အင်ဒိုနီးရှားအစိုးရက TikTok ကုမ္ပဏီ ကို မှတ်ပုံတင်ခွင့် ရပ်ဆိုင်း


TikTok ဟာ အင်ဒိုနီးရှားရဲ့ ပြည်တွင်း လုပ်ထုံးလုပ် နည်းအရ အချက်အလက်တွေကို အပြည့်အဝမပေးတာကြောင့် အခုလို မှတ်ပုံတင်ခွင့်ရပ်ဆိုင်းထားရတယ်လို့ အစိုးရအရာရှိတဦးကပြောပါတယ်။

၃ ၊ အောက်တိုဘာလ

အင်ဒိုနီးရှားနိုင်ငံမှာ Tik Tok ကုမ္ပဏီဟာ တိုက်ရိုက် ထုတ်လွှင့်မှု (live stream) စနစ်နဲ့ ပတ်သတ်တဲ့ အချက်အလက်အားလုံးကို အစိုးရဆီ လွှဲပြောင်းပေးဖို့ ပျက်ကွက်ခဲ့တဲ့အတွက် မှတ်ပုံတင်ခွင့်ကို ဆိုင်းငံ့လိုက်တယ်လို့ အစိုးရအရာရှိတစ်ဦးက ဒီကနေ့မှာ ပြောပါတယ်။

အဆိုပါ ဆိုင်းငံ့မှုအရ အင်ဒိုနီးရှားနိုင်ငံမှာ အသုံးပြုနေတဲ့ Tik Tok အကောင့် သန်း ၁၀၀ ကျော်ကို အသုံးပြုခွင့် ပိတ်ပင်နိုင်ပေမယ့် ဒီကနေ့ အောက်တို ဘာ ၃ရက်နေ့အထိ ပုံမှန်အတိုင်း သုံးလို့ရသေးတယ်လို့ သိရပါတယ်။

မှတ်ပုံတင်ခြင်းဆိုင်ရာ စည်းမျဉ်းအရ အင်ဒိုနီးရှား လိုင်စင်စည်းမျဉ်းတွေကို လက်မှတ်ရေးထိုးထားတဲ့ ဘယ်ကုမ္ပဏီမဆို အစိုးရဆီကို အချက်အလက်တွေ ပေးရမှာဖြစ်ပြီး မပေးပါက ပိတ်ဆို့ခံရနိုင်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့လပိုင်းက နိုင်ငံလုံးဆိုင်ရာ ဆန္ဒပြပွဲတွေအတွင်းမှာ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေနဲ့ ဆက်နွယ်တဲ့ အကောင့်တချို့ဟာ TikTok ရဲ့ တိုက် ရိုက်ထုတ်လွှင့်မှုစနစ်ကို အသုံးပြုခဲ့တယ်လို့ အင်ဒိုနီးရှား ဆက်သွယ်ရေးနဲ့ ဒစ်ဂျစ်တယ်ဝန်ကြီးဌာနရဲ့ အရာရှိတစ်ဦးဖြစ်သူ Alexander Sabar ကထုတ်ပြန်ချက်မှာ ပြောခဲ့ပါတယ်။

TikTok ဟာ အင်ဒိုနီးရှားရဲ့ ပြည်တွင်း လုပ်ထုံးလုပ် နည်းအရ အချက်အလက်တွေကို အပြည့်အဝမပေးတာကြောင့် အခုလို မှတ်ပုံတင်ခွင့်ရပ်ဆိုင်းထားရတယ်လို့ သူက ဆက်ပြောပါတယ်။

ကမ္ဘာ့တတိယအကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားမှာ လွှတ်တော်အမတ်တွေရဲ့ အလွန်အကျွံ့အသုံးစရိတ်နဲ့ ပတ်သတ်ပြီး သြဂုတ်လနှောင်းပိုင်းကနေ စက်တင်ဘာလအထိ ဆန္ဒပြပွဲတွေ ပြင်းထန် ခဲ့ပါတယ်။

အဲ့ဒီဆန္ဒပြပွဲတွေ အတွင်းမှာ Tik Tok ဟာ သူ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုစနစ်ကို ယာယီရုတ်သိမ်းလိုက်ပြီး သုံးစွဲသူတွေ ဘေးကင်းလုံခြုံရေးအတွက် ရည်ရွယ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

တရုတ်နိုင်ငံအခြေစိုက် ByteDance ကုမ္ပဏီက ပိုင်ဆိုင်တဲ့TikTok ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မိမိတို့အနေနဲ့ ဈေးကွက်လည်ပတ်နေတဲ့နိုင်ငံရဲ့ ဥပဒေတွေကို လေးစားကြောင်းနဲ့ ဒီကိစ္စကို ဒစ်ဂျစ်တယ်ဝန်ကြီးဌာနနဲ့အတူ ဖြေရှင်းဖို့ လုပ်ဆောင် နေတယ်လို့ အသိပေးခဲ့ပါတယ်။

Ref-reuters