လော်ရာဝတီ


“ ကြည်သာရွှင်ပြ ချစ်သူမျက်နှာ လှလှပပ မြင်လိုလှတယ်…တမေခင်ကိုဖြင့် မကြင်ဝံ့သူ ဗျာကြွယ်..”

၂၃၊ အောက်တိုဘာ။

လော်စပီကာတွေကို အပေါ်လေးလုံး အောက်လေးလုံးတန်းပြီး တွံ့တေးသိန်းတန်ရဲ့ နှမလက်လျော့ နေလေတော့ သီချင်းကို ဖွင့်ထားတဲ့ ထွေလာဂျီဟာ ဘုန်းကြီးကျောင်းဝင်းထဲကို ဝင်လာပါတယ်။

သီချင်းစာသားနဲ့ ဂီတဖန်တီးမှုတွေက နူးညံ့အေးချမ်းပေမယ့် လော်စပီကာ ၈ လုံးကနေစုပြီး ထွက်လာတဲ့ အသံလုံးကတော့ စိတ်ကိုညစ်ညူးစေပါတယ်။

လော်စပီကာတွေနောက်မှာဆယ်ကျော်သက်အရွယ်
ယောက်ကျားလေး တအုပ်ပါလာပြီး ထွေလာဂျီစက်ဖုံးပေါ်မှာလည်း ကာလသားတချို့က ထိုင်လျှက်လိုက်လာပါတယ်။

ဒီထွေလာဂျီလိုမျိုး လော်စပီကာတွေဆင်ထားတဲ့ လိုက်ထရပ်ကားတချို့နဲ့ ထွေလာဂျီတချို့လည်း ဒီဘုန်းကြီးကျောင်းထဲမှာ ရှိနေပါသေးတယ်။

ဘုန်းကြီး သုံးပါးနဲ့ လူကြီးပိုင်းတချို့က ကလေးငယ်တွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေကို အိမ်ပြန်ကြဖို့ တိုက်တွန်းပြောဆိုနေကြသလို အဲ့ဒီအချိန်မှာ စက်တွေမဖွင့်ကြဖို့ကိုလည်း ကြီးကြပ် နေတာကို တွေ့ရပါတယ်။

မနက်ပိုင်းကမှ ကထိန်ခင်းလို့ ပြီးသွားခဲ့တဲ့ ဒီဘုန်းကြီးကျောင်းမှာ လော်စပီကာ ပြိုင်ပွဲပြုလုပ်တော့မှာပါ။

အကဲဖြတ်မယ့် ဒိုင်လူကြီးနဲ့ ဘုန်းကြီးကတော့ ဆိုင်ကယ်နဲ့ ထွက်သွားကြပြီဖြစ်ပါတယ်။

“ လော်စပီကာ ပြိုင်ပွဲတွေဟာ မကောင်းပါဘူး။ ဒါပေမယ့် ခေတ်က တောင်းဆိုလာတဲ့အခါ ဘုန်းဘုန်းတို့လည်း မတတ်နိုင်ဘူးပေါ့။ ဒီတော့ စည်းကမ်းတကျဖြစ်အောင် ထိန်းသိမ်းရတာပါပဲ ” လို့ ဒီကျောင်း တိုက်ရဲ့ ကျောင်းထိုင်ဆရာတော်က မိန့်ကြားပါတယ်။

အရင်က ဒီပြိုင်ပွဲတွေကို ဘုန်းကြီးကျောင်းထဲမှာ လုပ်ခွင့်မပေးခဲ့ပေမယ့် သူတို့ဘာသာ အပြင်မှာပြိုင်ဆိုင်ကြရင်း ရန်ပွဲတွေအဖြစ် အသွင်ကူးပြောင်းတာတွေ စိတ်လာတဲ့အခါမှာ ဘုန်းကြီးကျောင်းထဲမှာပဲ ပြိုင်ဖို့ စည်းကမ်းတွေ ချမှတ်ခဲ့တာဖြစ်တယ်
လို့ ဆရာတော်က ရှင်းပြပါတယ်။

ဒီပြိုင်ပွဲတွေရဲ့ အနှစ်သာရဟာ ဘာလဲလို့ မေးမြန်းကြည့်ပေမယ့် တိကျတဲ့၊ တူညီတဲ့ အဖြေမျိုးတွေ မရှိနေပဲ ကိုယ့်ယူဆချက်အတိုင်းသာ ပြောဆိုတာမျိုးတွေကိုပဲ ကြားခဲ့ရပါတယ်။

ထွေလာဂျီပေါ်က စက်ပိုင်ရှင်လည်းဖြစ်၊စက်ကိုင်လည်းဖြစ်တဲ့ ဦးပေါက “ ဒီဝင်းထဲက စက်တွေအ ကုန် ကျွန်တော့်စက်တွေဗျာ။ ဘယ်စက်နိုင်နိုင် ကျွန်တော့်ဟာပဲ။ သူတို့ဘာတွေပြိုင်လဲတော့ ကျွန် တော်လည်း မသိဘူး။ တခုပဲ နိုင်တဲ့စက်က နောက်နှစ်ပွဲရာသီမှာ ဈေးရတယ်။ ဒါပဲ ” လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀လောက်ကတည်းက အသံချဲ့ စက်ပိုင်ခဲ့တဲ့ မျိုးရိုးဖြစ်ခဲ့ပြီး လက်ရှိမှာ အသက် ၅၀ ကျော်ရှိနေပြီဖြစ်တဲ့ ဦးပေါဟာ သူ့ငယ်ဘဝမှာ အသံချဲ့စက်ဟာ ပျော်စရာတခုဖြစ်ခဲ့ပုံပါပဲ။

အဲ့ဒီကာလတွေက နံနက်တိုင်းဖွင့်တဲ့ နံနက်ချိန်ခါ တေးသံသာတွေဟာ အိပ်ရာထချိန်ကို လန်းဆန်းစေခဲ့ပြီး ညနေမှောင်ရီပျိုးပြမှာ ဖွင့်တဲ့ အသံဇာတ်လမ်းတွေနဲ့ သီချင်းတွေဟာ အိပ်ရာဝင်ချိန် အပန်းဖြေစရာတွေ ဖြစ်ခဲ့တယ်လို့ အမှတ်တရတွေကို ပြန်ပြောပြပါတယ်။

“အဲ့တုန်းက ရေဒီယိုလည်းရှိတော့ မိုးလေဝသ သတင်းလိုမျိုး ရွာနဲ့ဆိုင်တာတွေပါလာရင် အဖိုးက စက်နဲ့ပဲအော်တာ။ နာရေးတို့ သာရေးတို့ဆိုလည်း စက်နဲ့အော်ပေါ့ဗျာ။ အဲ့တုန်းက လောစပီကာတွေကို အုန်းပင်ထိပ်မှာချည်ထားတာ။ ဘယ်လောက် ကျယ် အောင်ဖွင့်ဖွင့် ဆူတယ်လို့ မခံစားရဘူး ” လို့ ဦးပေါက ရှင်းပြပါတယ်။ (ဒီပြိုင်ပွဲပြုလုပ်ခဲ့တဲ့ ကျေးရွာဟာ ဇလွန်မြို့နယ်ထဲမှာရှိပြီး ကာယကံရှင်တွေရဲ့ ဆန္ဒအရ ရွာအမည်ကိုတော့ ဖော်ပြနိုင်ခြင်း မရှိပါဘူး)

နိုင်ငံတကာမှာလည်း လော်စပီကာတွေကို သတင်းဖြန့်ဝေရေးအတွက် အသုံးပြုကြသလို အရေးပေါ် သတိပေးရမယ့် ကိစ္စတွေ၊ လုပ်ငန်းစဉ်တွေ စည်း မျဉ်းစည်းကမ်းတွေကို အသိပေးဖို့ စတဲ့ကိစ္စတွေအတွက် အသုံးပြုကြပါတယ်။

ဒီလို အသုံးပြုရာမှာလည်း သတ်မှတ် အသံနူန်းထား၊ ဒါမှမဟုတ် လော်စပီကာတွေကို သတ်မှတ်အမြင့်တနေရာမှာ ထားပြီး အသုံးပြုကြပါတယ်။ ဒါဟာ အသံညစ်ညမ်းမှုကို လျော့ချဖို့အတွက် ဖြစ်ပါတယ်။

“ အခုတော့ ငါတို့တိုင်းက လော်ရာဝတီတိုင်းလို့ နာမည်ရနေပြီဟေ့ ” လို့ ညောင်တုန်းမြို့နယ်မှာ နေထိုင်တဲ့ မနန္ဒာက ပြောပါတယ်။

လော်ရာဝတီတိုင်း။ ဒီနာမည်ဟာ ဧရာဝတီတိုင်းရဲ့ လော်စပီကာ အသုံးပြုမှုပုံစံကို ဖော်ပြနေတဲ့ နာမည် ပြောင်တခုပါပဲ။

လော်စပီကာပြိုင်ပွဲတွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် တခုအလွန်ကာလမှာမှ တွင်ကျယ်လာခဲ့တာဖြစ်ပြီး စစ် ကိုင်းနဲ့ ပဲခူးတိုင်းက ဒေသတချို့မှာလည်းရှိပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း ဒီဘက်နှစ်တွေမှာတော့ ဧရာဝတီတိုင်းရဲ့ လော်ပြိုင်ပွဲတွေက ပိုပြီးထင်ရှား ကျော်ကြားလာခဲ့ပါတယ်။

“ ဒီမှာအရမ်းဆိုးတာက လော်ပြိုင်ပွဲဆိုပြီး လုပ်တဲ့သူတွေ မဟုတ်ဘူး။ အလှူခံဆိုပြီး အပြိုင်ဖွင့်တဲ့သူတွေပဲ။ ဘယ်လိုမှ စည်းကမ်းမရှိဘူး။ ဒီနောက်ပိုင်း (အာဏာသိမ်းပြီးနောက်ပိုင်း)တွေ ပိုပိုဆိုးလာတာပဲ ” လို့ မနန္ဒာက ဆိုပါတယ်။

ဒီမှတ်ချက်ကို မအူပင်မြို့နယ်မှာနေထိုင်တဲ့ မနီနီကလည်း ထောက်ခံပါတယ်။ ကထိန်အတွက်ဆိုပြီး အလှူခံတဲ့အဖွဲ့ နှစ်ဖွဲ့ ဆုံပြီဆိုရင် ဘယ်လိုမှနေလို့မရအောင် ဖြစ်ရတယ်လို့ ပြောပါတယ်။

“အခုက လော်နဲ့ဘောက်စ် တွဲတာတွေ၊ လော်ကဆူဘောက်စ်က ဘေ့စ်သံနဲ့ အိမ်နားမှာ အပြိုင်လာဖွင့်ရင် မူးပြီးအန်ချင်လာရော။ စိတ်လည်းတိုလာပြီး လူပါသတ်ချင်လာတယ် ” လို့ မနီနီက ဆိုပါတယ်။

ဒါဟာ အသံညစ်ညမ်းမှုရဲ့ နောက်ဆက်တွဲ သက် ရောက်မှုတွေပဲဖြစ်ပါတယ်။

ဇလွန်မြို့နယ်ထဲက လော်စပီကာပြိုင်ပွဲတချို့မှာ ဒိုင်လုပ်ပေးနေသူတဦးကတော့ ဒီပြိုင်ပွဲတွေ လုပ် ဆောင်ဖို့အတွက် လိုက်နာရတဲ့ စည်းကမ်းတွေရှိကြောင်းနဲ့ အလှူခံခေါင်းစဉ်အောက်က ယှဉ်ပြိုင်မှုတွေကတော့ စည်းကမ်းမဲ့မှုတွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ ကျွန်တော်တို့နော် ရွာနဲ့ဝေးရမယ်၊ အရမ်းဆူတဲ့ သီချင်းအမျိုးအစားတွေ မဖွင့်ရဘူး၊ ကျယ်ရင်ပြီးရော မဟုတ်ဘဲနဲ့ အသံပီသဖို့ အသံကြည်ဖို့ ပညာတွေသုံးပြီး ဖွင့်ရမယ်။ လူတွေကို အနှောက်အယှက် ဖြစ်အောင် မလုပ်ရဘူး ” လို့ သူက ရှင်းပြပါတယ်။

လော်စပီကာပြိုင်ပွဲတွေ ဘာကြောင့် ဒီလောက်ထိ ကျယ်ပြန့်လာတာလဲ ဆိုတာကို မသိပေမယ့် သူ့အတွေ့အကြုံအရတော့ အလှူတွေပြီးသွားတဲ့အခါ စက်ကိုင်ကြသူတွေ အချင်းချင်း အပျော်ပြိုင်ဆိုင်
ကြပြီး ရှုံးသူက အရက်တိုက်ရတဲ့ အစဉ်အလာရှိခဲ့ဖူးတယ်လို့ ဆိုပါတယ်။

“ စည်းမဲ့ကမ်းမဲ့ ဖွင့်နေ ပြိုင်နေကြတဲ့သူတွေကိုတော့ ဥပဒေနဲ့ကိုင်တွယ်တာ ကောင်းပါလိမ့်မယ်။ ကျွန်တော်တို့ ကိုယ်တိုင်ပါ အဲ့ဒီဆူညံမှုကို မခံနိုင်ပါဘူး ” လို့လည်း သူက အကြံပြုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က ပြဌာန်းခဲ့တဲ့ ရပ်/ကျေး အုပ်ချုပ်ရေး ဥပဒေမှာ အသံချဲ့စက်ဖွင့်ခွင့် အပါအ ဝင် အခမ်းအနား၊ ပြိုင်ပွဲ၊ ပြပွဲ၊ ရိုးရာဓလေ့ပွဲများ ကျင်းပပြုလုပ်ခြင်းနဲ့ ပတ်သက်ပြီး သီးသန့် အပိုဒ်ခွဲတွေနဲ့ ပြစ်မှု၊ ပြစ်ဒဏ်တွေ ပြဌာန်းထားပါတယ်။

ဒီဥပဒေအရ ကျူးလွန်သူကို ထောင်ဒဏ် ၆ လ (သို့မဟုတ်) ငွေကျပ် ၅ သောင်း (သို့မဟုတ်) ဒဏ်နှစ်ရပ်စလုံးကို ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

အသံချဲ့စက်ကို ဖွင့်ဖို့ခွင့်ပြုရာမှာလည်း ( ၁ ) ပြည်သူများ အေးချမ်း တည်ငြိမ်စွာ လုပ်ကိုင် နေထိုင် မှုအား အနှောက်အယှက် မဖြစ်စေရ ။ ( ၂ ) သတ်မှတ် ခွင့်ပြု ထားသည့် အချိန် အပိုင်းအခြား အတွင်း၌ သာဖွင့်လှစ်ရန်။ အချိန်ကျော် လွန်၍ မဖွင့်ရန်။ အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် သတ်မှတ်ချက်ထားရှိရန်။ ( ၃ ) ခွင့်ပြု ထားသည့် ရက်အတွင်းသာ အကျုံးဝင် စေရန်။ ( ၄ ) ခွင့်ပြု ထားသည့် နေရာ၌သာ ဖွင့်လှစ်ရန် ။( ၅ ) ဘာသာ ၊ သာသနာတို့ကို ထိခိုက် စေသော ဂုဏ်သိက္ခာကျ ဆင်းစေသော အကြောင်း အရာများ ဖွင့်လှစ် ခြင်းမပြုရန်။ ( ၆ ) တာဝန်ရှိ သူများမှ အခါအား လျော်စွာ စစ်ဆေးမှူကို ခံယူ လိုက်နာရန် ။ ( ၇ ) ဤအမိန့်ကို လိုအပ်ပါကအချိန် မရွေး ပြန်လည် ရုပ်သိမ်း ခြင်းခံရမည်လို့ သတ်မှတ်ထားပါတယ်။

“ အရင်က အဲ့လောက်မဆိုးဘူး။ ဒီသုံးလေးနှစ်မှ အရမ်းဆိုးလာတာ။ ဒီနှစ်ဆိုတော်တော်ဆိုးလာတယ်။ အုပ်ကြီးဆီဖုန်းဆက်လည်း ခဏပဲ။ ထိထိရောက်ရောက် တားဆီးတာတွေ မရှိဘူး” လို့ မနန္ဒာက ဆိုပါတယ်။

မအူပင်မြို့ပေါ်မှာတော့ သတ်မှတ်ခွင့်ပြုထားတဲ့ အသံချဲ့စက်တွေ၊ အလှူခံအဖွဲ့တွေဟာ သတ်မှတ်ချက်အတိုင်းသာ အသံချဲ့စက်ဖွင့်ခွင့်ရှိပြီး ည ၈ နာရီနောက်ပိုင်း ရပ်ကွက်အတွင်း အလှူခံဝင်ရောက်
ခြင်းကို တားမြစ်ကြောင်း ရပ်ကွက်တချို့က အုပ်ချုပ်ရေးအဖွဲတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့က ကြေညာထားပါတယ်။

“ ဘုန်းဘုန်းတို့ ဗုဒ္ဓဘာသာမှာ အဲ့လိုဆူညံပေါက်ကွဲနေတာမျိုးတွေ ခွင့်မပြုထားဘူး။ ကုသိုလ်ဟာ ကုသိုလ် မဖြစ်စေတဲ့၊ ဒါနဟာ ဒါနမဖြစ်စေတဲ့ ဒီလိုအလှူခံတွေ၊ အလှူတွေကို ဘုန်းဘုန်းတို့ မကြိုဆိုဘူး။ ဒါတွေကို ကိုယ့်အတွက်ကိုယ့်ကျောင်းအတွက် အကျိုးရလာဒ် တခုခုကိုမျှော်ပြီး လက်ခံထားတယ် ဆိုရင်လည်း အဲ့ဒီကျောင်းတိုက်ဟာ၊ အဲ့ဒီဘုန်းကြီးဟာ အာပတ်သင့်မှာပဲ ” လို့ ဇလွန်မြို့နယ်ထဲက ကျေးရွာတခုမှာ သီတင်းသုံးနေတဲ့ ဆရာတော် ဦးအာလောက က မိန့်ပါတယ်။

ဆရာတော်ကျောင်းတိုက်မှာတော့ အသံချဲ့စက်ဖွင့်ခြင်းကို တားမြစ်ထားတာကြောင့် ကထိန်ဖြစ်မြောက်တဲ့ နှစ်တွေ ရှားပါးပေမယ့် ဒါဟာ ပြဿနာကြီး မဟုတ်ဘူးလို့ ဆရာတော်က ဆိုပါတယ်။

ဒီဆောင်းပါးအတွက် ဆွက်သွယ် ပြောဆိုမေးမြန်းခဲ့ကြသူတွေ အားလုံးဟာ လော်စပီကာအပါအဝင် ဆူညံသံတွေကို မနှစ်မြို့ကြဘူးလို့ ဆိုကြပါတယ်။ ဒါပေမယ့် လက်တွေ့မြေပြင်မှာတော့ လော်ရာဝတီဆိုတဲ့ အမည်ပြောင်ကို ရထားတဲ့အထိ ဧရာဝတီဟာ ဆူညံပေါက်ကွဲနေပါတယ်။

မနီနီကတော့ အလှူခံတွေနဲ့ လော်စပီကာတွေကို “ မြင်လိုက်တာနဲ့ အသံသဲ့သဲ့ကြားတာနဲ့ ကျွန်မမှာ မကောင်းဆိုးဝါးကို မြင်သလို ကြားသလိုပဲ နေစရာမရှိဘူး ” လို့ ဆိုပါတယ်။

လက်ရှိ ဧရာဝတီတိုင်းမှာ ဘုံကထိန်နဲ့ အလှူဆိုတဲ့ခေါင်းစဉ်အောက်မှာ လော်စပီကာတွေ၊ ဆောင်းဘောက်စ်တွေကို အသုံးပြုနေကြတဲ့ အသံနှုန်းထားဟာ အသံညစ်ညမ်းမှုကို ဖြစ်စေပါတယ်။ အသံ ညစ်ညမ်းမှုတွေဟာ အကြားအာရုံကိုပါ ဆုံးရှုံးစေနိုင်ပါတယ်။

ကျန်းမာတဲ့ သာမာန်လူတဦးရဲ့ အကြားအာရုံဟာ ၉၀ ဒက်ဆီဘယ်(Decibel -dB )ထိသာ နားထောင် သင့်ပါတယ်။ နေ့စဉ် ၇၅ ဒက်ဆီဘယ် နဲ့အထက် နားထောင်နေရမယ်ဆိုရင် သူ့ရဲ့အကြားအာရုံကို ထိခိုက်လာစေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုထားပါတယ်။ နေ့စဉ် ဒက်ဆီဘယ် ၁၀၀ ဝန်းကျင် နားထောင်နေရသူဟာ ဘယ်လောက်ထိ အန္တရာယ် များနိုင်ပါသလဲ။

လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာ ရေးဆိုင်ရာ အုပ်ချုပ်မှုအဖွဲ့အစည်း (OSHA) ရဲ့ ထုတ်ပြန်ချက်မှာ နေ့စဉ် ဒက်ဆီဘယ် ၁၀၀ နဲ့ အထက်နားထောင်နေသူတွေဟာ နာကျင်မှုဝေဒနာကို ခံစားရပြီး အကြားအာရုံချို့ယွင်းလာနိုင်တယ်
လို့ ဆိုထားပါတယ်။

ဦးပေါ ကတော့ “အသံချဲ့စက်တွေဟာမကောင်းဆိုး ဝါးတွေ မဟုတ်ပါဘူး။ တလွဲသုံးနေသူတွေသာ မကောင်းဆိုးဝါးတွေပါ ” တဲ့။