ခရီးသွားရာသီပြန်စဖို့ ဒေသခံတွေ ပြင်ဆင်နေ

၂၊အောက်တိုဘာလ။

“လမ်းမှာ စစ်တပ်နဲ့ ရဲတွေက စစ်ဆေးတာတွေ တော့ရှိတယ်။ကမ်းခြေမှာက စည်ကားတာ မရှိသေးဘူး။ဆိုးတာက ညမထွက်ရအမိန့် နဲ့ စစ်တပ်နဲ့ရဲက မထင်ရင် မထင်သလို ဖမ်းဆီးပြီး တပ်ထဲ အတင်းအကြပ်ထည့်တာ၊ငွေညစ်တောင်းတာတွေ ရှိတယ်ဆိုတဲ့ သတင်းတွေ ရှိနေတော့ ကမ်းခြေ လာ အပန်းဖြေရတာက ကျီးလန့်စာစား နေရသလိုပါပဲ”

ဧရာဝတီတိုင်းအတွင်းက ကမ်းခြေတွေဖြစ်တဲ့ ငွေဆောင်၊ဂေါ်ရင်ဂျီ၊ချောင်းသာ၊ရွှေသောင်ယံ ကမ်းခြေတွေအတွက် သတင်းကျွတ် အလုပ်ပိတ်ရက်တွေမှာ ဧည့်သည်တွေ ဒေသခံတွေက မျှော်လင့်နေပါတယ်။

“ရွှေသောင်ယံ နားက ဘောမိ၊မကျီးဇင်ဘက်မှာ တိုက်ပွဲတွေဖြစ်တော့ ဒေသခံတွေ ကလည်း စစ်ရှောင်ကြ၊ဟိုတယ်တွေလည်း ပိတ်ဆိုတော့ ဧည့်သည် မလာတော့ဘူး။ ပြီးခဲ့တဲ့ နွေရာသီက နည်းနည်းပြန်လာတယ်။ ခုခရီးသွား ပွင့်လင်းရာသီ ရောက်ရင် လုပ်ငန်းတွေ ပြန်ကောင်း လာစေချင်တယ်” လို့ ချောင်း သာ ဒေသခံတဦး  က DNA ကို ပြောပါတယ်။ ပြည်တွင်း၊ပြည်ပ ခရီးသွားတွေနဲ့ အရှိန်ရနေတဲ့ ဧရာဝတီတိုင်းက ကမ်းခြေတွေမှာ ကိုဗစ်ကပ်ရောဂါ ဒုတိယလှိုင်းမှာ ခရီးသွားလုပ်ငန်းတွေ ရပ်တန့်သွားခဲ့တာ အခုချိန်အထိ ပုံမှန်အခြေအနေကို ပြန်မရောက်လာသေးဘူးလို့ ဆိုပါတယ်။

လက်တလော အချိန်မှာလည်း သီတင်းကျွတ်ကာလ အားလပ်ရက်နီးလာပြီ ဖြစ်ပေမယ့် ပင်လယ်ကမ်းခြေက ဟိုတယ်တွေကို ကြိုတင်အခန်းမှာယူမှုက ၃၅ ရာနှုန်းခန့်သာ ရှိနေသေးတယ်လို့ ဟိုတယ်ဇုံသတင်းရင်းမြစ်က ပြောပါတယ်။

နိုဝင်ဘာလထဲမှာ လေဖိအားနည်း ရပ်ဝန်းတွေ၊တိုက်ဖွန်းမုန်တိုင်းတွေဟာ ဘင်္ဂလားပင်လယ်နဲ့ တောင်တရုတ်ပင်လယ်တွေအတွင်း တခုပြီးတခု ရှိနေတဲ့အတွက်လည်း ဒေသတွင်းမှာ မိုးများနေခဲ့တာ ဖြစ်ပါတယ်။

“ချောင်းသာ ခရီးသွားနှုန်းက ဒီရက်တွေမှာ တော်တော်လူပါးတယ်။လိုင်းကားတွေက ၂ နာရီခြား တစီးထွက်တာ တစီး ၁၀ ယောက်ဝန်းကျင်ပဲ ။ခရီးသွားနှုန်း ဒီရက်မှာ နည်းတယ်။ သီတင်းကျွတ် ဘွတ်ကင်ကလည်း နှစ်တိုင်းဆိုများတယ်။ဒီနှစ်ပါးတယ်”လို့ ပုသိမ်မြို့မှာရှိတဲ့ ချောင်းသာကားဂိတ်က ဂိတ်မှူးတဦးက ပြောပါတယ်။

၂၀၂၅ နှစ်ဆန်းပိုင်းက စတင်ပြီး အာရက္ခတပ်တော်ရဲ့ ထိုးစစ်ကြောင့် ရခိုင်ပြည်နယ် ဂွမြို့ကတဆင့် ဧရာဝတီတိုင်းအတွင်းက ကမ်းရိုးတမ်းတလျှောက်မှာ တိုက်ပွဲတွေ ဖြစ်ပေါ်ခဲ့ပြီး ဒေသတွင်း မတည်ငြိမ်မှုကြောင့် ဒေသခံတွေ စစ်ဘေးရှောင်ရတာတွေ ရှိခဲ့ပါတယ်။

 

ချောင်းသာ၊ငွေဆောင်နဲ့ ရွှေသောင်ယံ ကမ်းခြေ ဒေသခံအချို့ဟာ ပုသိမ်မြို့ နဲ့ ရန်ကုန်မြို့ကို စစ်ရှောင်ခဲ့ကြရပါတယ်။ ဩဂုတ်လ ဒုတိယပတ်အတွင်းမှာတော့ ပုသိမ်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က စစ်ရှောင် ၈၂၅၉ ယောက်ကို တဦးလျှင် ခြောက်သောင်းကျပ်ပေးပြီး နေရပ်ဒေသတွေကို ပြန်ခိုင်းခဲ့ပါတယ်။

ဒေသတွင်း မတည်ငြိမ်မှုတွေနဲ့ ၊ အတင်းအဓမ္မ စစ်သားစုဆောင်းတာတွေ ၊ ပေါ်တာဆွဲတဲ့ သတင်းတွေကြောင့်လည်း ခရီးသွားလုပ်ငန်း ပြန်လည် နလံထူဖို့ အခက်အခဲ ဖြစ်နေတယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

“လမ်းမှာ စစ်တပ်နဲ့ ရဲတွေက စစ်ဆေးတာတွေ တော့ရှိတယ်။ကမ်းခြေမှာက စည်ကားတာ မရှိသေးဘူး။ဆိုးတာက ညမထွက်ရအမိန့် နဲ့ စစ်တပ်နဲ့ရဲက မထင်ရင် မထင်သလို ဖမ်းဆီးပြီး တပ်ထဲ အတင်းအကြပ်ထည့်တာ၊ငွေညစ်တောင်းတာတွေ ရှိတယ်ဆိုတဲ့ သတင်းတွေ ရှိနေတော့ ကမ်းခြေ လာ အပန်းဖြေရတာက ကျီးလန့်စာစား နေရသလိုပါပဲ” လို့ တက္ကသိုလ် စာမေးပွဲအပြီး ငွေဆောင်ကမ်းခြေ အပန်းဖြေခရီးက ပြန်လာတဲ့ လူငယ်တဦးက ပြောပါတယ်။

ဧရာဝတီတိုင်းတွင်းက အပန်းဖြေ ကမ်းခြေဒေသတွေထဲက ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် အများ ဆုံး လာရောက်တဲ့ ငွေဆောင်ကမ်းခြေမှာ ဟိုတယ် ၃၃ လုံး နဲ့ တည်းခိုဆောင် ၄၆ လုံး ရှိပြီး ပြည်တွင်း ခရီးသွား ဧည့်သည် အများစု လာ‌ရောက်အပန်းဖြေတဲ့ ချောင်းသာကမ်းခြေမှာ ဟိုတယ် ၃၉ လုံး နဲ့တည်း ခိုဆောင် ၅၉ လုံးရှိပါတယ်။

ချောင်းသာ၊ငွေဆောင် ကမ်းခြေဒေသကို ခရီးသွား ပွင့်လင်းရာသီ ( အောက်တိုဘာလမှ နောက်နှစ် ဧပြီလကုန်အထိ) တနှစ်ပတ်လည် ဧည့်သည်ဝင်ရောက်မှု့က ၅ သိန်းပတ်ဝန်းကျင် လာလေ့ရှိတယ်လို့ ချောင်းသာမြို့ အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။