တကယ်တော့ မဲစာရင်းအတွက် စာရင်းကောက်တာတွေ ဘာတွေလည်း လုပ်ခဲ့တာ မဟုတ်တော့ သူတို့လဝကမှာရှိနေတဲ့ စာရင်းတွေကို လာကပ်သွားတဲ့သဘောပဲ။
၂၊ အောက်တိုဘာလ။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က မဲစာရင်းတွေကြည့်ကြဖို့အတွက် မိုဘိုင်းလ်ဖုန်းတွေကို SMS (မက်ဆေ့ချ်) တွေပေးပို့နေပေမယ့် ဧရာဝတီတိုင်းထဲက တချို့နေရာတွေမှာတော့ မဲစာရင်းအပြည့်အစုံ ကပ်နိုင်ခြင်း မရှိသေးသလို မဲစာရင်းမှားတာတွေ ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
“ ကျွန်တော်တို့ဆီတော့ ကပ်ထားပြီ။ ကပ်တာကလည်း စာရင်းဖြစ်တယ်ဆိုရုံပဲ ကပ်တာ။ စာရင်းထဲကလူတွေမှာ မရှိတဲ့သူတွေလည်းရှိတယ်။ ရွာဘက်တွေကို ကျွန်တော် လှမ်းမေးတော့ တချို့ရွာတွေ မကပ်ရသေးဘူးပြောတယ်။ ကျွန်တော်တို့ဆီလည်း ဒီနေ့မှကပ်တာ ” လို့ ဟင်္သာတမြို့နယ် ဒေသခံတဦးက ပြောပါတယ်။
ဇလွန်မြို့နယ်၊ ကျုံပျော်မြို့နယ်၊ ညောင်တုန်းမြို့နယ်တွေထဲမှာလည်း မဲစာရင်း မကပ်နိုင်သေးတဲ့ ရွာတချို့ ရှိနေသေးတယ်လို့ DNA ရဲ့ သတင်းရင်းမြစ်တွေက ပြောကြပါတယ်။ ဒါပေမယ့် မြို့ပေါ်တွေမှာတော့ အသံချဲ့စက်နဲ့ မဲစာရင်းကြည့်ကြဖို့ လိုက်လံကြေညာတာတွေ ပြုလုပ်ပြီး အမှားပြင်ကြဖို့ သတိပေးတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
“ တကယ်တော့ မဲစာရင်းအတွက် စာရင်းကောက်တာတွေ ဘာတွေလည်း လုပ်ခဲ့တာ မဟုတ်တော့ သူတို့လဝကမှာရှိနေတဲ့ စာရင်းတွေကို လာကပ်သွားတဲ့သဘောပဲ။ ဘယ်သူမှ သေချာတိုက်စစ်ပြီး ကြည့်တာမျိုး မရှိသေးတာတောင် ဟဲ့ ဟိုလူ့နာမည်ပါလာတယ်။ ဒီလူ့နာမည်ပါလာတယ်နဲ့တော့ ဆူနေတာပဲ။ တကယ်လည်း ရွာမှာမရှိတော့တဲ့သူတွေရဲ့ နာမည်တွေပါနေတာ ” လို့ ကျုံပျော်မြို့နယ် ဒေသခံ တဦးက ပြောပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က မဲစာရင်းတွေကို ရပ်ကွက် ဒါမှမဟုတ် ကျေးရွာအုပ်စုတွေရဲ့ ကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ စက်တင်ဘာ ၃၀ ရက်ကစလို အောက်တိုဘာ ၁၃ ရက်နေ့ထိ ပထမအကြိမ်အဖြစ် ကပ်ထားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီထုတ်ပြန်ချက်ထဲမှာ အမည်မပါတာ၊ မှားယွင်းနေတာတွေအတွက် လျှောက်ထားပြင်ဆင်နိုင်ဖို့အတွက် ကော်မရှင်ရုံးခွဲတွေကတဆင့် လျှောက်ထားနိုင်တယ်လို့ပါရှိပါတယ်။
ဒါအပြင် ယာယီနေရပ်စွန့်ခွာနေရသူများလို့ သုံးနှုံးထားတဲ့ စစ်ရှောင်တွေအနေနဲ့ ကြိုတင်မဲပေးနိုင်ဖို့အတွက် မြို့နယ်ကော်မရှင်အဖွဲ့ခွဲကို လျှောက်ထားရမယ်လို့ ဆိုထားပါတယ်။
“ အရင်ကတော့ မဲစာရင်းထုတ်ပြန်ဖို့အတွက် မဲစာရင်းကောက်ရတယ်။ အဲ့လိုပဲအမြဲလုပ်ခဲ့တယ်။ မဲစာရင်းမှာ တခုခုမှားနေရင်လည်း ကပ်ထားတဲ့နေရာမှာပဲ တခါတည်းပြောပြခဲ့ရုံပဲ ကျန်တာ ကော်မရှင်အဖွဲ့က လုပ်ပေါ့လေ။ ခုပုံစံက လုပ်ငန်းစဉ်နဲ့တင် စာရင်းအမှားကို ပြင်ချင်စိတ်မရှိတော့ဘူး ” လို့ ၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ်တွေမှာ ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖြစ် အလုပ်လုပ်ကိုင်ခဲ့တဲ့ မစန္ဒီ က ရှင်းပြပါတယ်။