ရုရှားရဲ့အကြီးဆုံးရေနံကုမ္ပဏီနှစ်ခုကို အမေရိကန် ပိတ်ဆို့အရေးယူ

ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုအတွက်  အမေရိကန်က ရုရှားကို ပထမဆုံး တိုက်ရိုက်အရေးယူတာလည်း ဖြစ်ပါတယ်။

၂၃ ၊ အောက်တိုဘာလ

အမေရိကန်အစိုးရက ရုရှားရဲ့အကြီးဆုံး ရေနံကုမ္ပဏီနှစ်ခုဖြစ်တဲ့ Rosneft နဲ့ Lukoil ကို အောက်တိုဘာ ၂၂ရက်နေ့မှာ အရေးယူပိတ်ဆို့လိုက်ပါတယ်။

အခုလိုကန့်သတ်တာဟာ ရုရှားသမ္မတ ပူတင်ရဲ့ ငွေကြေးအင်အားကို လျော့ချဖို့နဲ့ ယူကရိန်းမှာ စစ်ပွဲရပ်ရေး ကြိုးပမ်းနေတဲ့ သမ္မထရမ့်ရဲ့ အားထုတ်မှုကို အထောက်အကူဖြစ်စေဖို့ ရည်ရွယ်တာပါ။

ဒါ့အပြင် ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုအတွက်  အမေရိကန်က ရုရှားကို ပထမဆုံး တိုက်ရိုက်အရေးယူတာလည်း ဖြစ်ပါတယ်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆန့်က “သမ္မတ ပူတင်အနေနဲ့ အဓိပ္ပာယ်မရှိတဲ့ ဒီစစ်ပွဲကို အဆုံးသတ်ဖို့ ငြင်းဆန်နေတဲ့အတွက်၊ ကရင်မလင်နန်းတော်ရဲ့ စစ်ယန္တရားကို ငွေကြေးထောက်ပံ့ပေးနေတဲ့ ရုရှားရဲ့ အကြီးဆုံး ရေနံကုမ္ပဏီနှစ်ခုကို ဘဏ္ဍာရေးဌာနက ပိတ်ဆို့အရေးယူလိုက်ပါပြီ။” လို့ ပြောပါတယ်။

နောက်ထပ်အရေးယူပိတ်ဆို့မှုတွေအတွက်လည်း ပြင်ဆင်နေတာကြောင့် မဟာမိတ်တွေအနေနဲ့ ပူးပေါင်းကြဖို့ ဝန်ကြီးက တိုက်တွန်းခဲ့ပါတယ်။

အမေရိကန်ဆိုင်ရာ ယူကရိန်းသံအမတ် အိုလ်ဟာ စတက်ဖန်နီရှန်က အမေရိကန်အစိုးရရဲ့ လုပ်ရပ်ကို ချီးမွမ်းခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်မှာ ဗြိတိန်က ရုရှားရဲ့ အဆိုပါ ရေနံကုမ္ပဏီနှစ်ခုကို ပိတ်ဆို့အရေးယူမှုတွေ ထုတ်ပြန်ခဲ့ပြီး၊ ဥရောပသမဂ္ဂကလည်း ရုရှားကနေ သဘာဝဓာတ်ငွေ့ တင်သွင်းမှု ပိတ်ပင်တာအပါအဝင် မော်စကိုအပေါ် ပြစ်ဒဏ် ၁၉ ခုမြောက် ချမှတ်မယ့် အစီအစဉ်ကို ကြေညာသွားဖို့ ရှိနေပါတယ်။

အရေးယူမှုတွေထွက်ပေါ်လာပြီးနောက် ကမ္ဘာ့ဈေးကွက်မှာ ရေနံစိမ်းဈေး ၄ ရာခိုင်နှုန်းကျော် မြင့်တက်သွားတယ်လို့ သိရပါတယ်။

Ref – Financial Times