ဆိုင်ကလုန်းမုန်တိုင်း မွန်ထာရဲ့ သက်ရောက်မှုကြောင့် ကမ်းလွန်ပင်လယ်ပြင်မှာ မိုးသက်လေပြင်းကျနိုင်

၂၇၊ အောက်တိုဘာလ။

ဘင်္ဂလားပင်လယ်အော် အတွင်းက လေဖိအားနည်းရပ်ဝန်းဟာ ဆိုင်ကလုန်းမုန်တိုင်း မွန်ထာအဖြစ်ကို ရောက်ရှိလာပြီဖြစ်ပြီး မကြာခင်မှာ အားကောင်းတဲ့ဘဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပြောင်းလဲလာနိုင်တယ်လို့ မိုးဇလ ဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဒီဆိုင်ကလုန်းမုန်တိုင်း မွန်ထာရဲ့ သက်ရောက်မှုကြောင့် ဧရာဝတီတိုင်းအတွင်းမှာ နေရာကျဲကျဲ မိုးထစ်ချုန်းရွာဖို့ရှိနေပြီး မြစ်ဝကျွန်းပေါ်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာတော့ မိုးသက်လေပြင်းကျပြီး လှိုင်းကြီးနိုင်တယ်လို့ မိုးဇလပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။

“ ပင်လယ်ထွက်မယ့်သူတွေ ဂရုစိုက်ဖို့လိုတယ်။ မိုးသက်လေပြင်းကျချိန်မှာမြေပြင်၊ရေပြင်လေဟာ ၃၅ မိုင်ထိရှိနိုင်တယ်။ လှိုင်းအမြင့်ဟာ ၁၁ ပေထိရှိနိုင်ပါတယ် ” လို့ မိုးဇလ ဝန်ထမ်းတဦးက ဆိုပါတယ်။

ဒီဆိုင်ကလုန်းမုန်တိုင်းဟာ မြန်မာနိုင်ငံကိုဝင်ရောက်
ဖို့ မရှိသေးပေမယ့် မုန်တိုင်းသက်ရောက်မှာတွေတော့ ရှိနေမှာဖြစ်ပြီး မိုးလွန်ကာလ မိုးထစ်ချုန်းပြီး မိုးကြိုးပစ်တာ၊ လေပြင်းတိုက်ခတ်တာ၊ မိုးသီးကြွေတာ စတဲ့ဖြစ်စဉ်တွေကိုလည်း ဂရုစိုက်ကြဖို့ မိုးဇလ ပညာရှင်တွေက သတိပေးထားပါတယ်။