
“ဒီမှာက အပိုင်းလိုက်ကို ခေါ်တာ။ ဒီနေ့ ဒီလမ်းဆိုရင် ဒီလမ်းကလူတွေ လာကြည့်ကြ ဆိုပြီး လော်နဲ့လိုက်အော်တယ်။ အကြောင်းတခုခုကြောင့် သွားမကြည့်ဖြစ်ရင် ဖုန်းဆက်ခေါ်တယ်။
၂၂၊ အောက်တိုဘာလ။
ဒီဇင်ဘာရွေးကောက်ပွဲအတွက် မဲစာရင်း ကြေညာခဲ့ပြီးနောက် မဲစာရင်း စစ်ဆေးတာ၊ ကန့်ကွက်တာနဲ့ ပြင်ဆင်တောင်းဆိုရမယ်လို့ သတ်မှတ်ပေးထားတဲ့ ရက်တွေကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ ဒါပေမယ့် ပြည်သူ အများစုကတော့ မဲစာရင်းကို ဖြူသလား၊မဲသလားတောင် စိတ်မဝင်စားခဲ့ပါဘူး။
“သူတို့ ယုံကြည်အားကိုးတဲ့ ပါတီမရှိဘူးဆိုတဲ့ သဘော သူတို့စိတ်ထဲမှာရှိတယ်”လို့ ဧရာဝတီတိုင်းအတွင်းက ၈၈ မျိုးဆက်ကျောင်းသားဟောင်းတဦးလည်းဖြစ်တဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုရွှေသိန်း(အမည်လွဲ)က ပြောပါတယ်။ ရွေးကောက်ပွဲ တစုံလုံးအပေါ်မှာတောင် ယုံကြည်မှု မရှိတဲ့အတွက် မဲစာရင်းဆိုတာကိုတော့ ဖြူသလား၊မဲသလားတောင် စိတ်မဝင်စားကြဘူးလို့ ဆိုပါတယ်။
🔹 မဲစာရင်းမှားလို့ အာဏာသိမ်းတယ်ဆိုတဲ့သူ လုပ်တဲ့ မဲစာရင်းကရော မှန်သလား
ရွေးကောက်ပွဲကော်မရှင်က ပထမအကြိမ် မဲစာရင်းကပ်အပြီး မဲစာရင်း စစ်ဆေးတာ၊ကန့်ကွက်တာနဲ့ ပြင်ဆင်ဖို့ တောင်းဆိုလိုရမယ့် ရက်သတ္တပတ်အဖြစ် စက်တင်ဘာ ၃၀ ရက်နေ့ကနေ အောက်တို ဘာ ၁၃ ရက်နေ့ အထိ နှစ်ပတ်တာ သတ်မှတ်ပေးခဲ့ပါတယ်။ ဒီအချိန်မှာပဲ မဲစာရင်းတွေက သိသိသာ သာ အမှားအယွင်းတွေ ရှိနေတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
ဒါကလည်း လူထုက စိတ်ဝင်တစား မဲစာရင်းစစ်လို့ မဲစာရင်းအမှားတွေ တွေ့ရတာ မဟုတ်ပဲ စစ်ဗိုလ်ချုပ်ဟောင်း ကြံ့ခိုင်ရေးအမတ် ဘူးလက်လှဆွေက တစ်တော့ လူမှုကွန်ရက်မှာ မဲစာရင်း အမှားတွေများတယ်ဆိုပြီး ဝေဖန်တဲ့အတွက် လူတွေသတိထားမိတာသာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ စစ်တပ် လော်ဘီ တချို့ကလည်း မဲစာရင်းအမှားအယွင်းတွေကို လူသိရှင်ကြား ပြောဆိုကြတာ ရှိခဲ့ပါတယ်။
မဲစာရင်း အမှားတွေကို လူသိထင်ရှား ပြောဆိုတဲ့သူ နောက်တဦးကတော့ လယ်သမားအရေး တက်ကြွလှုပ်ရှားသူ အဖြစ်လူသိများခဲ့တဲ့ ဒေါ်စုစုနွေး ဖြစ်ပါတယ်။ ပြည်သူ့ပါတီ ဗဟိုစည်းရုံးရေးတာဝန်ခံ ကိုမာကီ(ခေါ်) ကိုကျော်ကျော်ထွေးရဲ့ ဇနီးဖြစ်တဲ့ ဒေါ်စုစုနွေးဟာ ဖေ့ဘွတ်လူမှုကွန်ရက်မှာ “ နကစ မှ တာဝန်ယူပေးပါ။ မြို့နယ်တိုင်း မဲစာရင်းတွေ မှားနေတယ်။ မဲစာရင်းကို တမင် ရည်ရွယ်ချက်ရှိရှိ မှားအောင် လုပ်ထားတာလား ။ အရှက်ရှိကြပါ” လို့ ရေးသားခဲ့ပါတယ်။
အဲဒါကြောင့်ပဲ ရွေးကောက်ပွဲကော်မရှင်က မဲစာရင်းတွေ စစ်ဆေးဖို့၊ကန့်ကွက်ဖို့နဲ့ ပြင်ဆင်ဖို့ဆိုတဲ့ ရက် ကို ၇ ရက်ထပ်တိုးပြီး အောက်တိုဘာ ၂၀ ရက်နေ့အထိ သတ်မှတ်ခဲ့ရပါတယ်။ ဒီအချက်တွေဟာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အတွက်တော့ အကြီးအကျယ် အရှက်ရစရာ အခြေအနေပါ။ ဒီချုပ်အစိုးရလက်ထက်မှာ ကျင်းပခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်မှာ မဲစာရင်းမှားနေလို့ အာဏာသိမ်းပါတယ် ဆိုပြီး အကြောင်းပြခဲ့တဲ့နောက် စစ်ကော်မရှင် ဦးဆောင်မယ့် ရွေးကောက်ပွဲ မဲစာရင်းတွေကလည်း မှားယွင်းနေတယ်လို့ စစ်တပ် ထောက်ခံသူတွေ ကိုယ်တိုင်က ပြန်လည်ဝေဖန်ခံနေရတာပါ။
🔹 ဧရာဝတီမှာ ဘယ်လောက်မှားလဲ
ဧရာဝတီတိုင်းမှာလည်း မဲစာရင်းအခြေအနေကို စောင့်ကြည့်နိုင်မယ့် အဖွဲ့အစည်း၊လူပုဂ္ဂိုလ် အခြေ အနေက အားနည်းချက်တွေ ရှိနေပါတယ်။ လူထုက မဲစာရင်းကပ်တဲ့ နေရာကို လာမကြည့်ဘူး၊ရွေးကောက်ပွဲကို စိတ်မဝင်စားဘူးဆိုတဲ့ အသံတွေကို ကျေးလက်၊မြို့ပြ နေရာတိုင်းမှာ ကြားရပါတယ်။
“အများစုက မဲစာရင်းမှာ ကိုယ့်နံမည် ပါနေလား မပါဘူးလား ဆိုတာကိုတောင် မသိကြဘူး။ လယ်တီကွင်း၊ အေးမြသာယာ၊ တာကလေး ဒီသုံးခုကို သွားလေ့လာခဲ့တာ အဲလိုတွေ့ရတယ်။ လူထုကလည်း ကိုယ်တိုင် မစစ်နိုင်သလို ပါတီကိုယ်စားလှယ်တွေ ဘက်ကလည်း အဲဒါတွေ လိုက်လုပ်နိုင်လောက်တဲ့ အင်အားမရှိနေဘူး”လို့ ဟင်္သာတမြို့က ပြည်သူ့ပါတီဝင် တဦးက ပြောပါတယ်။
တသီးပုဂ္ဂလ အနေနဲ့ ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်နေတဲ့ နိုင်ငံရေးတက်ကြွလှုပ်သူ ကိုရွှေသိန်းက မြေပြင်မှာရှိတဲ့ ရပ်ကျေးလူစာရင်းက လဝက စာရင်းထက် ပိုများနေတာ တွေ့ရတယ်လို့ ပြောပါတယ်။
“မြေပြင်မှာ လဝက စာရင်းမဝင်တဲ့သူတွေက အများကြီး ဖြစ်နေတယ်။တချို့က မှတ်ပုံတင် မရှိဘူး ။ လူဦးရေက ရှိတယ် လဝက စာရင်းမှာ မဝင်ဘူး။ အဲလိုတွေ အများကြီး ဖြစ်နေတယ်”လို့ ဆိုပါတယ်။ လောလောဆယ်တွေ့ရှိချက်အရ ဧရာဝတီ တိုင်းအတွင်းမှာ မဲစာရင်း အကွာဟဆုံး မြို့နယ်က ဇလွန်မြို့နယ်ဖြစ်ပြီး မဲစာရင်းရှိ လူဦးရေနဲ့ လဝက လူဦးရေက ၄ သောင်းနီးပါး ကွာဟနေတယ်လို့ ကိုရွှေသိန်းက ပြောပါတယ်။
🔹 အရပ်ကူပါ၊လူဝိုင်းပါ
ဧရာဝတီတိုင်းရဲ့ တချို့ရပ်ကျေး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ တွေကတော့ ဒေသခံတွေကို မဲစာရင်း လာကြည့်ဖို့ တွန်းတွန်းတိုက်တိုက် လှုံ့ဆော် တာမျိုး ရှိပါတယ်။
“အုပ်ကြီးက ကျွန်မကို ဖုန်းဆက်လာတာ။ မဲစာရင်း လာကြည့်ပေါ့ တကယ်လို့ ကျွန်မက မဲစာရင်း လာမကြည့်ဘူး ဆိုရင် ဖြစ်လာမယ့် ကိစ္စတွေကို အာမမခံဘူးပေါ့။ သူကဘာလို့မပြောပေမယ့်အရင်ကတည်း
က ကိုယ်ဘာလဲဆိုတာကို သူတို့က သိနေတာဆိုတော့ ဒီလောက်ကလေးနဲ့တော့ ပြဿနာ အဖြစ်မခံတော့ပါဘူးလေဆိုပြီး သွားကြည့်လိုက်တယ်”လို့ ကျုံပျော်မြို့သူ အမျိုးသမီတဦးက ပြောပါတယ်။
တမြို့နယ်လုံးမှာ လူစာရင်း ၄ သောင်းကျော် အမှားအယွင်းများခဲ့တဲ့ ဇလွန်မြို့နယ်မှာလည်း ရွာထဲ အသံချဲ့စက်နဲ့ ခေါ်တာ ၊ တဦးချင်း ဖုန်းဆက်ခေါ် တာတွေ ရှိတယ်လို သိရပါတယ်။
“ဒီမှာက အပိုင်းလိုက်ကို ခေါ်တာ။ ဒီနေ့ ဒီလမ်းဆိုရင် ဒီလမ်းကလူတွေ လာကြည့်ကြ ဆိုပြီး လော်နဲ့လိုက်အော်တယ်။ အကြောင်းတခုခုကြောင့် သွားမကြည့်ဖြစ်ရင် ဖုန်းဆက်ခေါ်တယ်။ ပြောတာတော့ ကောင်းကောင်းပဲ မဲစာရင်း ကြည့်တာပဲ မပင်ပန်းပါဘူး လာကြည့်လိုက်ပေါ့ မဟုတ်ရင် နောက်ဆက်တွဲ ပြဿနာတွေဖြစ်ရင် မကောင်းဘူးပေါ့။ ဘာဖြစ်မယ်လို့တော့ မပြောဘူး ” လို့ ဇလွန်မြို့နယ်မှာ နေထိုင်သူ တဦးက ပြောပါတယ်။
လူထုက စိတ်ဝင်စားမှုနည်းပေမယ့် ပထမအကြိမ် မဲစာရင်းကြေညာတဲ့ အစီအစဉ်ကတော့ ပြီးဆုံးသွားပါပြီ။ ဒုတိယအကြိမ် မဲစာရင်းကို နိုဝင်ဘာလထဲမှာ ထပ်မံကြေညာမယ်လို့ ရွေးကောက်ပွဲ ကော်မရှင် က ထုတ်ပြန်ထားပေမယ့် အခုအချိန်အထိတော့ ရက်အတိအကျ မသိရသေးပါဘူး။
စစ်ကော်မရှင်ဘက်တော့ လူထုထောက်ခံသည် ဖြစ်စေ ၊ မထောက်ခံသည် ဖြစ်စေ ၊ စိတ်ဝင်စား သည် ဖြစ်စေ ၊ စိတ်မဝင်စားသည် ဖြစ်စေ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ရွေးကောက်ပွဲကို အပိုင်းလိုက် စတင် လုပ်သွားဖို့ စိုင်းပြင်း နေပြီ ဖြစ်ပါတယ်။ နောက် ၆ ရက်အကြာ ၊ အောက်တိုဘာ ၂၈ ရက်နေ့ မနက် ၆ နာရီက စတင်ပြီး ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် နိုင်ငံရေးပါတီတွေနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ် လောင်းတွေက လူထုကို ရက်ပေါင်း ၆၀ ၊ နှစ်လ အကြာ မဲဆွယ်စည်းရုံးတော့မှာပါ။