက်ပါ စိုးရိမ်မိတယ်လို့ ရင်ဖွင့်ပါတယ်။

“အမျိုးတွေကတော့ ဒါက ပြန်ချုပ်လို့ ရတယ်၊ဘာမှ မဖြစ်ဘူးဆိုပြီး အားပေးကြပါတယ်။ မိန်းကလေးလေ နှုတ်ခမ်းကွဲကြီးနဲ့ ပြန်မချုပ်နိုင်ရင် ဘယ်လို လုပ်မလဲ”

အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာ တမ်း ထဲက အချက်ပေါင်း မြောက်များစွာကို ဖောက်ဖျက်ကျူးလွန်ခဲ့ပါတယ်။

ဒီထဲမှာ ထိရှအလွယ်ဆုံးဖြစ်တဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကိုပါမချန် ဖမ်းဆီးနှိပ်စက်ခဲ့တာကြောင့်စစ်ကြောရေးမှာသေဆုံးခဲ့တဲ့ကိုယ်ဝန်ဆော င်တွေ ရှိခဲ့သလို မီးဖွားချိန်ကို ဆေးရုံအချိန်မီ မပို့နိုင်လို့ မိခင်နဲ့ ကလေးသေဆုံးမှုတွေလည်း ရှိနေခဲ့ပါတယ်။

ကမ္ဘာ့လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA)က ကိုယ်ဝန် ဆောင် မိခင်တွေနဲ့ ပတ်သက်လို့ ကိုယ်ဝန်ဆောင် ကာလအတွင်း အရည်အသွေးပြည့်ဝတဲ့ ကျန်းမာ ရေး စောင့်ရှောက်မှု အနည်းဆုံး ၄ ကြိမ်ရရှိရန်၊ မိခင်နဲ့ သန္ဓေသားတို့ရဲ့ ကျန်းမာရေး အခြေအနေကို အဆက်မပြတ် စောင့်ကြည့်ရန်၊ ဆရာဝန်/သူနာပြု/သားဖွားဆရာမ စတဲ့ သားဖွားခြင်းဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ မွေးဖွားဖို့၊ အရေးပေါ် သားဖွားခြင်းဆိုင်ရာ ပြသာနာတွေကို ဖြေရှင်းပေးဖို့၊ မွေးပြီး ၄၂ ရက် (၆ ပတ်)အတွင်း စဉ်ဆက်မပြတ်စောင့်ကြပ်ကြည့်ရှုဖို့ လိုတယ်လို့ သတ်မှတ် ညွှန် ကြားထားပါတယ်။

ကိုယ်ဝန်ဆောင်ကာလမှာကျန်းမာရေး စောင့်ရှောက် မှုမရခဲ့ရင် အနိမ့်ဆုံးအဆင့် ကလေးငယ်တွေ နူတ်ခမ်းကွဲ၊ အာခေါင်ကွဲစတဲ့ ကျန်းမာရေး ပြဿနာတွေကနေ မိခင်ရော ကလေးပါ အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်နိုင်ချေတွေ ရှိတယ်လို့ ဆိုပါတယ်။

🔹 ထောင်တွင်းမိခင်တွေရဲ့ အခြေအနေ

ဧရာဝတီတိုင်းအတွင်းက အကျဉ်းထောင်တခုမှာ ထောင်ချုပ်အနေနဲ့ တရားရင်ဆိုင်နေဆဲဖြစ်တဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးဖြစ်တဲ့ မနှင်းဆီ (အမည်လွှဲ) နဲ့ DNA က ဖုန်းပြောခွင့် ရခဲ့ပါတယ်။ သူမဟာ အသက်နှစ်ဆယ်ခန့်သာ ရှိနေသေးတာပါ။တော်လှန်ရေး အဖွဲ့တွေကို ထောက်ပို့လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခံရစဉ်ကတည်းက ကိုယ်ဝန်ရှိနေခဲ့သူ ဖြစ်ပါတယ်။

“ညီမ ဖောလစ်အက်ဆစ်တောင် မရပါဘူး ” လို့ မနှင်းဆီက ပြောပါတယ်။

တော်လှန်ရေး အင်အားစုတွေကို ထောက်ပံ့ပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခံရစဉ်ကတည်းက ကိုယ်ဝန်ရှိနေခဲ့တာဖြစ်သလို ဒီအကြောင်းကိုလည်း လာရောက်ဖမ်းဆီးသူတွေနဲ့ ထောင်ဝန်ထမ်းတွေကို ပြောပြပေမယ့် ဘာထူးခြားမှုမှ မရှိခဲ့ဘူးလို့ သူက ဆိုပါတယ်။

“ကာကွယ်ဆေး ထိုးခွင့်ရမလား မေးတော့ နင်ရောက်နေတာ ထောင်။ အခွင့်ထူးခံဖို့ တွေးမနေနဲ့လို့ ထောင်ဝန်ထမ်းတယောက်က ပြောတယ်” ဆိုပြီး အထဲက အခြေအနေကို ခပ်မြန်မြန် ရှင်းပြသွားခဲ့ပါတယ်။

“တကယ်တော့ ဖောလစ်အက်ဆစ်က အလုံး တရာဘူးဆိုရင်တောင် ထောင်ဂဏန်းပဲ ရှိပါတယ်။ ပြီးတော့ အဲဒီလို ဆေးမျိုးတွေကို အရင်ကတော့ ICRC က ပေးတယ်။ ဖောလစ်အက်ဆစ်တောင် မရဘူး ဆိုရင်တော့ တခြားဟာတွေ မလွယ်လောက်ဘူး”လို့ အကျဉ်းဦးစီး ဝန်ထမ်းဟောင်း တဦးက သုံးသပ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်လက်စွဲ ဥပဒေမှာ ကိုယ်ဝန်ဆောင် အကျဉ်းသားတွေကို ဘယ်လို ထိန်းသိမ်း စောင့်ရှောက်ရမယ်ဆိုတာ ဖေါ်ပြထားပြီးသား ဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံမှာ ၂၀၂၁ မှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးကတည်းက အကျဉ်းထောင် တွေဟာ လူ့အခွင့်အရေး အချိုးဖေါက် အခံရဆုံး နေရာတွေ ဖြစ်လာခဲ့ပြီး ကျန်းမာရေး စောင့်ရှောက် မှုတင်မက ထမင်းနဲ့ ဟင်းကိုတောင်ကောင်းကောင်း မွန်မွန်ကျွေးတာမျိုးမရှိဘူးလို့သတင်းတွေထွက်ပေါ် ခဲ့ပါတယ်။ ဒီအချက်ကို ဧရာဝတီတိုင်း အကျဉ်း ထောင်တွေအတွင်းကနေ လွတ်မြောက်လာသူ လေးဦးကို ဆက်သွယ် မေးမြန်းခဲ့ရာမှာ အားလုံးက မှန်ကန်ကြောင်း မှတ်ချက်ပေးခဲ့ကြပါတယ်။

ထောင်အတွင်းမှာ အနုနည်း၊အကြမ်းနည်း နှိပ်စက် မှုတွေ၊ အဟာရပြည့်ဝအောင် မစားသောက်ရတာတွေနဲ့ ကျန်းမာရေး စောင့်ရှောက်မှု အားနည်းချက် တွေကြောင့် ပြန်လည်လွတ်မြောက်လာသူတွေမှာ အနည်းနဲ့အများ ရောဂါတချို့ စွဲကပ်လာခဲ့ကြတယ် လို့ သိရပါတယ်။

🔹 ကိုယ်ဝန်ဆောင်အခွင့်အရေးတောင်းတာ အခွင့်ထူးခံတာလား

၂၀၂၁ မတိုင်ခင်ကာလတွေတုန်းက အကျဉ်းထောင် ထဲမှာလည်း တာဝန်ထမ်း‌ဆောင်ခဲ့ဘူးတဲ့ လုပ်သက် ၁၀ နှစ်ကျော်ရှိတဲ့ သူနာပြုတဦးဖြစ်တဲ့ မသန္တာ (အမည်လွှဲက) သူ့အတွေ့အကြုံရ ကိုယ်ဝန်ဆောင် အကျဉ်းသူတွေ ဖြစ်လေ့ရှိတဲ့ ရောဂါတွေကို ပြောပြပေးပါတယ်။

“ကိုယ်ဝန်ဆောင်တယောက်ဟာ ဆုံဆို့နာ၊ကြက်ညှာ ချောင်းဆိုးနဲ့ မေးခိုင်ကာကွယ်ဆေးတွေ မဖြစ်မနေ ထိုးသင့်တယ်။ နောက်တခါ ဆီးလမ်းကြောင်း ပိုးဝင်တဲ့ ဟာကိုလည်း ပေါ့ပေါ့ထားလို့မရဘူး။ ဒါတွေ က ကလေးဆီကိုပါ ကူးစက်ပြီးရင်အသက်သေဆုံးနိုင်တယ်”လို့ ဆိုပါတယ်။

သူမအလုပ်လုပ်ခဲ့စဉ်ကာလအတွင်းအကျဉ်းထောင် တွေ အခြေအနေက အခုကြားနေရတဲ့ သတင်းတွေထက် အများကြီး သက်တောင့်သက်သာ ရှိခဲ့တယ် လို့လည်း ပြောပါတယ်။

“အဲဒီတုန်းကတောင် ဆီးလမ်းကြောင်း ပိုးဝင်တယ်
ဆိုတာက ခဏခဏ ဖြစ်တာ။ အခုဆိုရင်တော့ မှန်းတောင် မကြည့်ရဲတော့ဘူး”လို့ ပြောပါတယ်။

မြောင်းမြအကျဉ်းထောင်ကနေ ပြန်လည်လွတ်
မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသူတဦးကတော့ သူနေခဲ့ရတဲ့ ၃ နှစ်အတွင်းမှာ ကိုယ်ဝန်ဆောင် အကျဉ်းသူတွေဟာလည်း တခြားအကျဉ်းသူတွေနည်းတူ အဟာရပြည့်မီအောင် မစားခဲ့ရဘူးလို့ ပြောပါတယ်။

ဒီအခြေအနေတွေက ပုသိမ်ထောင်နဲ့ မအူပင်ထောင် တွေမှာလည်း ထပ်တူပဲလို့ ပြန်လည်လွတ်မြောက် လာကြတဲ့ နိုင်/ကျဉ်းတွေက ဆိုပါတယ်။

မအူပင်ထောင်က ပြန်လွတ်လာသူတဦးက ‘နင်တို့ မဟုတ်တာလုပ်လို့ ဒီထဲရောက်နေတာ။ အခွင့်ထူးခံ လိုချင်မနေနဲ့လို့ ပြောတာ။ အစားအသောက်ဆိုလည်း ထောင်ဝင်စာလာသူတွေက သူအာဟာရဖြစ်အောင် မျှကျွေးရတယ် ” လို့ ဝန်ထမ်းတွေရဲ့ ကိုယ်ဝန်ဆောင် အကျဉ်းသူတွေကို ဆက်ဆံလေ့ရှိပုံကို ပြန်ပြောပြပါတယ်။

မိခင်ကို စောင့်ရှောက်တယ်ဆိုတာ ကလေးကို စောင့်ရှောက်တာပဲ ၊ မိခင်မှာ ကျန်းမာရေး ချို့ယွင်းရင် ကလေးမှာလည်း တခုခု ချို့ယွင်း လာနိုင်ခြေ အရမ်းများတယ်လို့ အကျဉ်းဦးစီး အငြိမ်းစား ဝန်ထမ်း တဦးက ပြောပါတယ်။

သူက “မိခင်က ပြစ်မှုကျူးလွန်သူ ဆိုရင်တောင် ကလေးက ပြစ်မှုကျုးလွန်သူ မဟုတ်ဘူး။ ကျွန်တော်တို့ဟာ ကလေးကို စောင့်ရှောက်နိုင်ဖို့ မိခင်ကို စောင့်ရှောက်ရတာ ဖြစ်တယ်”လို့ ပြောပါတယ်။

DNA က မြန်မာနိုင်ငံရဲ့အကျဉ်းထောင်တွေ အတွင်း က အခြေအနေတွေနဲ့ ပါတ်သက်ပြီး ရန်ကုန် အခြေ စိုက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) ကို မေးခွန်းတချို့ အီးလ်မေးလ်ကတဆင့် မေးမြန်းခဲ့ပါတယ်။ ဒါပေမယ့် သူတို့ဟာ ကြားနေအဖွဲ့အစည်းတခုဖြစ်တဲ့အတွက် အကျဉ်းထောင် တွေနဲ့ ပတ်သက်ပြီး သူတို့ရဲ့ တွေ့ရှိချက်တွေ ဒါမှမဟုတ် ဆောင်ရွက်လျက်ရှိတဲ့ လုပ်ငန်းအသေးစိတ် ကို အများပြည်သူနဲ့ မျှဝေခြင်းမပြုပါဘူးလို့သာ ပြန်လည် ဖြေကြားခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ အချက်အလက် ရှာဖွေစုစည်းနိုင်ဖို့ အကန့်အသတ်များခဲ့ပြီးကိုယ်ဝန် ဆောင် အကျဉ်းသူတွေ ဘယ်လောက်များများ အကျဉ်းထောင်တွေ အတွင်းမှာ ရှိနေတယ်ဆိုတဲ့အချက်ကို DNA အနေနဲ့ အတည်ပြုနိုင်ခြင်း မရှိပါဘူး။ဒါ့အပြင် ကိုယ်ဝန်ဆောင် ကျန်းမာရေး စောင့်ရှောက်မှု မရခဲ့တဲ့ အခြေအနေကြောင့် နောက်ဆက်တွဲ တွေ့ကြုံခံစားရတဲ့ သက်ရောက်မှု အချက်အလက်တွေ ဘယ်လောက် များပြားနေတယ် ဆိုတာကိုလည်း စုစည်းနိုင်တဲ့ အခြေအနေ မရှိပါဘူး။

ဧရာဝတီတိုင်းထဲက ဟင်္သာတ၊ မြောင်းမြ ၊ မအူပင် နဲ့ ပုသိမ်ထောင်တွေထဲကနေ ၂၀၂၃၊ ၂၀၂၄ ခုနှစ် တွေမှာ ပြန်လည် လွတ်မြောက်လာခဲ့တဲ့ နိုင်/ကျဉ်းသူတွေကတော့ တနှစ်ကို ကိုယ်ဝန်ဆောင် အကျဉ်းသူဆိုတာ လက်တဖက် ပြည့်အောင်တောင် မရှိတာမို့ သူတို့အပေါ် ကျူးလွန်နေတာတွေဟာ သတင်း ထွက်မလာ နိုင်ကြတာလို့ မှတ်ချက်ပေးပါတယ်။

“ကိုယ်ဝန်ဆောင် ကျန်းမာရေး စောင့်ရှောက်မှု မရတာက ချက်ခြင်း တခုခုဖြစ်သွားတာမျိုး မဟုတ် ဘူး။ အန္တရာယ်ရှိပေမယ့် ချက်ခြင်း မြင်ရတာမျိုး မဟုတ်ဘူး။ ဒီတော့ ပြောရင် ပိုခံရနိုင်တော့ မပြောကြတော့တာ ဖြစ်နိုင်တယ် ”ထောင်တွင်းတာဝန်ထမ်းခဲ့ဖူးတဲ့ သူနာပြုတဦးဖြစ်တဲ့ မသန္တာက သုံးသပ်ပါတယ်။

🔹 ဘယ်အမှောင်၊ဘယ်လိုမှောင်လဲ

မြေးဖြစ်သူကို အပြင်မှာ စောင့်ရှောက်ဖို့ ခေါ်ထုတ်
လာခဲ့ပြီဖြစ်တဲ့ ဒေါ်တင်ငွေကတော့ ထောင်ထဲမှာ ကျန်ခဲ့တဲ့ သမီးဖြစ်သူအတွက် ဆက်ပြီး စိုးရိမ်နေရပြန်ပါတယ်။ “မြေးမလေးကိုတော့ နို့ဘူးတိုက်ပါတယ်၊ အာဂါနု အဖျားအနာလေးတွေ ရှိပေမယ့် ဆေးခန်းတော့ သေသေချာချာ မပြဖြစ်ဘူး”လို့ ဆိုပါတယ်။

“ကလေးထက် စာရင် လူကြီးကို ပိုစိုးရိမ်တယ်။သမီးလေးက အထဲမှာပဲ ကျန်ခဲ့တာလေ။အခုလည်း မီးယပ်နာလို့ ထင်တယ် တရှောင်ရှောင် ဖြစ်နေတယ်”လို့ ခပ်ယဲ့ယဲ့ အသံနဲ့ ပြောပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ရဲ့ အချက်အလက် တွေအရ တကမ္ဘာလုံးမှာ မိခင်သေဆုံးမှုနှုန်းက ၄၀ ရာခိုင်နူန်း ကျဆင်းသွားတယ်လို့ ဆိုပါတယ်။ဒါပေမယ့် တနိုင်ငံလုံးရဲ့ ဧရိယာ ၇၀ ရာနှုန်းမှာ စစ်မီးတောက်နေတဲ့ မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်တွေထဲက လူ့အခွင့်အရေး၊အကျဉ်းသား အခွင့်အရေးတွေ ဆိုးဆိုးရွားရွား ဖေါက်ဖျက်ခံနေရတဲ့ ကိုယ်ဝန် ဆောင်မိခင်တွေ အတွက်ကတော့ စိုးရိမ်မှု ရေချိန် မြင့်တက်နေဆဲပါ။

ထောင်ချုပ်နဲ့ တရားရင်ဆိုင်နေရတဲ့ကိုယ်ဝန်ဆောင် မိခင်တဦးဖြစ်တဲ့ မနှင်းဆီက “ညီမ မျှော်လင့်ချက် ကတော့ သမီးလေးကို ဘေးကင်းကင်း မွေးဖွားနိုင်ဖို့ပဲ”တဲ့။